ဇန်နဝါရီလ တလအတွင်း အကြမ်းဖက်စစ်တပ်အားဆန့်ကျင်သည့် လူထုဆန္ဒထုတ်ဖော်မှုများ

ဖေ‌ဖော်ဝါရီ 6, 2024

ဇန်နဝါရီလ တလအတွင်း အကြမ်းဖက်စစ်တပ်အားဆန့်ကျင်သည့် လူထုဆန္ဒထုတ်ဖော်မှုများ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း၌ မြန်မာနိုင်ငံ၏ ဒေသအသီးသီးတွင် စစ်အာဏာရှင်အားဆန့်ကျင်သည့် ကမ်ပိန်းနှင့် ဆန္ဒပြပွဲပေါင်း (၂၅၀)ကျော် ထွက်ရှိခဲ့သည်ကို ကောက်ယူရရှိထားသော အချက်အလက်များအရ တွေ့ရှိရသည်။ အကြမ်းဖက်စစ်အုပ်စုအားဆန့်ကျင်သည့်  ဆန္ဒပြပွဲများမှာ ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် (၈) ကြိမ်၊ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် (၂) ကြိမ်၊ ကရင်ပြည်နယ်တွင် (၁) ကြိမ်၊ မကွေးတိုင်း၊ ထီးလင်း၊၊ မြိုင်၊ ရေနံချောင်းနှင့် ရေစကြိုမြို့များတွင် (၆) ကြိမ်၊ မန္တလေးတိုင်းတွင် (၁) ကြိမ်၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် (၁) ကြိမ်၊ စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များဖြစ်သည့် အရာတော်၊ ချောင်းဦး၊ ကနီ၊ လက်ပတောင်း၊ မုံရွာ၊ ပုလဲ၊ ဆားလင်းကြီး၊ ရွှေဘို၊ ဝက်လက်၊ ယင်းမာပင်မြို့နယ်များတွင် အကြိမ်အရေးအတွက်အားဖြင့် အနည်းဆုံး (၁၆၇ ) ကြိမ်၊ တနင်္သာတိုင်းအတွင်းရှိ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်တွင် (၆) ကြိမ်၊ ရန်ကုန်တိုင်းတွင် (၂) ကြိမ်နှင့် သပိတ်တည်နေရာအားဖော်ပြနိုင်ခြင်းရှိသည့် ဒေသများတွင် အနည်းဆုံး (၆) ကြိမ်အထိ အသီးသီး ထွက်ပေါ်ခဲ့သည်ကို တွေ့ရသည်။

ဇန်နဝါရီလ တလအတွင်း အကြမ်းဖက်စစ်တပ်အားဆန့်ကျင်သည့် လူထုလှုပ်ရှားမှု ကမ်ပိန်းများ

ဇန်နဝါရီလအတွင်း ပြည်သူများမှ အကြမ်းဖက်စစ်တပ်အားဆန့်ကျင်သည့် ကမ်ပိန်းများနှင့်  တော်လှန်ရေးဟောပြောပွဲများကိုလည်း လူထုလှုပ်ရှားမှုများအနေဖြင့် ဖော်ဆောင်ခဲ့သည်ကိုလည်း တွေ့ရှိရသည်။ ကောက်ယူထားသည့် စစ်တမ်းများအရ မကွေးတိုင်းရှိ မြိုင်နှင့် ပခုက္ကူမြို့တွင် (၂) ကြိမ်၊ စစ်ကိုင်းတိုင်း၊ အရာတော်၊ ဘုတလင်၊ ကနီ၊ ပုလဲ၊ ဆားလင်းကြီး၊ ဝက်လက်နှင့် ယင်းမာပင်မြို့များတွင် (၁၀) ကြိမ်နှင့် ရန်ကုန်တိုင်းတွင် (၉) ကြိမ် ပြုလုပ်ခဲ့ကြသည်။

ဇန်နဝါရီလ တလအတွင်း အကြမ်းဖက်စစ်တပ်အားဆန့်ကျင်၊တော်လှန်သည့် ပျောက်ကြားသပိတ်များ

ပျောက်ကြားသပိတ်များမှာမူ ရန်ကုန်တိုင်းအတွင်း (၂) ကြိမ် နှင့် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် (၁) ကြိမ်ထွက်ရှိခဲ့သည်။ အွန်လိုင်းကမ်ပိန်းအဖြစ် ယခု ဇန်နဝါရီလအတွင်း သံဃာတော်များဦးဆောင်သည့် “အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များသပိတ်အင်အားစု” မှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု စုစုပေါင်း (၂၆) ကြိမ်ထိ ထွက်ပေါ်ခဲဲဲ့ပြီး၊ သပိတ်အင်အားစုများမှ ယခုလာမည့် အကြမ်းဖက်စစ်တပ်အာဏာသိမ်းခြင်း (၃) နှစ်ပြည့် ဆန့်ကျင်လှုပ်ရှားကြသည့် သပိတ်များတွင် ပြည်သူများအနေဖြင့် ဆက်လက်ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းသည့် အွန်လိုင်းကမ်ပိန်းတချိို့အား လေ့လာတွေ့ရှိခဲ့သည်။

