၂၀၂၁ ငရဲပြည် (သို့မဟုတ်) စစ်အာဏာသိမ်းခံထားရသည့် မြန်မာပြည်

ဒီဇင်ဘာ 6, 2021

သုတေသနနည်းလမ်း

ဤသုတေသနစာတမ်း ပြုစုရာတွင် ထုတ်ဝေပြီးသော သုတေသနများ၊ အစီရင်ခံစာများ၊ ထုတ်ပြန်ချက်များအား ဖတ်ရှုလေ့လာကာ သုံးသပ်ပြုစုထားသည်။ အချက်အလက်နှင့် ဖြစ်စဥ်များကို လွတ်လပ်သော အွန်လိုင်းသတင်းမီဒီယာများအား နေ့စဉ်စောင့်ကြည့်လေ့လာခြင်းမှ ရရှိသော ဒေသတာများနှင့် နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ထုတ်ပြန်ရရှိသော အချက်အလက်အချို့အပေါ် အခြေခံထားသည်။ သုတေသနကို ခွဲခြမ်းစိတ်ဖြာရာတွင် ခြုံငုံသုံးသပ်နည်းကို အသုံးပြုထားသည်။

နောက်ခံအကျဥ်း

၂၀၂၀ ပြည့်နှစ်ကတည်းက ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် မြန်မာနိုင်ငံအတွက် စိုးရိမ်ပူပန်မှုများစွာဖြင့် ရင်ဆိုင်ခဲ့ရသော နှစ်တနှစ်ဖြစ်ခဲ့သည်။ ၂၀၂၀၊ မတ်လ ၂၃ ရက်နေ့တွင် ကိုဗစ် အတည်ပြု လူနာက်ို စတင်တွေ့ရှိရပြီး မြန်မာနိုင်ငံပြည်သူများဆီသို့ ရောက်ရှိလာခဲ့သည်။ ကိုဗစ်ကပ်ရောဂါနှင့်အတူ ပညာရေးနှင့် သင်ယူလေ့လာမှုများရပ်နားလိုက်ရခြင်း၊ စီးပွားရေးလုပ်ငန်းအချို့ရပ်ဆိုင်းရခြင်း၊ လူမှုရေးနှင့် ပျော်ပွဲရွှင်ပွဲများ တိတ်ဆိတ်သွားခြင်းတို့အပြင် ချစ်ရသော မိသားစုများနှင့် သေကွဲကွဲရခြင်းများ ဖြစ်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်သည် မြန်မာနိုင်ငံအတွက် သာမက အခြားသော နိုင်ငံများအတွက်လည်း ဆိုးရွားသောနှစ်တနှစ် ဖြစ်ခဲ့သည်ဟု ဆိုရသော်လည်း ၂၀၂၁ ခုနှစ်သည် မြန်မာပြည်သူပြည်သားများအတွက် ရှင်သန်လျက် ငရဲကျရသကဲ့သို့ ကြောက်ဖက်ဖွယ်ရာ အပြည့်ဖြစ်သော နှစ်တနှစ်ဖြစ်ခဲ့သည်။

ဒီမိုကရေစီတိုက်ပွဲသည် မြန်မာပြည်သူများအတွက် ခက်ခဲကြမ်းတမ်းခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ စစ်ဖိနပ်အောက်ကပေးသော ဒီမိုကရေစီကို ရရှိခဲ့သည်မှာ ၁၀ စုနှစ်တခုသာ ရှိသေးသည့်အချိန်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ တိုင်းပြည်အာဏာအား အတင်းအဓမ္မ တဖန်သိမ်းယူပြန်ခဲ့သည်။ သန်း ၅၀ ကျော်သော ပြည်သူများအတွက် ဖေဖော်ဝါရီလ ၁ ရက်နေ့သည် အမှောင်တိုက်အတွင်းသို့ ကျရောက်ခဲ့ရေသာနေ့ဖြစ်ပြီး အကြောက်တရားကို ထမ်းပိုးထားခဲ့ရကာ သေလမ်းကို စင်္ကြန်လျှောက်နေခဲ့ရသည်။ နာမည်ဆိုးဖြင့်ကျော်ကြားသော မြန်မာစစ်တပ်သည် အာဏာသိမ်းယူလိုက်သည်နှင့် တပြိုက်နက် ပထမဦးဆုံးဆောင်ရွက်သည်မှာ တနိုင်ငံလုံးအတိုင်းအတာဖြင့် အင်တာနက်လိုင်း၊ ဆက်သွယ်ရေးလိုင်း၊ ရေဒီယိုလိုင်းနှင့်ရုပ်မြင်သံကြားရုပ်သံလိုင်းများ၊ ဖြတ်တောက်ပစ်လိုက်ခြင်းဖြစ်သည်။ နိုင်ငံခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ထင်ရှားသော နိုင်ငံရေးသများနှင့် တက်ကြွလှုပ်ရှားသူများအား ဖမ်းဆီးထိန်းသိမ်းပြီးသည်နှင့် တပြိုင်နက် အင်တာနက်လိုင်းများအား ဖြတ်တောက်ခဲ့သည်။

ငြိမ်းချမ်းသော လူထု ဆန္ဒထုတ်ဖော်မှုများ ရက်စက်စွာ ဖြိုခွင်းခံရ

အာဏာသိမ်းမှုအား ဆန့်ကျင်သည့် ပထမဦးဆုံးသော လူထုလှုပ်ရှားမှုမှာ သံပုံးတီး သပိတ်ဖြစ်ပြီး အာဏာသိမ်းပြီး ဖေဖော်ဝါရီ ၂ ရက်နေ့မှ စတင်ကာ တနိုင်ငံလုံးအနှံ့ မြို့ကြီးများ၊ ကျေးလက်နေရာများပါမကျန် အာဏာရှင်အား ဆန့်ကျင်ဆန္ဒပြခဲ့သည်။ သံပုံးတီးကမ်ပိန်းသည် စစ်အာဏာရှင်ဆန့်ကျင်မှုအား အရှိန်အဟုန် ကောင်းကောင်းဖြင့် မြန်မာပြည်လူထု၏ ဒီမိုကရေစီတောင်းဆိုသံအား နိုင်ငံတကာသို့ ပဲ့တင်ဟပ်စေသည့် အလွန် အားကောင်းသော လှုပ်ရှားမှုကြီးတခု ဖြစ်ခဲ့သည်။ ပြည်သူများ၏ မိမိတို့အိမ်တွင်းမှာနေ၍ ငြိမ်းချမ်းစွာ သံပုံးတီးဆန္ဒထုတ်ဖော်မှုသည် အာဏာသိမ်း စစ်ခေါင်းဆောင်တို့အတွက် နားစည်မခံနိုင်ဖြစ်ခဲ့ပြီး သံပုံးတီးသူများအား ဖမ်းဆီးအရေးယူခြင်းများ လုပ်ဆောင်ကာ ငွေတောင်းခြင်းများနှင့် ထောင်(၇) ရက် ချခြင်းများအား ဒေသအသီးအသီးတွင် လုပ်ဆောင်ခဲ့သည်။ စစ်အာဏာသိမ်းထားသည်မှာ ၁နှစ်နီးပါး ကြာမြင့်လာပြီ ဖြစ်သော်လည်း အချို့သော နေရာဒေသများတွင် အာဏာရှင်အား ခြောက်လန့်နေသော သံပုံးတီးသပိတ်များ ရှိနေဆဲဖြစ်သည်။

