တကျော့ပြန် သတင်းလောက အမှောင်ခေတ်

ဇန်နဝါရီ 7, 2022

သတင်းသမားများ၊ သတင်းမီဒီယာလုပ်ငန်းများအတွက် စိန်ခေါ်မှုနှင့် မီဒီယာလွတ်လပ်ခွင့်ဆိုင်ရာ ဆန်းစစ်ချက်

အခန်း (၁) နိဒါန်း

၁.၁။ သတင်းလွတ်လပ်ခွင့်နောက်ခံအခြေအနေ

မြန်မာ့သမိုင်းတလျှောက် သတင်းလွတ်လပ်ခွင့် ဆုံးရှုံးခဲ့ရမှုများကို နောက်ကြောင်းပြန်ကြည့်မည်ဆိုလျှင် ခေတ်အဆက်ဆက် သတင်းလွတ်လပ်ခွင့်ဆုံးရှုံးမှုများတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် သတင်းသမားများနှင့် သတင်းဌာများကို တရားစွဲဆိုခြင်း၊ ဖမ်းဆီးခြင်း၊ အကြမ်းဖမ်နှိပ်စက်ခြင်း၊ တရားမဲ့ဖမ်းဆီးခြင်းများနှင့် ရာဇဝတ်ဆိုင်ရာပုဒ်မများဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခြင်းများသည် သမိုင်းတလျှောက် သတင်းမီဒီယာများ ဖမ်းဆီးခံရခြင်းများတွင် အဆိုးရွားဆုံးအခြေအနေ တပ်ရပ်ဟု ဆိုရပေမည်။

၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သည် စစ်တပ်က အာဏာသိမ်းပြီး တော်လှန်ရေး ကောင်စီကာလတွင် သတင်းလောကအတွက် ဆိုးရွားဆုံးသော သတင်းလွတ်လပ်ခွင့်ကန့်သတ်ခံခဲ့ရခြင်းနှင့်အတူ ပုဂ္ဂလိကသတင်းစာအားလုံး ရပ်ဆိုင်းသွားခဲ့ရသည်။ ထိုကာလတွင် သတင်းသမားများ သည်လည်း ၎င်းတို့ကို ဆန့်ကျင်တော်လှန်သည့် နိုင်ငံရေးသမားများကဲ့သို့ပင် နှစ်ရှည်ဖမ်းဆိးထောင်ချခြင်းခံခဲ့ရသည်။

၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သည် စစ်တပ်က အာဏာသိမ်းပြီး တော်လှန်ရေး ကောင်စီကာလတွင် သတင်းလောကအတွက် ဆိုးရွားဆုံးသော သတင်းလွတ်လပ်ခွင့်ကန့်သတ်ခံခဲ့ရခြင်းနှင့်အတူ ပုဂ္ဂလိကသတင်းစာအားလုံး ရပ်ဆိုင်းသွားခဲ့ရသည်။ ထိုကာလတွင် သတင်းသမားများ သည်လည်း ၎င်းတို့ကို ဆန့်ကျင်တော်လှန်သည့် နိုင်ငံရေးသမားများကဲ့သို့ပင် နှစ်ရှည်ဖမ်းဆိးထောင်ချခြင်းခံခဲ့ရသည်။

၁၉၉၈ ခုနှစ်တွင် တတိယအကြိမ်မြောက် စစ်တပ်က အာဏာသိမ်းခဲ့ပြန်သည်။ ထိုကာလတွင်လည်း သတင်းသမားအများအပြား ဖမ်းဆီးခဲ့ရပြန်သည်။

ယခု ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် သမိုင်းတလျှောက် စတုတ္တအကြမ်မြောက် စစ်တပ်က အာဏာသိမ်းခဲ့ပြန်သည်။ ထိုအာဏာသိမ်းမှုသည် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်း ကာလကဲ့သို့ပင် သတင်းသမားများနှင့် သတင်းဌာနများအပေါ် ဖိနှိပ်မှုနှင့် လိုင်စင်ပိတ်သိမ်းမှုများ ပြုလုပ်ခဲ့ပြီး ပုဂ္ဂလိကသတင်းဌာနများနှင့် သတင်းသမားများ လုံးဝ ရပ်တည်မရနိုင်စေရန် အပြင်းထန်ဆုံးနှင့် အဆိုးရွားဆုံး ဖိနှိပ်ကန့်သတ်မှုများ လုပ်ဆောင်ခဲ့သည်။