ဇန်နဝါရီလ တလအတွင်း စစ်တပ်ထောက်ခံသည့် ဆန္ဒပြပွဲများနှင့် တော်လှန်ရေးအင်အားစုများအား ကန့်ကွက်ဆန့်ကျင်သည့် လှုပ်ရှားမှုများ

တဖက်တွင်လည်း စစ်တပ်ထောက်ခံသည့် ဆန္ဒပြပွဲများနှင့် ညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်သည့် (MNDAA) အပေါ် ဆန့်ကျင်သည့် တန်ပြန် သပိတ်များလည်း ထွက်ပေါ်ခဲ့သည်ကို သတိထား တွေ့ရှိရသည် ။ ၎င်းဆန္ဒပြပွဲများမှာ ဧရာဝတီတိိုင်းဒေသကြီး၊ ပုသိမ်နှင့် ဟင်္တသမြို့များတွင် (၂) ကြိမ်၊ ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် (၁) ကြိမ်၊ မန္တလေးတိုင်းတွင် (၃) ကြိမ်၊ စစ်ကိုင်းတိုင်း ကလေးနှင့် မုံရွာမြို့တွင် (၂) ကြိမ် နှင့် ရန်ကုန်တိုင်းတွင် (၁) ကြိမ် အသီးသီးထွက်ပေါ်ခဲ့သည်။

ဇန်နဝါရီလ တလအတွင်း (တော်လှန်ရေးတပ်) ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအားဦးတည် ဆန္ဒထုတ်ဖော်မှုများ

ဇန်နဝါရီလအတွင်း ထွက်ရှိခဲ့သည့် သပိတ်များအနက် လက်ရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ထိန်းချုပ်ထားလျက်ရှိသည့် ဒေသများတွင်လည်း ဒေသတွင်းနေထိုင်လျက်ရှိသည့် ပြည်သူများမှ ၎င်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအား ဦးတည်၍ ဆန္ဒထုတ်ဖော်ပြသခြင်းများ ရှိသည်ကိုလည်း သတိထား လေ့လာခဲ့ရသည်။ ထိုဆန္ဒထုတ်ဖော်မှုများသည် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းတွင် ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) အဖွဲ့အား ပြန်လည်ပြောင်းလဲဖွဲ့စည်းရန် စီစဉ်လျက်ရှိသည်ကို ကန့်ကွက်ဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်မှု (၁) ကြိမ်နှင့် ထီးလင်းမြို့နယ်ပအဖအဖွဲ့ ပြန်လည်ဖွဲ့စည်းရန်တောင်းဆိုသည့် ဆန္ဒပြပွဲ (၁) ကြိမ်  ၊ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲဲ့မှ အများပြည်သူသုံး လယ်ယာမြေအား လုပ်ကိုင်ခွင့်မပြုခြင်းနှင့် ဆက်လျဉ်း၍ ပြည်သူများမှ ဆန္ဒထုတ်ဖော်မှု (၁) ကြိမ် စသည်ဖြင့် အသီးသီးထွက်ပေါ်ခဲ့သည်ကို တွေ့ရှိရသည်။ ၎င်းဆန္ဒထုတ်ဖော်မှုများအား ဒေသအတွင်းရှိသက်ဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းနေသည်ကို နောက်ဆက်တွဲသတင်းများအား ဆက်လက်စောင့်ကြည့်လေ့လာနေဆဲဖြစ်သည်။ 

