အမြစ်ဖြတ်တွန်းလှန်ရမည့် ကျားမ အခြေပြုအကြမ်းဖက်ခံရမှုများ

ဒီဇင်ဘာ 8, 2022

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ အကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းယူပြီးသည့်နောက်တွင် အပြစ်မဲ့ပြည်သူ များကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်မှုများကို ပုံသဏ္ဍာန်မျိုးစုံဖြင့် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင် သကဲ့သို့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ၊ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးမှုများ၊ လေယာဉ်ဖြင့် အရပ်သားများ နေထိုင်သည့် နေရာများသို့ ပစ်ခတ်သတ်ဖြတ်မှုများဖြင့် စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိသည်။

ထိုသို့သော အကြောင်းအရာများထဲမှ အကြမ်းဖက်စစ်တပ်အနေဖြင့် အရပ်သားများကို ပစ်မှတ်ထားရာတွင် ကျားမအခြေပြုအကြမ်းဖက်မှုများ၊ မုဒိမ်းမှုများကိုလည်း ရည်ရွယ်ချက်ရှိရှိဖြင့် အတိတ်ကာလ တလျှောက်လုံးတွင် ကျူးလွန်ခဲ့သလို၊ လက်ရှိမျက်မှောက်ကာလအထိလည်း ကျူးလွန်နေဆဲဖြစ်သည်။ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၏ ထုတ်ပြန်ထားချက်အရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်တပ်မှ မုဒိမ်းကျင့်မှု ၁၆ မှုထက်မနည်းရှိသလို၊ စစ်တပ်မှကျူးလွန်သော လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှု ၃ မှုထက်မနည်းရှိ နေကြောင်း သိရသည်။

ထို့အပြင် သတင်းမီဒီယာများ၊ ထုတ်ပြန်ချက်များတွင် အကြမ်းဖက်စစ်တပ်မှ အမျိုးသမီးများကို ဖမ်းဆီးပြီး နောက်တွင် အကျဉ်းထောင်ထဲ၌ အမျိုးသမီးအခွင့်အရေးဆုံးရှုံးမှုများ၊ မုဒိမ်းကျင့်မှုများ၊ လိင်ပိုင်းဆိုင်ရာအမြတ် ထုတ်မှုများကို မြင်တွေ့နေရဆဲဖြစ်သည်။ ထိုအချက်အလက်များမှာ ကာယကံရှင်များ၏ ထုတ်ဖော်ပြောဆိုမှု နည်းပါးသောကြောင့် အချက်အလက်များမရရှိသည့် ဖြစ်စဉ်ပေါင်းများစွာရှိနေသည်။ ထုတ်ဖော်ပြောဆိုမှု နည်းပါးသည့်အကြောင်းအချက်များထဲတွင် အကျဉ်းထောင်အတွင်း၌ ညှင်းပန်းနှိပ်စက်ခံခဲ့ရပြီးနောက် ဖွင့်ပြော ရန်ခက်ခဲမှုများ၊ ခြိမ်းခြောက်ခံခဲ့ရသည့်အတွက် ပြောဆိုရန် ခက်ခဲမှုများ စသည်ဖြင့် စိတ်ပိုင်းဆိုင်ရာများကိုပါ ထိခိုက်ဖျက်ဆီးခံခဲ့ကြရသည်။ သို့ဖြစ်၍ ကျားမအခြေပြုအကြမ်းဖက်မှုဆိုင်ရာ ကဏ္ဍရပ်၏ အဓိပ္ပာယ်ဖွင့်ဆို ချက်ကို တင်ပြလိုပါသည်။

ကျားမအခြေပြုအကြမ်းဖက်မှုဆိုသည်မှာ အမျိုးသားနှင့် အမျိုးသမီးများအကြား လူမှုရေးအရ သတ်မှတ်ချက် များကွဲပြားနေခြင်းအပေါ် အခြေခံ၍ တဦးတယောက်၏ ဆန္ဒကို ဆန့်ကျင်ပြီး ထိခိုက်နစ်နာစေရန် ကျူးလွန်သော အပြုအမူမှန်သမျှကို ခြုံငုံဖော်ပြသော အသုံးအနှုန်းတခုသာဖြစ်သည်။ ကျားမအခြေပြုအကြမ်းဖက်မှုများတွင် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ နှုတ်စကားဖြင့် အကြမ်းဖက်မှု၊ စီးပွါးရေးနှင့် ငွေကြေးဆိုင်ရာအကြမ်းဖက်မှု၊ နည်းပညာသုံးအကြမ်းဖက်မှု၊ ရင်းနှီးကျွမ်းဝင်သော လက်တွဲဖော်မှ အကြမ်းဖက်မှု၊ ထိန်းချုပ်သည့် အပြုအမူများ၊ ထိခိုက်နစ်နာစေသော လူမှုဓလေ့ထုံးတမ်းဆိုင်ရာ အကြမ်းဖက်မှု စသည်ဖြင့် ပါဝင်သည်။

ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအနေဖြင့် အကျဉ်းထောင်များအတွင်း နေထိုင်ခဲ့ရသည့် အမျိုးသမီး တချို့တွင် ကြုံတွေ့ခဲ့ရသည်ဟု သတင်းမီဒီယာများ၊ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူများ၏ ပြောပြချက် များအရသိရသည်။ ထိုသို့ ထိခိုက်နစ်နာသူများကိုလည်း အကြမ်းဖက်ကျူးလွန်သူများမှ ပြင်ပတွင် ၎င်းတို့ကြုံတွေ့ခဲ့ရသော ဖြစ်ရပ်များကို ပြန်လည်ပြောဆိုခြင်းမပြုလုပ်နိုင်ရန် ချိန်းခြောက်ထားခြင်းများကြောင့် ဖြစ်စဉ်များကို ရေငုံနှုတ် ပိတ်နေကြရသူများရှိနေသည်။ စိတ်ပိုင်းဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ အကြမ်းဖက်ခံရသူ (သို့) ၎င်း၏ ချစ်ခင်သူများ၊ ကလေးများအား နာကျင်အောင်လုပ်မည်ဟု ခြိမ်းခြောက်ခြင်း၊ လက်နက်ပြ၍ ခြောက်လှန့်ခြင်းတို့အပြင် အကြမ်းဖက်ခံရသူ နှစ်သက်သော ပစ္စည်းများကို ဖျက်စီးခြင်း၊ ဖျက်စီးမည်ဟု ခြိမ်းခြောက်ခြင်းတို့ ပါဝင်သည်။ ယမန်နှစ်က ဖြစ်စဉ်တခုတွင် ကလေးမီးဖွားထားသည့် သွေးနုသားနု သားသည်မိခင် ကို ဖမ်းဆီးမှုများသည် လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေများကို မဆိုထားနှင့် သာမန်စိတ်ခံစားချက်ဖြင့် ကြည့်မြင် မည်ဆိုလျှင်ပင် လုပ်ဆောင်ရန် မသင့်သည့် ကိစ္စရပ်များပင်ဖြစ်သည်။

အကျဉ်းထောင်ပြင်ပတွင်လည်း မတရားသဖြင့် ဖမ်းဆီးရာတွင် အမျိုးသမီးများကို ရိုက်နှက်ဖမ်းဆီးမှုများစွာ ရှိခဲ့သည် သိသာထင်ရှားသည့် ဖြစ်စဉ်များမှာ သတင်းထောက်အမျိုးသမီးများကို ဖမ်းဆီးရာတွင် ထိုကဲ့သို့ ကျူးလွန်မှုများကို ပြုလုပ်ခဲ့သည်။ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ရိုက်နှက်ခြင်း၊ ထိုးကြိတ်ခြင်း၊ ကျန်ကျောက်ခြင်း၊ တွန်းချခြင်း၊ ပစ်ပေါက်ခြင်း၊ လိမ်ချိုးခြင်း၊ လည်ပင်းညှစ်ခြင်း အစရှိသည့် ဆောင်ရွက်ချက်များပါဝင်သည်။

ကျားမအခြေပြုအကြမ်းဖက်မှုများကို ပြန်လည်ကြည့်မည်ဆိုလျှင် တရားဥပဒေစိုးမိုးမှုအားနည်းချက်ကို အခွင့် ကောင်းယူကာ ပဋိပက္ခနှင့် ဘေးဒုက္ခဖြစ်ပွါးနေစဉ်အတွင်း လုပ်ဆောင်ခြင်းမှာ အဓိက အချက်ဖြစ်နေပြီး၊ လူမျိုးစု များနေထိုင်သည့် ဒေသများတွင် ဝေးလံခက်ခဲသော နေရာများတွင် အခွင့်ကောင်းယူကာ အမျိုးသမီးများကို ပစ်မှတ်ထားအကြမ်းဖက်မှုများကို စစ်အစိုးရအဆက်ဆက်မှ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခဲ့သည်။

အာဏာရှင်ကို တွန်းလှန်တိုက်ထုတ်ရာတွင် အမျိုးသမီးများမှာလည်း အမျိုးသားများနည်းတူ ရင်ဘောင်တန်းကာ အသက်ချွေးတို့ဖြင့် တည်ဆောက်နေပြီး ရှေ့တန်းမှ ဦးဆောင်ကာ ပါဝင်နေကြသူများရှိသည်။ အမျိုးသမီးတို့၏ ဂုဏ်သိက္ခာနှင့် ဖြစ်တည်မှုတို့ကို လေးစား၍ ဖိုဝါဒကြီးစိုးသည့် စနစ်များ၊ အမှုအကျင့်များ၊ အတွေးအခေါ်များကို ပြုပြင်ပြောင်းလဲသင့်ပေသည်။

ကိုးကား
(၁) ပြည်သူ့ကျန်းမာရေးဦးစီးဌာန – ကျား/မ အခြေပြုအကြမ်းဖက်ခံရသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းလမ်းညွှန်။
(၂) အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)- နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ထုတ်ပြန်ကြေညာချက်။
(၃) ပြည်တွင်း သတင်းမီဒီယာများ