ယခု စစ်တပ်၏ စတုတ္တအကြိမ်မြောက် အာဏာသိမ်းမှုမှ သတင်းလွတ်လပ်ခွင့်ဆုံးရှုံးမှုသည် ၁၉၆၂ ခုနှစ် ဒုတိယအကြိမ် စစ်တပ်က အာဏာသိမ်းကာလ သတင်းလွတ်လပ်ခွင့် ဆုံးရှုံးမှုထက် ပိုမိုဆိုးရွားခဲ့ပြီး ရာချီသော သတင်းထောက်များ ဖမ်းဆီးခံခဲ့ရသည့်အပြင် သတင်းဌာန (၉)ခု ထုတ်ဝေခွင့် ပိတ်သိမ်းခံရခြင်းနှင့် သတင်းသမားများ၏ သတင်းလုပ်ငန်းကို လုပ်ကိုင်ခွင့်နှင့် ထုတ်လုပ်ခွင့်မရစေရန် ဖမ်းဆိးခြင်း၊ ရှာဖွေခြင်း၊ စောင့်ကြည့်ခြင်း၊ ဟန့်တားခြိမ်းခြောက်ခြင်းများ လုပ်ဆောင်ခဲ့သည်။

ဖမ်းဆီးခံရသည့် သတင်းထောက်များထဲမှ တချို့မှာ အထူးတရားရုံးများတွင် ကြီးလေး သော ရာဇဝတ်မှုပုဒ်များ တပ်ကာ တရားစွဲဆိုခံရခြင်း၊ အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်ခံရခြင်း၊ စစ်တပ်၏ စစ်ကြောရေးစခန်းများတွင် ကာလကြာမြင့်စွာ ဖမ်းဆီးချုပ်နှောင် နှိပ်စက်ခံရခြင်း၊ ခြိမ်းခြောက်ခံရခြင်းများကြုံခဲ့ကြရသည်။

အာဏာသိမ်းပြီး နောက်တစ်ရက် ဖေဖော်ဝါရီလ (၂)ရက်နေ့မှ စ၍ သတင်းလွတ်လပ်ခွင့်ကို အမိန့်ကြေညာစာ တစ်ရပ်ထုတ်ပြန်ပြီး စတင်ကန့်သတ်လာခဲ့သည်။ ထို့နောက် သတင်းဌာနများ (၉)ခုကို ဆက်တိုက်ဆိုသလို ပိတ်သိမ်းအရေးယူမှုများ လုပ်ဆောင်ခဲ့ပြီး သတင်းဌာနများ၏ ရုံးများသို့ ဝင်ရောက်ပြီး သတင်းလုပ်ငန်းသုံးပစ္စည်းများကို ရှာဖွေသိမ်းဆည်းခြင်း၊ ဖျက်ဆီးခြင်း၊ သတင်းဌာ ဦးဆောင်သူများကို ဖမ်းဆီးခြင်းများပြုပြီးနောက် သတင်းထောက်များကို ဆက်တိုက်ဆိုသလို ဖမ်းဆီးအရေးယူမှုများပြုလုပ်ခဲ့သည်။ ထို့အပြင် ဧရာဝတီသတင်းဌာနကိုလည်း တရားစွဲဆိုခဲ့သည်။

သတင်းသမားတချို့ကို အကြမ်းဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ပြီး သတင်းသမားများနေထိုင်ရာ ရုံးများနှင့် နေအိမ်များတွင် ဝင်ရောက်ဖမ်းဆီးမှုများ ဆက်တိုက်ဆိုသလို လုပ်ဆောင်လာခြင်းကြောင့်ပင် သတင်းသမားတိုင်း သတင်းလုပ်ငန်းများကို ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ခြင်းကြောင့် ပြည်တွင်းနေရာအနှံ့အပြားသို့ ထွက်ပြေးတိမ်းရှောင်ခြင်း၊ အာဏာသိမ်းစစ်တပ်လက်လှမ်းမမှီနိုင်သော တိုင်းရင်းသား လက်နက်ကိုင်ထိန်းချုပ်နယ်မြေများတွင် ထွက်ပြေးခိုလှုံခြင်းနှင့် ပြည်ပနိုင်ငံများသို့ ပြောင်းရွှေ့နေထိုင်ခြင်းများ လုပ်ဆောင်ခဲ့ကြရသည်။