ထူးခြားဖြစ်စဥ်များ

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နဲ့ အသုတ်မြို့က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့် အမှုဖွင့်ခံထားရသည့် CDM ကျောင်းဆရာတဦးနှင့် အမျိးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၀င် နှစ်ဦးအပါအဝင် စုစုပေါင်း လူ(၅) ဦးအား ကျုံပျော်ခရိုင် တရားရုံးမှ ယခုလ ဇန်နဝါရီ (၁၉) ရက်နေ့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)ဖြင့် တရားစွဲကာ ထောင်ဒဏ် (၄) နှစ်စီ အသီးသီး အမိန့်ချမှတ်လိုက်သည်ကို တွေ့ရှိရသည်။ ထိုသို့ မတရားသဖြင့် တရားစီရင်ခံရသူများမှာ CDM ကျောင်းဆရာ ကိုနေလင်းထွန်း၊ ကိုဇေထက်ပိုင်၊ ကိုကျော်လင်းစိုး၊ ကိုစိုးမင်းထွန်းနှင့် ကိုထွန်းဝင်းတို့ဖြစ်ကြပြီး ၎င်းတို့အား အကြမ်းဖက်မှုလှုပ်ရပ်များတွင် ပါဝင်ခဲ့သည်ဟုဆိုကာ အကြမ်းဖက်စစ်အုပ်စုမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ထောင်ဒဏ်ချမှတ်ခံရသူများ၏ နေအိမ်များကိုလည်း စစ်ကောင်စီမှ အကြမ်းဖက်အဖွဲ့အစည်းနှင့် ပတ်သက်ဆက်သွယ်မှုကြောင့်ဟု စွပ်စွဲပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ချိပ်ပိတ်ခဲ့သည်ဟု တွေ့ရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းတွင် CDM ပြုလုပ်ထားသည့် ကျောင်းဆရာမတစ်ဦးအား PDF အဖွဲ့များကို ကူညီထောက်ပံ့ပေးနေသည်ဟု စွပ်စွဲကာ၊ သူမ နေထိုင်သည့် ရွာမှ နှင်ထုတ်ခံခဲ့ရသည်ဟု ရွှေဖီမြေသတင်းဌာန၏ ရေးသားချက်အရ သိရှိရသည်။ အသက် (၃၀) ဝန်းကျင် ၎င်းကျောင်းဆရာမသည် အကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းပြီးနောက် စစ်ကောင်စီ လက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်ခြင်း မပြုလိုသည့်အတွက် CDM လုပ်ခဲ့ခြင်းဖြစ်ပြီး၊ ပျူစောထီးအဖွဲ့များမ သူမအား PDF အဖွဲ့များကို ထောက်ပံ့မှုများ ပြုလုပ်လျက်ရှိသည်ဟု စွပ်စွဲပြောဆိုပြီး ရွာအတွင်းမှ နှင်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် အာဏာသိမ်းမှုဆန့်ကျင်ရေးသပိတ် ဦးဆောင်သူနှစ်ဦးအား ဇန်နဝါရီလ (၁၈) ရက်နေ့တွင် မိုးညှင်းခရိုင်တရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)၊ ပုဒ်မ ၅၂ (က) နှင့် ထောင်ဒဏ် (၁၀) နှစ်စီချမှတ်လိုက်သည်ဟု သိရသည်။ သပိတ်ခေါင်းဆောင်နှစ်ဦးဖြစ်သည့် ကိုသိန်းနှင့် ကိုမြင့်လွင်တို့အား ပြီးခဲ့သည့် (၂၀၂၃) ခုနှစ်၊ ဇွန်လ (၈) ရက်နေ့တွင် အကြမ်းဖက်စစ်တပ်မှ ပစ်ခတ်ဖမ်းဆီးသွားပြီးနောက် (၇) လကျော်အကြာတွင် ယခုကဲ့သို့ အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။ အကြမ်းဖက်စစ်တပ်မှ ဖားကန့် သပိတ်ခေါင်းဆောင်များအား ပစ်ခတ်ဖမ်းဆီးခဲ့ရာတွင် သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုမောင်အေးသည် ထိုနေရာ၌ပင် သေဆုံးခဲ့ပြီး အသက်ရှင် ကျန်ရစ်ခဲ့ကြသည့် သပိတ်ခေါင်းဆောင်နှစ်ဦးအား ယခုကဲ့သို့ ဖမ်းဆီးထောင်ချလိုက်သည်ဟု လေ့လာသိရှိရသည်။

ဇန်နဝါရီ (၂၆) ရက်နေ့ ရန်ကုန်မြို့တစ်နေရာ၌ “ တချို့တွေ နေနိုင်လွန်းတယ်” စာသားပါဘန်နာ ချိတ်ဆွဲစဉ် စစ်တပ်မှ အရပ်ဝတ်ဖြင့် လိုက်လံဖမ်းဆီးခဲ့သည်ဟု သိရပြီး ဘန်နာချိတ်ဆွဲသူများ လွတ်မြောက်ခဲ့သည်ဟု နောက်ဆက်တွဲအဖြစ် သိရှိရသည်။