သံပုံးတီးသပိတ်နှင့်အတူ စစ်တပ်၏ အာဏာသိမ်းခြင်းကို ဆန့်ကျင်သော လူထူလှုပ်ရှားမှု သပိတ်များကို ဖေဖော်ဝါရီ ၄ ရက်နေ့မှ စတင်ကာ တပြည်လုံးတွင် လူဦးရေသိန်းသန်းချီ၍ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ သံပုံးတီးသပိတ်နှင့်အတူ စစ်တပ်၏ အာဏာ သိမ်းခြင်းကို ဆန့်ကျင်သော လူထူလှုပ်ရှားမှု သပိတ်များကို ဖေဖော်ဝါရီ ၄ ရက်နေ့မှ စတင်ကာ တပြည်လုံးတွင် လူဦးရေသိန်းသန်းချီ၍ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထို့သို့ လက်နက်မပါ၊ ငြိမ်းချမ်းစွာ ဆန္ဒပြသော ဆန္ဒပြပြည်သူများအား ဒေသဆိုင်ရာနှင့် နိုင်ငံ တကာအဖွဲ့အစည်းများမှ အထိုက်အလျောက်သာ အသိအမှတ်ပြုဖော်ပြပြီး အာဏာသိမ်းစစ်တပ်အပေါ် ထိရောက်သော တုံ့ပြန်မှုမရှိသဖြင့် လက်မရွံ့သော စစ်တပ်၏ လူသတ်ခြင်းများသည် ဖေဖော်ဝါရီလ ၉ရက်နေ့တွင် နေပြည်တော်ရှိ ဆန္ဒပြလူထုအား ကျည်အစစ်ဖြင့် ပစ်ခတ်ခြင်းဖြင့် စတင်ခဲ့သည်။ ထို့နောက် အာဏာသိမ်း စစ်တပ်မှ ပုံစံမျိုးစုံဖြင့် ဆန္ဒပြပြည်သူများအား တစထက်တစ ပိုမိုရက်စက်စွာ ဖိနှိပ်လာခဲ့သည်။ အာဏာသိမ်း စစ်တပ်၏ လက်အောက်ခံ ရဲနှင့် စစ်သားများက ဆန္ဒပြပြည်သူများအား ရာဘာကျည်ဖြင့် ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ထောင်ချခြင်း၊ ကျည်အစစ်ဖြင့် ခေါင်းကိုပစ်ခြင်းတို့အပြင် စစ်ကားဖြင့် တိုက်သတ်ခြင်းများထိ အကြမ်း ဖက် လုပ်ရပ်များအား ပြောင်ပြောင် တင်းတင်း ကျူးလွန်လျက်ရှိသည်။ The Armed Conflict Location & Event Data Project (ACLED)၏ လေ့လာချက်များအရ ကမ္ဘာတဝန်းဆန္ဒပြသူများသည် အကြမ်းဖက် ဖြိုခွင်းခံနေရပြီး ထိုဖြိုခွင်းမှုများ၏ ၆၀ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြပွဲများအား အကြမ်းဖက်ဖြိုခွင်းခြင်းကြောင့် သေဆုံးခဲ့ရမှုများတွင် မတ်လ၌ အများဆုံးဖြစ်ပြီး တလတည်း အနည်းဆုံး ပြည်သူပေါင်း ၅၂၀ နှင့် အထက် သေဆုံးခဲ့သည်။

အမိန့်ဖီဆန်သော လှုပ်ရှားမှု (CDM)တွင် ပါဝင်မှုအားကောင်း၊ ပါဝင်သူများအား ဖမ်းဆီးအရေးယူ၊ ဝရမ်းထုတ်

အာဏာရှင်ဆန့်ကျင်သော ဆန္ဒပြပွဲများနှင့် သံပုံးတီးသပိတ်များ အားကောင်းသည့်နည်းတူ နိုင်ငံ့ဝန်ထမ်းများမှ လုပ်ဆောင်သော အမိန့်ဖီဆန်သည့် လှုပ်ရှားမှု (Civil Disobedience Movement-CDM) သည်လည်း အားကောင်းခဲ့သည်။ အစိုးရဌာန အသီးသီးဖြစ်သည့် ကျန်းမာရေးဌာန၊ ပို့ဆောင်ဆက်သွယ်ရေးဌာန၊ ပညာရေးဌာနများ စသည့် ဌာနဆိုင်ရာ ဝန်ထမ်းအများအပြားသည် အာဏာသိမ်းစစ်တပ်အား အမိန့် မနာခံနိုင်ဘဲ “ရုံးမတက်ဘဲ ရုန်းထွက်”ခဲ့ကြသည့်အတွက် အစိုးရယန္တရားကြီးတခုလုံး အပါအဝင် ဘဏ်လုပ်ငန်းများအားလုံးနီးပါး ဆက်လက်လည်ပတ်နိုင်ခြင်းမရှိတော့ဘဲ အလုံးစုံရပ်ဆိုင်းသည်အထိ လှုပ်ရှားမှု အားကောင်းခဲ့သည်။

မတ်လ ၁၀ ရက်နေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မလွှကုန်း မီးရထားစက်ခေါင်းစက်ရုံဝင်းရှိ CDMပြုလုပ်နေသော ဝန်ထမ်းများ သည် စစ်တပ်နှင့်ရဲများ၏ အင်အား အလုံး အရင်းဖြင့် ဝင်ရောက်ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ဖမ်းဆီးရာတွင်လည်း အသံဗုံးများ ဖောက်ခွဲခဲ့သည်။ ထို့ပြင် ဌာနဆိုင်ရာ အသီး သီးမှ CDM ပြုလုပ်နေသော ဝန်ထမ်းများကို အလုပ်ဖြုတ်ခြင်းများအပြင် ရာဇ သတ်ကြီး ပုဒ်မ ၁၈၈၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) တို့ဖြင့် ဖမ်းဆီးအရေးယူခြင်း၊ ဝရမ်းထုတ်ခြင်းများ လုပ်ဆောင်ခဲ့သည်။ အာဏာသိမ်းပြီးနောက် စစ်သားများ ကျေးရွာ၊ မြို့အနှံ့ ဖြန့်ကျက်ထားခြင်း၊ လက်နက်ကိုင်၍ ရပ်ကွက်အတွင်း၊ ကျေးရွာအတွင်းများသို့ ဝင်ရောက် ရမ်းကားခြင်းကြောင့် လူငယ်များ၊ ဆန္ဒပြ ပွဲများတွင် ပါဝင်သောသူများ၊ CDM လှုပ်ရှား မှုတွင် ပါဝင်သောသူများမှာ ထွက်ပြေးတိမ်းရှောင်ရလေ့ရှိသည်။