အာဏာသိမ်း စစ်ကောင်စီ၏ သတင်းမီဒီယာအပေါ် နည်းမျိုးစုံဖိနှိပ်မှု အခြေအနေအမျိုးမျိုးက သမိုင်းတလျှောက် သတင်းလွတ်လပ်ခွင့်နှင့် သတင်းလုပ်ငန်းများ ရပ်တည်ရေး၊ သတင်းသများများ၏ ဘေးကင်းလုံခြုံရေးကို အဆိုးရွားဆုံး ဆုံးရှုံးခဲ့ရခြင်းပင်ဖြစ်သည်။

၁၁ လတာ ကာလအတွင်း သတင်းမီဒီယာလုပ်ငန်းနှင့် သတင်းသမားများ၏ စိန်ခေါ်မှုဆိုင်ရာ ခြုံငုံလေ့လာသုံးသပ်ချက်

၁၉၆၂ ခုနှစ် ဗိုလ်လျုပ်ကြီးနေဝင်း အာဏာသိမ်းမှုမတိုင်မီ ပုဂ္ဂလိက သတင်းစာအစောင် (၄၀) ရှိခဲ့သော်လည်း သတင်းစာလွတ်လပ်ခွင့်အပေါ် ဖိနှိပ်မှုအမျိုးမျိုးကြောင့် တဖြည်းဖြည်းပျောက်ကွယ်ခဲ့ကာ ၁၉၇၂ ခုနှစ်တွင် သတင်းစာ ခုနှစ်စောင်သာ ရှိတော့သည်ဟု “ မြန်မာ့သတင်းစာသမိုင်း” တွင် ဖော်ပြထားသည်။ ယခုတဖန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်တွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် ပုဂ္ဂလိက သတင်းစာနှင့်ဂျာနယ်များ ပျောက်ကွယ်ခဲ့ရပြန်သည်။

အာဏာသိမ်းပြီး တစ်လကျော်အကြာတွင် သတင်းဌာနများကို လိုင်စင်ပိတ်သိမ်းခြင်းနှင့် သတင်းဌာများသို့ ဝင်ရောက်ရှာဖွေ ဖမ်းဆီးသိမ်းဆည်းခြင်း၊ သတင်းလုပ်ငန်းလုပ်ကိုင်သူများကို ဖမ်းဆီးခြင်းများပြုလုပ်လာပြီးနောက် ပုဂ္ဂလိကသတင်းစာများ၊ အပတ်စဉ်၊ လစဉ်ထုတ်စာစောင်များသာမက ရုပ်သံနှင့် အွန်လိုင်းအခြေပြုမီဒီယာအများအပြား လုံးဝ ရပ်ဆိုင်းသွားခဲ့သည့် အခြေအနေကို တဖန်ကြုံတွေ့ခဲ့ရပြန်သည်။ ထိုအခြေအနေက မြန်မာ့သတင်းမီဒီယာလောက၏ သတင်းလွတ်လပ်ခွင့်နှင့် သတင်းသိပိုင်ခွင့် အခွင့်အရေးများကို အဆိုးရွားဆုံး ထိခိုက်စေခဲ့သည့် ဖြစ်ရပ်ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

သတင်းထောက် ရာချီအဖမ်းခံရခြင်း၊ ၎င်းတို့ထဲမှ သတင်းထောက်တချို့ အကြမ်းဖက်နှိပ်စက်ခံရခြင်းနှင့် ကြီးလေးသော ပုဒ်များဖြင့် စွဲချက်တင်ခံရခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်းများကို သတင်းသမားများ ရင်ဆိုင်ကြုံတွေ့လာရသည့်အတွက် သတင်းဌာနများရပ်တည်ရေးနှင့် သတင်းထုတ်လုပ်ခွင့်ကို အကြီးမားဆုံးထိခိုက်လာခဲ့ပြန်သည်။

သတင်းလုပ်ငန်းလုပ်ကိုင်သူများနှင့် သတင်းထောက်များကို ပစ်မှတ်ထားဖမ်းဆီးမှုများ အရှိန်မြှင့်ဆောင်ရွက်လာခဲ့ခြင်းကြောင့် သတင်းသမားများ သတင်းလုပ်ငန်းကို ကောင်းစွာမလုပ်ကိုင်နိုင်တော့ဘဲ နိုင်ငံတဝှမ်းရှိ သတင်းထောက်များစွာသည် မိမိနေရပ်နှင့် သတင်းဌာနတို့ကို စွန့်ခွာကာ ထွက်ပြေးနေရခြင်း၊ တိမ်းရှောင်နေရခြင်းများကို လုပ်လာခဲ့ကြရသည်။ ထိုအခြေအနေကို ရင်ဆိုင်ကြုံတွေ့နေရသည့် သတင်းဌာနနှင့် သတင်းသမားများ၏ လွတ်လပ်စွာခွင့်နှင့် ဘေးကင်းလုံခြုံရေးအပေါ် ဆိုးရွားစွာ ထိခိုက်လာခဲ့ရခြင်းဖြစ်သည်။

