“ အချိန်မီပြင်ဆင်ခွင့်”

ဇူလိုင် 16, 2020

အစိုးရသက်တမ်း ၄ နှစ် အတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဆန်းစစ်ခြင်း

၁.၁။ နောက်ခံအခြေအနေ

မြန်မာနိုင်ငံသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် ပတ်သက်လျှင် ၁၉၆၂ ခုနှစ်နောက်ပိုင်းမှစ၍ ယနေ့အချိန်ထိ အိမ်မက်ဆိုးထဲတွင် ရှင်သန်နေရဆဲဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် လွတ်လပ်စွာတွေးခေါ်ခွင့်ကို အာမခံချက်ပေးထားနိုင်ခဲ့သည်ဟု ဆိုကြသည်။ ၁၉၅၀ တွင် မြန်မာနိုင်ငံ၏ သတင်းစာလွတ်လပ်ခွင့်သည် အာရှတွင် အလွတ်လပ်ဆုံးများထဲမှ တစ်ခြအဖြစ် ရပ်တည်နိုင်ခဲ့သည်။ သို့သော် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်းအစိုးရ၊ အာဏာရယူပြီးချိန်မှစ၍ ဗမာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဦးဆောင်သော တစ်ပါတီစနစ်အောက်တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင် အပါအဝင် အခြားသော လူ့ရပိုင်ခွင့်များပါ လျော့နည်းဆုံးရှုံးခဲ့ရသည်။ တစ်ပါတီအာဏာရှင်အစိုးရ၏ ဖိနှိပ်မှု၊ အခြေခံ လူ့ရပိုင်ခွင့်များစွာ ဆုံးရှုံးမှု၊ စီးပွားရေးကျဆင်းမှုနှင့် အစစအရာရာနိမ့်ကျ နွမ်းပါးမှုတို့ကြောင့် နိုင်ငံတစ်ဝန်းလုံး ပြည်သူတစ်ရပ်လုံး ပါဝင်သော ရှစ်လေးလုံး အရေးတော်ကြီး ပေါ်ပေါက်လာခဲ့သည်။ လူထုတစ်ရပ်လုံးပါဝင်ဆန္ဒထုတ်ဖော်သည့် အရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့သည်။​ လူထုတစ်ရပ်လုံးပါဝင်ဆန္ဒထုတ်ဖော်သည့် အရေးတော်ပုံကြီး ပြီးနောက်တွင် ၁၉၉၀ ပါတီစုံရွေးကောက်ပွဲကို ကျင်းပပေးခဲ့သော်လည်း အနိုင်ရပါတီနှင့် ကိုယ်စားလှယ်များကို တပ်မတော်က အာဏာလွှဲပြောင်းပေးခြင်းမရှိဘဲ နိုင်ငံတော်အာဏာကို လုံးလုံးလျားလျား သိမ်းပိုက်ခဲ့ပြန်သည်။ အာဏာသိမ်းပြီးနောက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (စစ်အစိုးရ)မှ နိုင်ငံကိုအဘက်ဘက်မှ ဖိနှိပ်အုပ်ချုပ်ခဲ့ကာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်သည်လည်း အခြားရပိုင်ခွင့်များနည်းတူ ဆုံးရှုံးခဲ့ရသည်။

ထို့နောက် စစ်အစိုးရမှ ဦးဆောင်ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ခဲ့ပြီး ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကျင်းပခဲ့သည်။ ရွေးကောက်ပွဲတွင် စစ်ဗိုလ်ချုပ်ဟောင်းများ၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီအနိုင်ရပြီး စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန် ဦးဆောင်သော အစိုးရပေါ်ပေါက်ကာ စစ်အုပ်ချုပ်ရေးစနစ်မှ ဟန်ပြဒီမိုကရေစီစနစ်သို့ စတင်ကူးပြောင်းခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် ရေးသားဖြန့်ဝေခွင့်၊ ပုဒ်မ ၃၆၅ တွင် အနုပညာဆိုင်ရာလွတ်လပ်စွာထုတ်ဖော်ခွင့်တို့ကို ရေးသေားဖော်ပြထားသော်လည်း တည်ဆဲဥပဒေများနှင့် မဆန့်ကျင်လျှင် ဖော်ပြပါအခွင့်အရေးများကို ကျင့်သုံးခွင့်ရှိသည်ဟု ခြေဆင်းတွင်ဖော်ပြကာ ပြန်လည်ကန့်သတ်ထားသည်ကို တွေ့ရသည်။ တစ်နည်းအားဖြင့် ဆိုရသော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ပေးထားသယောင်နှင့် ကန့်သတ်ထားခြင်းဖြစ်ပေသည်။

ထို့အပြင် သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် သတင်းအချက်အလက် လွတ်လပ်ခွင့်အတွက် အကာကွယ်ပေးထားသော ပုဒ်မများလည်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်ခြင်းမရှိပေ။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ပြဌာန်းချက်သည် ပင်စည်သဖွယ်ဖြစ်သည့် အခြေခံဥပဒေတွင်ပင် ကာကွယ်ပေးခံခြင်းမရှိသည့်အပြင် ဖိနှိပ်ခံနေရသည်။

ဦးသိန်းစိန်အစိုးရလက်ထက်၌ ပုဂ္ဂလိက သတင်းစာများ၊ ဂျာနယ်များကို ထုတ်ဝေခွင့်ပြုခဲ့ခြင်း၊ သံချပ်များပြန်လည်လက်ခံခြင်းနှင့် ဆန္ဒပြခြင်းတို့ကို ဥပဒေတစ်ရပ်ရေးဆွဲကာ ခွင့်ပြုခဲ့ခြင်းတို့ကြောင့် ယခင် ဦးသန်းရွှေ ဦးဆောင်သော နအဖ စစ်အစိုးရ နှင့် နှိုင်းယှဉ်လျှင် တိုးတက်လာသည်ဟု ဆိုနိုင်သည်။ ထို့နောက် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) သောင်ပြိုကမ်းပြိုအနိုင်ရခဲ့ပြီး လူ့အခွင့်အရေးနှင့် လွတ်လပ်စာထုတ်ဖော်ပြောဆိုခွင့်ကိုပိုမိုရရှိလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။ ယခု အစီရင်ခံစာတွင် NLD အစိုးရသစ်လက်ထက် ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၂၀၂၀ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ထိ အစိုးရသက်တမ်း ၄ နှစ်အတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့်ပတ်သက်၍ တွေ့ရှိချက်များအား မှတ်တမ်းတင် လေ့လာဖော်ထုတ်ထားပါသည်။

Download PDF English | Myanmar