သတင်းစီးဆင်းမှုအား စစ်ကောင်စီ ဖြတ်တောက်။

အရှိန်အဟုန်ဖြင့် အားကောင်းနေသော လူထုဆန္ဒပြပွဲများအား ရက်စက်စွာဖြိုခွင်းမှုနှင့် တပြိုင်နက် ပြည်သူများကြား သတင်းစီးဆင်းမှုအား နှောင့်နှေးရန်နှင့် ဖြတ်တောက်ပစ်ရန် ရည်ရွယ်၍ အင်တာနက်မိုဘိုင်းလိုင်းများ၊ ဝိုင်ဖိုင်များအား ဖေဖော်ဝါရီ ၁၄ ရက်နေ့မှ မတ်လ ၁၅ ရက်နေ့ထိ မနက် ၁နာရီမှ ၉နာရီထိ လိုင်းဖြတ်တောက်ခြင်း၊ ထို့နောက် မတ်လ ၁၅ ရက်နေ့ မနက် ၁နာရီမှ ဧပြီလ ၂၈ ရက်နေ့ထိ တနိုင်ငံလုံးအတိုင်းအတာဖြင့် အင်တာနက်လိုင်းဖြတ်တောက်ခြင်းများ လုပ်ဆောင်ခဲ့သည်။ ထို့ပြင် Facebook, Twitter အပါအဝင် ဆိုရှယ်မီဒီယာဆော့ဝဲလ်များ၊ Wikipediaနှင့်ထောင်ပေါင်းများစွာသော ဝက်ဘ်ဆိုက်ဒ်များ၊ IP addressနှင့် ULRs များအား ပိတ်ချခဲ့သည်။ ပြည်သူလူထု သတင်းရယူရန် ကြည့်ရှု့မှု အများဆုံးဖြစ်သည့် DVB နှင့် Mizzima TV လိုင်းများအား မကြည့်ရှု့နိုင်စေရန် PSI စလောင်းများအား ဖြုတ်သိမ်းခိုင်းခြင်းနှင့် မဖြုတ်သိမ်းပါက ပစ္စည်းသိမ်းယူခြင်းနှင့် ဒဏ်ငွေဆောင်ခိုင်းခြင်းများ လုပ်ဆောင်ခဲ့သည်။

မတ်လ (၈)ရက်နေ့တွင် အာဏာသိမ်းစစ်တပ်၏ ပြန်ကြားရေး၀န်ကြီးဌာနက သတင်းမီဒီယာ ဌာနကြီးများဖြစ်သည့် DVB, Myanmar Now, Mizzima၊ 7 days နှင့် Khit Thit Media၊ ဧပြီလ ၂၀ရက်နေ့တွင် တာချီလိတ်သတင်း အေဂျင်စီ၊ ဧပြီလ(၂၉)ရက်နေ့တွင် မြစ်ကြီးနားသတင်းဂျာနယ်နှင့် The 74 media နှင့် အောက်တိုဘာ(၄) ရက်နေ့တွင်Delta News Agency တို့အား ထုတ်‌ဝေခွင့် ပိတ်သိမ်းကြောင်း ကြေညာခဲ့သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ သတင်းမီဒီယာသမား အမျိုးသား ၁၁၅ ဦးနှင့် အမျိုးသမီး ၂၆ ဦး စုစု‌ပေါင်း ၁၄၁ ဦးဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ရာဇ၀တ် ကြောင်းဆိုင်ရာ ပုဒ်မများဖြင့် တရားစွဲဆို အမိန့်ချမှတ်ခံရသည့် သတင်းမီဒီယာသမား အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၃ ဦး အမိန့်ချမှတ်ခံခဲ့ရသည်။ စစ်ကောင်စီ၏ သတင်းသမားများအပေါ် ပစ်မှတ်ထား ဖမ်းဆီးလာရာတွင် မြေပြင်တွင် သတင်းယူနေစဥ်သာမက သတင်းသမား၏ နေအိမ်သို့ စစ်သားအလုံးအရင်းဖြင့် ဝင်စီးကာ ရိုက်နှက်ဖျက်ဆီးခြင်းများ၊ စစ်ကြောရေးတွင် ရက်ရက်စက်စက် နှိပ်စက်ခြင်းများ ကျူးလွန်ခဲ့သည်။

အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်သည် ဒီဇင်ဘာလ ၁၀ ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ပြုလုပ်သော အသံတိတ်သပိတ် အခြေအနေကို ရန်ကုန်မြို့၌ သတင်းဓာတ်ပုံရိုက်နေစဥ် စစ်တပ်၊ တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ရက်ပိုင်းအကြာ စစ်ကြောရေးတွင် သေဆုံးခဲ့ရသည်။ ကိုစိုးနိုင်သည် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ စစ်ကြောရေးတွင် ပထမဆုံး သေဆုံးရသော သတင်းသမားဖြစ်သည်။ ထို့အပြင် ကရင်ပြည်နယ်၊ လေးကေကော်မြို့၊ မေခီးဝါးကျေးရွာတွင် သတင်းများ ဆက်လက်ထုတ်လွှင့်ရန် လာရောက်ခိုလှုံနေသူ ဖက်ဒရယ်ဂျာနယ်အယ်ဒီတာ ကိုအေစိုင်းကေ (ခ) ကိုစိုးဝင်းအောင်သည်လည်း ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် စစ်ကောင်စီ၏ လက််နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပြန်သည်။

နိုင်လွတ်လုံ ဥပဒေပြင်ဆင်ပြီး နိုင်ငံသားအခွင့်အရေးများအား ဖျက်ဆီး။

အင်တာနက်လိုင်းဖြတ်တောက်ခြင်းများ ရံဖန်ရံခါ လုပ်ဆောင်နေသည့်အပြင် သပိတ်ခေါင်းဆောင်များ၊ CDMလှုပ်ရှားမှုတွင် ပါဝင်သူများအား အကြမ်းဖက်ဖမ်းဆီးနိုင်ရန် နိုင်ငံသားများလွတ်လပ်မှုကို အတိုင်းအတာတခုထိ အကာအကွယ်ပေးထားသော နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေ(နိုင်လွတ်လုံဥပဒေ)ကို ပြင်ဆင်ပစ်လိုက်သည်။