သတင်းဌာနများ၏ ထုတ်ဝေခွင့်လိုင်စင် ပိတ်သိမ်းအရေးယူမှုအပြင် သတင်းသမားများအနေဖြင့် ဖမ်းဆိးခံရခြင်း၊ အကျဉ်းထောင်အသီးသီးတွင် အမှုရင်ဆိုင်နေရခြင်း၊ သတင်းသမားဆိုင်းကြောက်လန့်စိုးရိမ်နေရခြင်း၊ သတင်းဌာများတွင် တာဝန်ထမ်းဆောင်နေကြသည့် သတင်းသမားများမှာ ထွက်ပြေးတိမ်းရှောင်နေရခြင်း၊ သတင်းဌာနများကို ရှာဖွေသိမ်းဆည်းခြင်းနှင့် အမှုဖွင့်ခြင်း၊ တရားစွဲဆိုခြင်းစသည့် လုပ်ရပ်များကြောင့် အာဏာသိမ်းစကာလများတွင် သတင်းစာဂျာနယ်များ လုံးဝရပ်ဆိုင်းသွားရခြင်းနှင့် အွန်လိုင်းသတင်း ဌာန (၄၀) နီးပါး ရပ်နားသွားခဲ့သည်။ ထိုအခြေအနေများသည် စစ်ကောင်စီက သတင်းမီဒီယာများ၏ သတင်းလွတ်လပ်ခွင့်နှင့် အများပြည်သူ၏ သတင်းသိရှိပိုင်ခွင့်ကို ဖိနှိပ်သည့် စစ်ရေးဗျုဟာ၏ သက်ရောက်မှုဖြစ်ခဲ့သည်။ တနည်းဆိုသော် သတင်းအမှောင်ချသည့် လုပ်ရပ်ဖြစ်သည်။

စစ်ကောင်စီသည် သတင်းဌာနများနှင့် သတင်းသမားများအပေါ် အဆိုးရွားဆုံးအကြမ်းဖက် ဖိနှိပ်မှုများ ပြုလုပ်ခဲ့ပြိး သတင်းလွတ်လပ်ခွင့် ပျောက်ကွယ်သွားစေရန် သတင်းဌာနများ၏ ထုတ်ဝေခွင့်များ ရပ်ဆိုင်းလိုက်ခြင်းနှင့် ရုပ်သံပြသခြင်းများ ဖြတ်တောက်ခြင်း၊ သတင်းသမားများ ဖမ်းဆီးထောင်ချခြင်း၊ အကြမ်းဖက်ရိုက်နှက်ခြင်း၊ သတင်းဌာနရုံးများ ဝင်ရောက်ရှာဖွေဖျက်ဆီးခြင်း၊ ရာဇဝတ်မှုပုဒ်မများတပ်ကာ အရေးယူအမှုဖွင့်ခြင်းနှင့် သတင်းဌာနများနှင့် သတင်းသမားများကိုပါ ဖိနှိပ်ရန် ဉပဒေများပြင်ဆင်ဌာန်းလာခြင်းစသည့် နည်းအမျိုးမျိုးအသုံးပြုလုပ်ဆောင်ခဲ့သည်။

အာဏာသိမ်းပြီးနောက် တစ်လကျော်ကာလအတွင်း သတင်းသမားများနှင့် သတင်းမီဒီယာ လုပ်ငန်းများအပေါ် ဖိနှိပ်ချုပ်ခြယ်ကန့်သတ်ရန် ရည်ရွယ်ပြီး ပြင်ဆင်ပြဌာန်းလိုက်သည့် ဥပဒေများ အပြင် “ မြန်မာနိုင်ငံ သတင်းမီဒီယာဥပဒေ” ပါ ပြဌာန်းချက်များကို မျက်ကွယ်ပြုကာ ပြင်းပြင်းထန်ထန် အရေးယူဖိနှိပ်နိုင်သည့် လိုသလိုအသုံးပြုထားသည့် ရာဇဝတ်ကြောင်းဆိုင်ရာ ဥပဒေပုဒ်မများဖြင့် သတင်းသမားများ အမှုဖွင့်အရေးယူခြင်းခံခဲ့ရပြီး လက်ရှိတွင် သတင်းသမား (၄၈) ဦးသည် အကျဉ်းထောင် (သို့မဟုတ်) အချုပ်များတွင် ချုပ်နှောင်ခံထားရဆဲဖြစ်သည်။