အာဏာသိမ်းစစ်တပ်ခေါင်းဆောင်သည် ၎င်းကိုယ်တိုင် ဥပဒေနှင့် မကိုက်ညီဘဲ အာဏာသိမ်းခဲ့သည့်အတွက် ပျက်စီးသွားပြီးဖြစ်သည့် တရားဝင်မှုကင်းမဲ့သွားသော ၂၀၀၈ ဖွဲ့စည်းပုံကို ကိုးကားကာ “နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၅၊ ပုဒ်မ ၇ နှင့် ပုဒ်မ ၈ တို့ပါ ပြဋ္ဌာန်းချက်များကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၀ နှင့်အညီ ရပ်ဆိုင်းထားရမည်” ဟု ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့သည်။

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေ ပုဒ်မ ၅ အရ နိုင်ငံသား တဦးတယောက်၏ အိမ်အတွင်း ဝင်ရောက်ရှာဖွေခြင်းနှင့် ဖမ်းဆီးခြင်းများ လုပ်ဆောင်ရန် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များက တာဝန်ရှိသူ အနည်းဆုံး နှစ်ဦး သက်သေအဖြစ် လိုက်ပါရန် လိုအပ်သည်။ ပုဒ်မ ၇ အရ တရားရုံး၏ ခွင့်ပြုချက် မရှိဘဲ နိုင်ငံသား တဦးကို ၂၄ နာရီထက် ကျော်ပြီး ဖမ်းဆီးထားခွင့် မရှိသကဲ့သို့ ပုဒ်မ ၈ (က)အရ တည်ဆဲ ဥပဒေနှင့် အညီ ခွင့်ပြုမိန့်၊ ခွင့်ပြုချက် ဝရမ်းမပါရှိဘဲ နိုင်ငံသားတဦး၏ နေအိမ်ထဲသို့ ဝင်ရောက်ကာ ပစ္စည်းရှာဖွေ သိမ်းဆည်းခြင်းနှင့် သူတဦးဦးအား ဖမ်းဆီးခြင်းမပြုလုပ်ရ၊ ပုဒ်မ ၈ (ခ) အရ လူ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သော နောက်ယောင်ခံစောင့်ကြည့်ခြင်း၊ စုံထောက်ခြင်းများ မပြုလုပ်ရ၊ ပုဒ်မ ၈ (ဂ) အရ ဆက်သွယ်ရေး ကိရိယာတခုခုကို အသုံးပြု၍ ဆက်သွယ်ပြောဆိုခြင်းများကို ကြားဖြတ်ဖမ်းယူ နားထောင်ခြင်း၊ အနှောက်အယှက်ပေးခြင်း မပြုလုပ်ရ၊ ပုဒ်မ ၈ (ဃ) အရ ဆက်သွယ်ရေး အော်ပရေတာများထံမှ ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်း အချက်အလက်များအား တောင်းယူခြင်း၊ ထုတ်ပေးခြင်း မပြုလုပ်ရ၊ ပုဒ်မ ၈ (င) အရ အခြားသူ၏ ဆက်သွယ်ပေးပို့သော စာပေးစာယူ၊ စာအိတ်၊ ချောထုပ်၊ ပါဆယ်ထုပ် တခုခုအား ဖွင့်ဖောက်ခြင်း၊ ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း၊ ဖျောက်ဖျက်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်း မပြုလုပ်ရ၊ ပုဒ်မ ၈ (စ) အရ ပုဂ္ဂိုလ်ရေးဆိုင်ရာ မိသားစုရေးရာ ကိစ္စများတွင် အဓမ္မဝင်ရောက် စွတ်ဖက်ခြင်း မပြုလုပ်ရ၊ ပုဒ်မ ၈ (ဆ) အရ နိုင်ငံသားတဦး၏ တရားဝင်ရရှိပိုင်ဆိုင်ထားသော ပစ္စည်းများအား မတရားသိမ်းယူခြင်း၊ ဖျက်ဆီးခြင်းမပြုလုပ်ရပေ။

ထိုဥပဒေပါပြဌာန်းချက် များအား ရပ်ဆိုင်းလိုက်သည်နှင့် တပြိုင်နက် စစ်တပ်မှ နိုင်ငံသားများ၏ နေအိမ်အတွင်းသို့ ထင်သလို ဝရမ်းမပါဘဲ ဖမ်းဆီးခြင်းများ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ နောက်ယောင်ခံလိုက်ခြင်းများ၊ ဆက်သွယ်ရေးကိရိယာကို အသုံးပြု၍ ဆက်သွယ်သောအခါ ကြားဖြတ်ဖမ်းယူ နားထောင်ခြင်းများ၊ ဆက်သွယ်ရေး အော်ပရေများထံမှ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက် အဓမ္မတောင်းခံခြင်းများ၊ စာအိတ်၊ ပါဆယ်ထုတ်များအား ဖွင့်ဖောက်ခြင်း၊ ရှာဖွေခြင်းများ၊ မိသားစုရေးရာကိစ္စများတွင်လည်း ယောကျ်ားဖြစ်သူကို ဖမ်းမမိသောအခါ ဇနီးနှင့် သားသမီးများအား (သို့မဟုတ်) နီးစပ်ရာဆွေးမျိုးမောင်နှမများအား ဓားစားခံ ဖမ်းဆီးခြင်းများ၊ နိုင်ငံသားများ၏ ပိုင်ဆိုင်မှုများအား သိမ်းယူခြင်း၊ ချိတ်ပိတ်ခြင်းများအား ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေခဲ့သည်။ မြန်မာပြည်တွင် လူ့အခွင့်အရေး ချိုးဖောက်ရန်နှင့် ပြည်သူများ၏ လွတ်လပ်ခွင့်အား ဖိနှိပ်ရန် ရည်ရွယ်၍ ဥပဒေပိုင်းဆိုင်ရာပြင်ဆင်မှုများကို အာဏာသိမ်း စစ်တပ်မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ရပ်ကျေးဥပဒေအား ပြင်ဆင်ကာ ဧည့်စာရင်းတိုင်ကြားခိုင်းခြင်း။

စစ်ကောင်စီက ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေကို တရားမဝင်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ကိုးကားကာ ပြင်ဆင်ပြီး ဧည့်စာရင်းစစ်ခြင်းနှင့် ဧည့်စာရင်းတိုင်ကြားခြင်းကို ပျက်ကွက်ပါက အရေးယူခြင်းများ ဆောင်ရွက်ခဲ့သည်။ ထိုဥပဒေ၏ ဧည့်စာရင်းစနစ်ကို ၂၀၁၆ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။ ထိုဥပဒေအား ပြင်ဆင်ပြဌာန်းပြီးနောက် ရန်ကုန်မြို့ရှိ မြို့နယ်များတွင် ဧည့်စာရင်းတိုင်ကြားရန် ဖိအားပေးခြင်းများ အတင်းအဓမ္မလုပ်ဆောင်ခဲ့သည်။ ရှမ်းပြည်နယ် အောင်ပန်းမြို့ရှိ နိုင်ငံရေး အကျဥ်းသားဟောင်း ကိုဘိုဘိုဟန်၏ နေအိမ်အား စစ်သားနှင့် ရဲ အယောက် ၄၀ ခန့်က ဧည့်စာရင်းစစ်ရန်ဟု ဆိုကာ ဝင်ရောက်လာခဲ့ပြီး ကိုဘိုဘိုဟန်အား မတွေ့ရှိသဖြင့် ၎င်း၏ဇနီး မအိအိငြိမ်းအား ဖမ်းဆီးသွားခဲ့သည်။ ကိုဘိုဘိုဟန်သည် ဝရမ်းထုတ်ထုတ်ခံထားရသဖြင့် တိမ်းရှောင်နေခဲ့ခြင်းဖြစ်သည်။ ကိုဘိုဘိုဟန်၏ ကွန်ပျူတာ သုံးလုံး၊ ဝိုင်ဖိုင်စက်နှင့် CCTV များကို ဖြတ်သိမ်းယူသွားခြင်းများ လုပ်ဆောင်ခဲ့သည်။ ထိုသို့ နေအိမ်များအတွင်းသို့ ထင်သလို ဝင်ရောက်စစ်ဆေးခြင်းများ၊ စစ်သားအုပ်စုလိုက်ဖြင့် ဝင်ရောက်ရှာဖွေခြင်းများကြောင့် CDM လှုပ်ရှားမှုမှာပါဝင်သဖြင့် တိမ်းရှောင်နေရသူများ၊ ဆန္ဒပြလူငယ်များ အချိန်မရွေးအဖမ်းခံရနိုင်သည့် အခြေအနေမျိုးဖြစ်အောင် စစ်တပ်မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထောင်တွင်းဆန္ဒပြမှုနှင့် ဖြိုခွင်းခံရမှုများ။

စစ်ကောင်စီအား တွန်းလှန်နေကြသော မြန်မာပြည်သူလူထုသည် ထောင်တွင်း၊ ထောင်ပြင် တသွေးတသားတည်း အတူရှိနေကြောင်း မတရားဖမ်းဆီးခံထားရသော ထောင်တွင်းပြည်သူများ ၏ ဆန္ဒထုတ်ဖော်မှုများမှ သက်သေတည်နေသည်။ ဆန္ဒပြပွဲများ အကြမ်းဖက်ဖြိုခွင်းခံရသော်လည်း ပြောက်ကျားသပိတ်လှုပ်ရှားမှုများ မြို့ကြီးများနှင့် နယ်ကျေးရွာများတွင် ဆက်ရှိနေသကဲ့သို့ ဇူလိုင်လ ၂၃ ရက်နေ့ မနက်တွင် အင်းစိန်အကျဉ်းထောင်တွင်းမှ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးနှင့် ပတ်သက်သော ကြွေးကြော်သံများဟစ်ကြွေး၍ ထောင်တွင်းဆန္ဒပြပွဲ ဖြစ်ပေါ်ခဲ့သည်။ ဆန္ဒထုတ်ဖော်ခြင်း၏ အဓိက အကြောင်းရင်းများမှာ မြန်မာနိုင်ငံတွင် Covid-19 တတိယလှိုင်း ပြင်းထန်လာသည်နှင့်အမျှ ထောင်တွင်းအကျဉ်းသားများ ကူးစက်မှုနှင့် ရောဂါအခြေအနေ ဆိုးရွားနေသည်ကို ထောင်အာဏာပိုင်များမှ လျစ်လျူရှုထားခြင်း၊ အကျဉ်းဦးစီးဌာနရှိ ဝန်ထမ်းများအတွက်လည်း ကျန်းမာရေး စောင့်ရှောက်မှု မရှိခြင်း၊ စစ်ကောင်စီ၏ ဇွန်လ ၃၀ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးသော အကျဉ်းသားများထဲတွင် နိုင်ငံရေးအကျဉ်းသားများ မပါဝင်ခြင်းတို့ကြောင့် ဖြစ်သည်။ ထိုဆန္ဒထုတ်ဖော်မှု၏ ကြွေးကြော်သံ (၃)ရပ်မှာ (၁) နိုင်ငံရေးအကျဉ်းသားများ အားလုံးခြွင်းချက်မရှိ လွှတ်ပေးရန်၊ (၂) ထောင်တွင်းတွင် ဆေးကုသခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိရန် နှင့် (၃) တင်းကြပ်လွန်းသော ထောင်တွင်းစည်းမျဉ်းများအား ဖြေလျှော့ပေးရန်တို့ဖြစ်သည်။ အချက် သုံးချက်နှင့် အတူ သွေးသစ္စာသီချင်းကိုလည်း ဟစ်ကြွေးခဲ့ကြသည်။ ထိုသို့ မနက်ခင်းပိုင်း ဆန္ဒထုတ်ဖော်ပြီးနောက် အင်းစိန်ထောင်အတွင်းသို့ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ ဆန္ဒပြသူများအား ရိုက်နှက်ဖြိုခွဲခဲ့သည်။ ဦးဆောင်ပါဝင်ခဲ့ကြသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့ဝင် ကိုဇော်ထက်နိုင် (ခေါ်) ဆစ်နိုင် နှင့် အခြား နိုင်ငံရေးအကျဉ်းသားအယောက် (၂၀) ခန့်ကို တိုက်ပိတ်ခံခဲ့ရကြောင်းသိရသည်။ အင်အားသုံး ဖြိုခွင်းခံရမှုကြောင့် အပြင်းအထန် ဒဏ်ရာရရှိသူများပြီး သေလောက်သည့် ဒဏ်ရာ ရရှိသူ အနည်းဆုံး ၈ ယောက်ခန့်ရှိကြောင်း လည်း လွတ်လပ်သော သတင်းမီဒီယာများ၏ ဖော်ပြချက်အရတွေ့ရှိရသည်။ ထို့ပြင် ထောင်တွင်း ဆန္ဒပြမှုများ ပျံ့နှံ့မသွားရန် မန္တလေး အိုးဘိုထောင်ကိုလည်း ဇူလိုင်လ ၂၃ ရက်နေ့တွင် စစ်အင်အား အများအပြားချထားခဲ့သည်။ ထိုသို့ အကျဉ်းထောင်တွင်း ဆန္ဒပြမှုများ ဖြစ်ပေါ်ပြီးနောက် ထောင်တွင်းစည်းမျဉ်းများ ပိုမိုတင်းကြပ်သွားကာ အစားအသောက်နှင့် ဆေးဝါးထောက်ပံ့ရန် ပိုမိုခက်ခဲခြင်းများ၊ ထောင်ဝင်စာတွေ့ရန် ခက်ခဲခြင်းများနှင့် အချို့ အား နယ်ထောင်များသို့ ပို့ဆောင်ခြင်းများ ရှိသည်ဟု သိရသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးနေ့ဖြစ်သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် တနိုင်ငံလုံးအတိုင်းအတာနှင့် အသံတိတ်သပိတ် ဆင်နွှဲခဲ့သည်။ ထိုသပိတ်တွင် အင်းစိန်ထောင်မှ နိုင်ငံရေးအကျဥ်းသားများလည်း ပါဝင်ခဲ့သည်။ ထိုအသံသပိတ်တွင် ပါဝင်ခဲ့ကြသည့် သီးသန့်ထောင် ၁ နှင့် ၂ မှ နိုင်ငံရေးအကျဉ်းသားနှင့် အချုပ်သား ၈၉ ယောက်ကို ထောင်အာဏာပိုင်များမှ ရိုက်နှက်ခဲ့ပြီး ဦးဆောင်သူများကိုလည်း သံခြေချင်းခတ်၊ တိုက်ပိတ်ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။ ထောင်တွင်း အသံတိတ်သပိတ်တွင် ပါဝင်ခဲ့သည့် ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ ကိုဆစ်နိုင်သည် ဦးခေါင်းနှင့် ကျောကုန်းတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သော်လည်း ဆေးကုသခွင့်မရဘဲ တိုက်ပိတ်ပစ်ဒဏ် ချခံရ၍ အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။ အလားတူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗ.က.သ) ဒုတိယ ဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးနှင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ကျောင်းသားထုအခွင့်အရေးတာဝန်ခံ ကိုလေပြေစိုးမိုးတို့သည်လည်း ပြင်းပြင်းထန်ထန် ရိုက်နှက်ခံခဲ့ရကာ ထိခိုက်ဒဏ်ရာရခဲ့ကြပြီး သံခြေချင်းခတ် တိုက်ပိတ်ခံထားရသည်။