ဖမ်းဆီးခံရသည့် သတင်းသများများထဲက အမှုဖွင့်အရေးယူခံရသည့် သတင်းသမားများအပြားမှာ စစတပ်၏ စစ်ဆေးမေးမြန်းခြင်းခံရပြိး ထိုသို့မေးမြန်းစဉ် ညှင်းပန်းနှိပ်စက်ရိုက်နှက်ခံရခြင်း၊ ခြိမ်းခြောက်ခံရခြင်းများကို ခံစားကြရပြီးမှသာ ရဲစခန်းများသို့ လွှဲပြောင်းပြိး တရားစီရင်ရေးဘက်သို့ ရောက်ရှိခဲ့ကြရခြင်းဖြစ်သည်။

စစ်တပ်က အာဏာသိမ်းကာလတလျှောက် သတင်းသမားများ၏ လုံခြုံရေးသာမက သတင်းသမားများ၏ မိသားစုလုံခြုံရေးကိုပါ နှောင့်ယုက်ခဲ့သည်။ ပစ်မှတ်ထား ဖမ်းဆီးလိုသည့် သတင်းထောက်များကို ဖမ်းဆိးမရပါက ၎င်း၏ မိသားစုဝင်များကို ဖမ်းဆိးမှုများကို ကျူးလွန်ခဲ့သည်။

ထို့ပြင် ယခင်က သတင်းလုပ်ငန်းလုပ်ကိုင်ခဲ့ဖူးသည့် သတင်းသမားဟောင်းများကိုပင် ဖမ်းဆီးခြင်းများ လုပ်ဆောင်လာသည့်အတွက် လက်ရှိတွင် သတင်းဌာနများတွင် လုပ်ကိုင်ခြင်းမရှိသော်လည်း အတိတ်တွင် သတင်းလုပ်ငန်း လုပ်ကိုင်ခဲ့ဖူးသူများ၏ လုံခြုံရေးကိုပါ ခြိမ်းခြောက်ခဲ့သည့်အထိ ဆိုးရွားလာခဲ့သည်။

အာဏာသိမ်း ၁၁ လတာ ကာလအတွင်း သတင်းမီဒီယာသမား အမျိုးသား (၁၁၅) ဦးနှင့် အမျိုးသမီး (၂၆) ဦး၊ စုစုပေါင်း (၁၄၁) ဦး ဖမ်းဆီးထိန်းသိမ်းခဲ့ခဲ့ရပြီး ရာဇဝတ်ကြောင်းဆိုင်ရာပုဒ်မများဖြင့် တရားစွဲဆို အမိန့်ချမှတ်ခံရသည့် သတင်းမီဒီယာသမား အမျိုးသား (၉)ဦးနှင့် အမျိုးသမီး (၄) ဦး စုစုပေါင်း (၁၃) ဦး အမိန့်ချမှတ်ခံခဲ့ရသည်။ စစ်ကောင်စီက အကျဉ်းထောင်အသီးသီး၌ ဖမ်းဆိးထားသူများ ပြန်လည်လွှတ်ပေးခဲ့ရာမှာ ဇွန်လ (၂၀)ရက်တွင် နိုင်ငံအနှံ့မှ သတင်းမီဒီယာသမား (၁၄) ဦးနှင့် အောက်တိုဘာလ (၁၈)၊ (၁၉) နှင့် (၂၀) ရက်တို့တွင် လွတ်ငြိမ်းချမ်းသာခွင့်နှင့်အတူ သတင်းမီဒီယာသမား (၁၈) ဦး ပြန်လည်လွတ်မြောက်လာခဲဲ့သည့်အပြင် ခေတ္တခဏထိန်းသိမ်းခံရသူနှင့် ရက်အနည်းငယ်ထိန်း သိမ်းခံရပြီး ပြန်လည်လွတ်မြောက်လာသည့် သတင်းသမား (၆၁) ဦးထိရှိခဲ့ရာ လွတ်မြောက်လာသည့် သတင်းမီဒီယာသမား (၉၃) ဦးအထိရှိပြီဖြစ်သည်။ ဖမ်းဝရမ်းအထုတ်ခံထားရသူ သတင်းမီဒီယာသမား အမျိုးသား (၃၀) နှင့် အမျိုးသမီး (၃) ဦးရှိပြီး ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအထိ အထူးတရားရုံးများတွင် သတင်းမီဒီယာသမား (၂၇)ဦး အမှုရင်ဆိုင်နေရဆဲဖြစ်သည်။