စစ်ကောင်စီက ကိုဗစ်အားလက်နက်သဖွယ်အသုံးချ။

စစ်အာဏာသိမ်းခံခဲ့ရသော မြန်မာပြည်သူများသည် ကိုဗစ်ထက် အဆမတန်ဆိုးရွားသော စစ်အာဏာရှင်ကို မိမိ၏မျိုးဆက်တင်မက နောင်မျိုးဆက်များတိုင် အဖိနှိပ်ခံ၊ အကြောက်တရားဖြင့် အသက်ရှင်ရမည်ကို ပိုမိုထိတ်လန့် ကြောက်လန့်ခဲ့ရသည်။ မျှော်လင့်ထားသည့်အတိုင်းပင် စစ်ကောင်စီခေါင်းဆောင်နှင့် ၎င်း၏ အစုအဖွဲ့တို့သည် တိုင်းပြည်အာဏာကို အလိုရမ္မက်ကြီးစွာဖြင့် ရယူနေပြီး ပြည်သူလူထု၏ အသက်ကို မငဲ့ကွက်ကာ ကြောက်စရာကောင်းသည့် ကိုဗစ်ကပ်ရောဂါကိုပင် လူထုအား ဖိနှိပ်ရန် လက်နက်တခုအဖြစ် အသုံးချခဲ့သည့် အထောက်အထားများစွာ ရှိနေသည်။ ဇွန်လအကုန် ဇူလိုင်လဆန်းမှ စတင်ကာ မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်းသည် ပြင်းထန်လာပြီး ဇူလိုင်လနှင့် သြဂုတ်လသည် ကပ်ရောဂါ အဆိုးရွားဆုံးအခြေအနေ ဖြစ်ခဲ့သည်။

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် အခြေခံအိမ်သုံးဆေးဝါးများ ဈေးကွက်အတွင်း ပြတ်လပ်ခြင်း၊ ဈေးနှုန်းအဆမတန်ကြီးမြင့်ခြင်း၊ လိုအပ်သော ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်းများ ပြည်ပမှ တင်သွင်းခွင့်ကို အကြီးအကျယ်ကန့်သတ်ခြင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဆေးဝါးအရောင်းဆိုင်များကို စစ်တပ်က ဖိအားပေး၍ ပိတ်ခိုင်းခြင်း၊ အောက်ဆီဂျင်စက်ရုံများကို သာမန်အရပ်သား ပြည်သူများထံ ရောင်းချခွင့်ကို ပိတ်ပင်ခြင်းများကို စစ်ကောင်စီမှ လုပ်ဆောင်ခဲ့သည်။ ထိုသို့ အခြေခံဆေးဝါး လိုအပ်ချက်များ ပြတ်လပ်ရှားပါးမှုကြောင့် အရှေ့တွင် အောက်ဆီဂျင်အိုးရှာနေချိန်၌ နေအိမ်တွင် ကျန်နေသော ကိုဗစ်လူနာမှာ အသက်ဆုံးရှုံးသွားခြင်းမှာ အထူးသဖြင့် လူဦးရေထူထပ်သော ရန်ကုန်မြို့နေ မိသားစုများ အများဆုံး ကြုံတွေ့ခဲ့ရသည်။

ဇူလိုင် ၁၀ရက်နေ့တွင် ရန်ကုန်၊ သိမ်ဖြူသင်္ဘောကျင်းရှိ အောက်စီဂျင်ထုတ်လုပ်သည့် နိုင်ငံပိုင်စက်ရုံကို ပုဂ္ဂလိကသို့ ထုတ်မပေးရန် စစ်တပ်က ညွှန်ကြားခဲ့ကြောင်း စက်ရုံတာဝန်ရှိသူတစ်ဦးက Myanmar Now အား ဖြေကြားချက်အရသိရသည်။ ဇူလိုင် ၁၂ရက်နေ့ ညပိုင်းတွင် ရန်ကုန်မြို့၊ တောင်ဒဂုံစက်မှုဇုန်၊ လွိုင်ကော်လမ်းတွင် စောင့်ဆိုင်းတန်းစီနေသူများကို စစ်တပ်လက်နက်ကိုင်များက သေနတ်ပစ်ခတ်ပြီး လူစုခွဲဖမ်းဆီးခဲ့ရာ အောက်စီဂျင်ဘူးများ ထားခဲ့ပြီး ထွက်ပြေးခဲ့ရသည်။ ဇူလိုင် ၁၂ရက်နေ့ညတွင် အောက်ဆီဂျင်သွားရောက် ဝယ်ယူသည့် ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်တွင်နေထိုင်သူ အမျိုးသမီးတစ်ဦးသည် မင်းဓမ္မလမ်းရှိ အောက်စီဂျင်စက်ရုံတွင် စစ်တပ်အဖွဲ့ဝင်များက လာရောက်ပိတ်ပင်သည်ကို ရင်ဆိုင်ခဲ့ရသည်။ မြေပြင် အောက်စီဂျင် ၄ဝ လီတာ ၅ အိုး၊ ၁၅ လီတာအိုး ၁၈ အိုး၊ အောက်စီဂျင်အိုး ပစ္စည်းအစုံ ၁၂ စုံနှင့် PPE များ၊ ဆေးဝါးပစ္စည်းများကို တရားမဝင်ကြောင်းပြောဆိုကာ ယူဆောင်သွားခဲ့ကြသည်။

ဇူလိုင် ၃၁ရက်နေ့ နံနက်ပိုင်းတွင်လည်း တောင်ဥက္ကလာပမြို့နယ် နန္ဒာဝန်ဈေးအနီးရှိ ရွှေအိုးဆေးဆိုင်တွင် ကိုဗစ်လူနာများကို ကုသရာတွင်သုံးသည့် သွေးကျဲဆေး (Enoxaparin Injection) ဝယ်ယူရန် တန်းစီနေသူများကို ရဲများက အင်အားသုံး၍ နှစ်ကြိမ်တိုင် လူစုခွဲ နှင်ထုတ်ခဲ့သည်။

ထို့ပြင် ပြည်သူများ၏ ကျန်းမာရေးပြဿနာများကို ကူညီစောင့်ရှောက်မှုပေးနေသည့် ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပုဂ္ဂိုလ်များကိုလည်း ပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီးခြင်း၊ နေအိမ်တွင် ဝင်ရောက် စီးနင်းခြင်း၊ ဝရမ်းထုတ်ခြင်းများကို အာဏာသိမ်းစစ်တပ်မှ ကျူးလွန်ခဲ့သည်။

စစ်ကောင်စီမှ ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား သတ်ဖြတ်ခဲ့သည့်စာရင်း

ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဒီဇင်ဘာ ရက် ၃၁ နေ့ထိ ဆန္ဒပြနေစဉ်အတွင်း အသတ်ခံရသူများစာရင်း

အာဏာသိမ်း စစ်တပ်မှ ငြိမ်းချမ်းစွာ ဆန္ဒပြပြည်သူများအား သတ်ဖြတ်မှုတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့ထိ အနည်းဆုံး ပြည်သူပေါင်း ၆၅၇ ဦးအား သတ်ဖြတ်ခဲ့သည်။ ထို့ပြင် စစ်တပ်၏ ဆိုးရွာစွာ နှိပ်စက်ညှင်းပန်းမှုများကြောင့် စစ်ကြောရေးတွင် သေဆုံးသူများလာကာ အာဏာသိမ်းပြီး ၁၁ လအတွင်း စစ်ကြောရေးတွင် သေဆုံးသူ တနိုင်ငံလုံးအတိုင်းအတာဖြင့် ၁၀၃ ဦးအထိ ရှိကြောင်း RFAမှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။

စစ်ကောင်စီ၏ ရက်စက်မှု တော်လှန်ရေးကို အရှိန်မြှင့်။

ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်မှ ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုကာ လက်နက်အားကိုးဖြင့် အာဏာသိမ်းယူခဲ့သော်လည်း ပြည်သူများ၏ အုပ်ချုပ်မခံဘဲ ဆန္ဒပြခြင်း၊ တန်ပြန်ကာကွယ်ရေးတပ်ဖွဲ့များ ဖွဲ့စည်းခြင်း၊ အမိန့်မနာခံခြင်းများကြောင့် ၎င်း၏အာဏာစက်ကွင်းမှာ ယနေ့အချိန်ထိ တနိုင်ငံလုံးအတိုင်းအတာဖြင့် အထမမြောက်သေးပေ။ ဒီဇင်ဘာ ၅ရက်နေ့တွင် ပြုလုပ်သော ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းအတွင်း ဆန္ဒပြလူအုပ်အား စစ်ကောင်စီ၏ လက်အောက်ခံ စစ်တပ်ကားက အနောက်မှ အရှိန်ဖြင့်ဝင်တိုက်ပစ်ခဲ့သည်။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ဟစ်ကြွေးနေသော လူအုပ်အား ကားဖြင့်ဝင်တိုက်သည့် ဗီဒီယို ရုပ်သံသည် အွန်လိုင်းတွင် ပျံ့နှံ့သွားပြီး လူထု၏ ဒေါသအား အရှိန်မြှင့်ပေးလိုက်ကာ တော်လှန်ရေးတွင် ပိုမိုအားစိုက်လာစေသည်။ သပိတ်တွင် ပါဝင်သော လူငယ်တဦး၏ Myanmar Now သို့ အင်တာဗျူးပြောကြားချက်အရ “သပိတ်က အဲဒီပန်းပင်ကြီးလမ်းကနေ အထဲကို လျှောက်တာပေါ့။ အထဲကိုလျှောက်ပြီး ခြေလှမ်း အလှမ်း ၂၀ လောက်ပဲ လျှောက်တဲ့အချိန်မှာ နောက်ကနေပြီးတော့ Double Cup က အရှိန် ၈၀/၉၀ လောက်ရှိမယ်ဗျ။ ဝင်တိုက်တဲ့အချိန်မှာ လူတွေက ပေ ၂၀/၃၀ လောက်ထိ လွင့်သွားတာ။ အကုန်လွင့် အကုန်ထွက်ကုန်တာပေါ့။ အကုန်မထနိုင်ဘူး” ဟု သိရသည်။

ထိုဖြစ်ရပ်တွင် အနည်းဆုံးလူငယ် ၃ ဦးအပြင်းအထန် ဒဏ်ရာရကာ ၁၀ ဦးထက်မနည်း အဖမ်းခံခဲ့ရသည်။ စစ်တပ်၏ အကြမ်းဖက် အုပ်စုဆန်ဆန် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသူများအား ကားဖြင့်ဝင်တိုက်သည့် ဖြစ်စဥ်သည် ပြည်သူများ၏ နာကြည်းမှု၊ ဒေါသများ ပြန်လည်ပိုမို နှိုးကြားလာကာ ထိုဖြစ်စဥ် ဖြစ်ပြီး ညပိုင်း၌ သံပုံးတီး၍ အာဏာရှင်မောင်းထုတ်ခြင်းများ ရန်ကုန်မြို့ နေရာအတော်များများတွင် ထပ်မံ ပေါ်ပေါက်လာခဲ့သည်။