စစ်တပ်အာဏာသိမ်းယူထားစဉ်ကာလအတွင်း သတင်းလွတ်လပ်ခွင့် ဆုံးရှုံးခြင်းနှင့်အတူ သတင်းသမား ဘေးကင်းလုံခြုံရေး၊ မီဒီယာလုပ်ငန်းများ ရှင်သန်ရပ်တည်ရေး၊ သတင်းသမားတို့အတွက် တရားမျှတမှု၊ လွတ်လပ်ခွင့်များ၊ ရပိုင်ခွင့်များ ဆိုးဆိုးရွားရွားဆုံးရှုံးခဲ့ရသည့် ကာလပင်ဖြစ်ခဲ့သည်။

အခန်း (၂) သတင်းမီဒီယာလုပ်ငန်းများ၊ သတင်းသမားများ၏ လွတ်လပ်ခွင့်နှင့် ရပိုင်ခွင့်များအပေါ် ဖိနှိပ်ကန့်သတ်ခြင်း

၂.၁။ သတင်းလွတ်လပ်ခွင့်အပေါ် စစ်ကောင်စီက ဖိနှိပ်ဟန့်တားခြင်း

အာဏာသိမ်းပြီး နောက်တစ်ရက် ဖေဖော်ဝါရီလ (၂) ရက်မှာပင် သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်ဟန့်တားခြိမ်းခြောက်သည့် အမိန့်ကြေညာချက်တစ်ခု စတင်ထုတ်ပြန်ခဲ့သည်။ ၎င်းမှာ အာဏာသိမ်း စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနက အမိန့်အမှတ် (၁/၂၀၂၁) ဖြင့် “ လူမှုကွန်ရက်ပေါ်တွင် ကောလာဟလများ သတင်းများထုတ်ပြန်ခြင်း၊ ဆူပူမှုဖြစ်ပေါ်စေရန် စည်းရှုံးလှုံဆော်ခြင်း၊ မငြိမ်မသက်ဖြစ်ပေါ်စေရန် ကြေညာချက်ထုတ်ပြန်ခြင်းများမပြန်လုပ်ရန်နှင့် သတင်းမီဒီယာများအနေဖြင့် တည်ဆဲဥပဒေများနှင့်အညီ အစိုးရနှင့် ပူးပေါင်းရန်” ထုတ်ပြန်ချက်ဖြင့် သတင်းလွတ်လပ်ခွင့်အပေါ် ကောလာဟလ၊ ဆူပူမငြိမ်သက်မှု သတင်းဖော်ပြမှုများအဖြစ် တံဆိပ်ကပ်ခဲ့ပြီး ကန့်သတ်ခြင်း၊ ခြိမ်းခြောက်ခြင်းများဖြင့် စတင်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီနှင့်ပတ်သက်သည့် ခေါ်ဝေါ်သုံးစွဲမှုနှင့်ပတ်သက်ပြီး စတင်ကန့်သတ်ဖိနှိပ် လာခဲ့ပြန်သည်။ သတင်းမီဒီယာများအနေဖြင့် “ အာဏာသိမ်းအစိုးရ” ဟု အမည်နာမခေါ်ဝေါ်သုံးစွဲခြင်းမပြုရန် နှင့် သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ ကြပ်မတ်ပေးရန် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ ဖေေဖာ်ဝါရီ (၁၁) ရက် နေ့စွဲဖြင့် စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ပေးပို့ခဲ့သည်။

“ သတင်းသမားများနှင့် သတင်းမီဒီယာအဖွဲ့အစည်းများအနေဖြင့် သတင်းရေးသားထုတ်လွှင့် ဖော်ပြရာတွင် တည်ဆဲဥပဒေအညီဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သောကြောင့် သတင်းမီဒီယာဥပဒေ အခန်း (၄) ပုဒ်မ-၉ (က) (ခ)နှင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေ အခန်း (၄) ပုဒ်မ-၈ (က) (ခ) ပါ အကြောင်းအရာများကို ဖော်ပြနေခြင်းကြောင့် အာဏာသိမ်းအစိုးရဟု မမှန်မကန်သုံးနှုန်းခြင်း၊ မီဒီယာကျင့်ဝတ်နှင့် မညီသည့် ဆောင်ရွက်မှုများကြောင့် သတင်းမီဒီယာသမားများနှင့် သတင်းမီဒီယာအဖွဲ့အစည်းများက သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ ဆောင်ရွက်ကြရန်ဆိုသည့် ကြေညာချက်ကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ ပေးပို့ခဲ့သည်။

ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာက သတင်းဌာနများသို့လည်း အထက်ပါ အတိုင်း စစ်ကောင်စီနှင့် ပတ်သက်သည့် ခေါ်ဝေါ်သုံးစွဲမှုအပေါ် ကန့်သတ်ခြင်းနှင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းမီဒီယာများအပေါ်ခြိမ်းခြောက်ဟန့်တား သတိပေးစာများ ပေးပို့ခဲ့ပြန်သည်။

အဆိုပါထုတ်ပြန်စာသည် အာဏာရယူပြီး ရက်ပိုင်းအတွင်းပင် သတင်းမီဒီယာများ၊ သတင်းသမားများ၏ သတင်းရယူပိုင်ခွင့်နှင့် သတင်းသမားအခွင့်အရေးများအပေါ် ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာရောက်ခဲ့ခြင်းပင်ဖြစ်သည်။ ထိုအချက်သည် တည်ဆဲဥပဒေဖြစ်သည့် မြန်မာနိုင်ငံသတင်းမီဒီယာဥပဒေပါ သတင်းမီဒီယာသမားများ၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို စတင်မျက်ကွယ်ပြုကာ တားမြစ်ဟန့်တားဖိနှိပ်ခြင်းပင်ဖြစ်သည်။

စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း စက်တင်ဘာလ ၂၈ ရက်က ပြုလုပ်ခဲ့သည့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီ အစည်းအဝေးတွင်

“ နိုင်ငံတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးနှင့် ပြန်ကြားရေးဝန်ကြိးဌာနများအနေဖြင့် မီဒီယာထိန်းချုပ်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် သတင်းထောက်များ၏ အသက်အရွယ် စဉ်းစားသုံးသပ်ရန် လိုအပ်သည်” ဟု ပြောကြားခဲ့ကြောင်း

သတင်းများထွက်ရှိလာပြီး အဆိုပါ အစည်းအဝေးလမ်းညွှန်ကြားချက်မှာ ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးရှိ စစ်ကောင်စီ လက်အောက်ခံ ဌာနများထံ ဖြန့်ဝေခဲ့သည်။

ထိုညွှန်ကြားပြောဆိုမှုများသည် စစ်ကောင်စီမှ သတင်းမီဒီယာထိန်းချုပ်ရေးကို လက်ရှိအခြေအနေထက် ပိုမိုတင်းကြပ်စွာဆောင်ရွက်နိုင်သည့် အခြေအနေတစ်ရပ်ဖြစ်လာခဲ့သည်။ ထိုပြောကြားမှုနှင့်အတူ သတင်းမီဒီယာသမားမများကို ထပ်မံဖိနှိပ်ရန် ရည်ရွယ်သည့် ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်မှုဆိုင်ရာ ဥပဒေ ပြင်ဆင်ချက်ကို ပြဌာန်းလာခဲ့သည်။

ဟိုတယ်နှင့် တည်းခိုခန်း လုပ်ငန်းရှင်များသို့ နိုဝင်ဘာ (၂၂) ရက် နေ့စွဲဖြင့် မတ်လ (၈) ရက်နေ့က ထုတ်ဝေခွင့်လိုင်စင် ပိတ်သိမ်းခြင်းခံထားရသည့် DVB, Myanmar Now, Mizzima, 7 Days နှင့် Khit Thit Media သတင်းဌာနများမှသတင်းများကို ဖမ်းယူကြည့်ရှုနိုင်စေရန် ဝန်ဆောင်မှုပေးနေသည့်အပေါ် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက စာထုတ်ပြန်ခဲ့သည်။

Download Eng Full Report: PDF

Download MM Full Report: PDF