ထို့ပြင် ဇူလိုင်လ ၃၁ ရက်နေ့တွင် ခိုတွင်း၊ သရက်တော၊ ကနီမြို့ပေါ်နှင့် ညောင်သူများရွာမှ ရွာသား ၁၁ ဦးအားဆိုင်ကယ်နှစ်စီးနှင့်အတူ မီးရှို့သတ်ဖြတ်ခံထားရသည် ကိုသိရှိခဲ့ရသည်။ ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် အောက်တိုဘာလ ၁၉ ရက်၌ စစ်သားတဦးသတ်ဖြတ်ခံရခြင်းကြောင့် စစ်တပ်က မြို့ပေါ်ကိုလက်နက်ကြီးဖြင့် ၁၀ ချက်ခန့်ပစ်ခတ်ခဲ့ပြီး အဆိုပါစစ်သားသေဆုံးရာနေရာသို့လာရောက်ပြီး ဘုရားကျောင်းများ၊ ဘဏ်များအပါအဝင် လူနေအိမ် ၁၆၄လုံး အား မီးရှို့ဖျက်စီးခဲ့သည်။ နိုဝင်ဘာ ၂၄ ရက်နေ့တွင် ထပ်မံမီးရှို့ခံခဲ့ရပြီး နေအိမ် ၅၀ ခန့်မီးလောင်ကျွမ်းခဲ့ရပြန်သည်။ ဒီဇင်ဘာလေးရက်နေ့တွင် ထပ်မံမီးရှို့ခံခဲ့ရသဖြင့် ဘုရားကျောင်း အပါအဝင် လူနေအိမ် ၁၉ လုံးပျက်စီးဆုံးရှုံးခဲ့သည်။ ထန်တလန်မြို့သည် စက်တင်ဘာလလယ်လောက်မှစ၍ စစ်တပ်၏ ၁၀ ကြိမ်ထက်မနည်း မီးရှို့မှုများကြောင့် ဘုရားကျောင်း ၅ ကျောင်းနှင့် လူနေအိမ် ၄၉၀ ကျော်ပျက်စီးခဲ့ရပြီးဖြစ်ကြောင်း ဒေသခံအဖွဲ့များ၏ထုတ်ပြန်ချက်အရသိရသည်။ ထို့အပြင် ဒီဇင်ဘာလအတွင်း၌ အိမ်ခြေ ၃၀၀ ခန့်ရှိသည့် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့၊ ဒုန်းတောကျေးရွာတွင်လည်း အဌားလိုက်အလုပ်သမား ၁၁ ယောက်အား စစ်တပ်တပ်ဖွဲ့ဝင်များက လက်ပြန်ကြိုးတုပ်ရိုက်နှက်ပြီး လူမဆန်စွာ အစုလိုက်အပြုံလိုက် မီးရှို့သတ် ဖြတ်ခဲ့ပြန်သည်။ ထို့သို့သော စစ်တပ်၏ ရက်စက်မှုများသည် ပြည်သူများ၏ နာကျည်းမှုနှင့် ဒေါသကို ပိုတိုးစေကာ အာဏာ ရှင်တော်လှန်ရေးအရှိန်အဟုန်မှာ အချိန်ကာလကြာလာသော်လည်း မရပ်တန့်သွားဘဲ ဘက်ပေါင်းစုံမှ ဆက်လက်အားကောင်းစွာ တွန်းလှန်နေသည်ကို တွေ့ရသည်။

မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာရန် အမြန်ဆုံးလိုအပ်။

ဆယ်စုနှစ်ပေါင်းများစွာ နာမည်ဆိုးဖြင့်ကျော်ကြားသော မြန်မာစစ်တပ်သည် ၂၀၂၁ ခုနှစ်တွင်သာမက လွန်ခဲ့သောနှစ် ၇၀ ကျော်ကတည်းက လူနည်းစု လူမျိုးစုများ နေထိုင်ရာဒေသ အသီးသီးတွင် အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ထားပြီးဖြစ်သည်။ အာဏာသိမ်းပြီးသည့် နောက်ပိုင်းတွင် စစ်တပ်မှ ရွာလုံးကျွတ် နေအိမ်မီးရှို့ခြင်းများ၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်းများ၊ ပြည်သူ့ပစ္စည်းများအား အတင်းအဓမ္မ သိမ်းဆည်းခြင်း၊ ဖျက်ဆီးခြင်း၊ သာမန်အရပ်သားပြည်သူများအား ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ခြင်းများ၊ စစ်ကြောရေးတွင် သေသည်အထိ နှိပ်စက်သတ်ဖြတ်ခြင်းများကို တရားမဲ့စွာ စနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့် ရက်စက်ကြမ်းကြုတ်နေပြီးဖြစ်သည်။ မကြာသေးမီ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ကယားပြည်နယ်၊ ဖရူဆိုမြို့၌ လမ်းသွားလမ်းလာ အရပ်သားပြည်သူ ၄၉ ဦးဝန်းကျင်ကို စစ်တပ်မှ ဖမ်းဆီးချုပ်နှောင်ကာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သည်။ ထို့ပြင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် လေးကေ့ကော်မြို့အနီးတဝိုက်တွင်လည်း စစ်ကောင်စီ၏ စစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တို့ကြား တိုက်ပွဲများပြင်းထန်ခဲ့ပြီး မင်းအောင်လှိုင်တပ်မှ လေယာဥ်များအသုံးပြုကာ ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူပေါင်း ၅၀၀၀ ကျော်သည် ထိုင်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ ထိုသို့စစ်တပ်၏ လုပ်ရပ်များသည် နိုင်ငံတကာစံချိန်စံနှုန်းနှင့် ကိုက်ညီသော စစ်တပ်တတပ်၏ အသွင်လက္ခဏာ၊ ကျင့်ဝတ်များမှ သွေဖယ်ကာ အကြမ်းဖက်အဖွဲ့၏ သွင်ပြင်လက္ခဏာ၊ စရိုက်များနှင့် ထပ်တူကျနေသည်ကို ၂၀၂၁ ခုနှစ် အခင်းအကျင်းများမှ ထင်ရှားစွာ မီးမောင်းထိုးပြနေသည်။ မြန်မာပြည်သူများက ဖေဖော်ဝါရီလနောက်ပိုင်း စစ်ကောင်စီ၏ ရက်စက်မှုများအား ပိုမိုနားလည်သဘောပေါက်လာပြီးနောက် “စစ်တပ်”ဟူသော အသုံးအနှုန်းအစား “အကြမ်းဖက် အဖွဲ့”ဟုသာ ခေါ်ဝေါ်သုံးစွဲပြောဆိုနေကြပြီးဖြစ်၍ နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့်လည်း မင်းအောင်လှိုင်ဦးဆောင်သော လက်နက်ကိုင်အဖွဲ့အစည်းအား အကြမ်းဖက်အဖွဲ့အစည်းအဖြင့် ကြေငြာရန် ဤအစီရင်ခံစာဖြင့် နှိုးဆော်တိုက်တွန်းလိုက်သည်။ ကုလသမဂ္ဂနှင့် နိုင်ငံကြီးများ၏ အရေးယူမှုအားနည်းခြင်းသည်လည်း စစ်ကောင်စီအား လူသားမျိုးနွယ်အပေါ် ရက်စက်ကြမ်းကြုတ်မှုများအား ပိုမိုလုပ်ဆောင်နိုင်ရန် တွန်းအားပေးသကဲ့သို့ ဖြစ်နေသည်မှာ ငြင်းဆို၍ မရပေ။

Download Eng PDF:

Download MM PDF: