မြန်မာစစ်အုပ်စု၏ အတင်းအဓမ္မ စစ်သားစုဆောင်းမှုသည် မြန်မာနိုင်ငံနှင့် အာဆီယံဒေသတွင်း၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လူသားလုံခြုံမှုအပေါ် အန္တရာယ်ပြုလာနိုင်သောကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ချက်ချင်း အရေးယူဆောင်ရွက်ရန်

မတ် 1, 2024

သို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်များ
မိတ္တူ – ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်များ
ကုလသမဂ္ဂလူအခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး
မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်

အကြောင်းအရာ။ ။ မြန်မာစစ်အုပ်စု၏ အတင်းအဓမ္မ စစ်သားစုဆောင်းမှုသည် မြန်မာနိုင်ငံနှင့် အာဆီယံဒေသတွင်း၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လူသားလုံခြုံမှုအပေါ် အန္တရာယ်ပြုလာနိုင်သောကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ချက်ချင်း အရေးယူဆောင်ရွက်ရန်။

လေးစားရပါသော ဂုဏ်သရေရှိလူကြီးမင်းများရှင့်/ခင်ဗျား

မြန်မာစစ်အုပ်စုမှ ပြည်သူ့စစ်မှုထမ်းဥပဒေကို တရားမဝင် အသက်သွင်းလိုက်သည့်နောက်တွင် အာဆီယံ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအပေါ် အာမခံချက်ရှိစေရန် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ (UNSC) အနေဖြင့် ချက်ချင်းအရေးယူဆောင်ရွက်ရန် မိမိတို့ အရပ်ဘက်လူထုအဖွဲ့အစည်း ၃၉၇ ဖွဲ့တို့မှ တောင်းဆိုလိုက်သည်။ အထူးသဖြင့် ၂၀၂၄ ခုနှစ် မတ်လတွင် UNSC ၏ ဥက္ကဌ ဖြစ်လာမည့် ဂျပန်နိုင်ငံ အနေဖြင့် စစ်အုပ်စုအပေါ် စီးပွားရေးအရ ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုများနှင့် လက်နက်တင်ပို့ရောင်းချမှု အလုံးစုံပိတ်ဆို့ရေး လုပ်ဆောင်သွားရန်၊ နှင့် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းရန် သို့မဟုတ် အရေးပေါ် ခုံရုံးတစ်ခု တည်ထောင်ရန်တို့ လုပ်ဆောင်ရန်အတွက် ကုလသမဂ္ဂကြေညာစာတမ်း၏ အခန်း ၇ အောက်တွင် စည်းနှောင်မှုရှိသော ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ရေးအတွက် အရေးပေါ် အစည်းအဝေးတစ်ရပ် ခေါ်ယူရန် မိမိတို့မှ တောင်းဆိုလိုက်သည်။ ထို့အပြင် UNSC သည် ၎င်း၏ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ တွင် ကြေညာထားသည့်အတိုင်း အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အား ခိုင်မာသော ကူညီပံ့ပိုးမှုများ ပေးအပ်ရန်နှင့် စစ်အုပ်စု၏ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းနှင့် ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများကြောင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်လာသော မြန်မာပြည်သူများအတွက် တရားဝင်ကာကွယ် စောင့်ရှောက်မှုများ အမြန်ဆုံး စီမံဆောင်ရွက်ပေးနိုင်ရန် တို့အတွက် ပံ့ပိုးကူညီပေးရမည် ဖြစ်သည်။

စစ်အုပ်စုသည် ယခင်စစ်အာဏာရှင်က ၂၀၁၀ ပြည့်နှစ်တွင် အတည်ပြုခဲ့သော ပြည်သူ့စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။ အသက် ၁၈ နှစ်မှ ၃၅ နှစ် အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ် အမျိုးသမီးများမှာ စစ်သားစုဆောင်းခံရနိုင်သည့် အန္တရာယ်များ ရှိလာနေပြီး ကျွမ်းကျင်သူ ဖြစ်ပါက အမျိုးသားဖြစ်လျှင် အသက် ၄၅ နှစ်နှင့် အမျိုးသမီးဖြစ်လျှင် အသက် ၃၅ နှစ်အထိ အသီးသီးထပ်မံ တိုးချဲ့ထားသည်။ မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဤအတင်းအကျပ် စစ်မှုထမ်းခြင်းအတွက် လူဦးရေ ၁၄ သန်းခန့် ရှိသည်ဟု ခန့်မှန်းထားပြီး ထိုသူများသည် စစ်အုပ်စု၏ တရားမ၀င်ကြေညာထားသော လက်ရှိအရေးပေါ် အခြေအနေအောက်တွင် ငါးနှစ်အထိ စစ်မှုထမ်းကြရမည် ဖြစ်သည်။ စစ်မှုထမ်းဆောင်ရန် ပျက်ကွက်ခဲ့ပါက ထောင်ဒဏ် ငါးနှစ်အထိ သို့မဟုတ် မြောက်များသောငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး ကျခံရမည် ဖြစ်သည်။ ထို့အပြင် စစ်အုပ်စုသည် စစ်မှုထမ်းဟောင်းများကို ပြန်လည်ခေါ်ဆိုနိုင်သည့် မတရား အာဏာကိုလည်း ရယူထားသည်။

စစ်အုပ်စု၏ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းရေး ကြိုးပမ်းမှုသည် ယခင်က မကြုံဖူးသော နိုင်ငံတစ်ဝှမ်းရှိ ၎င်း၏အကြမ်းဖက်မှုလုပ်ရပ်များကို ပိုမိုဆိုးရွားလာစေသည်။ စစ်အုပ်စုသည် ဒီမိုကရေစီ တော်လှန်ရေးအင်အားစုများအား လျင်မြန်စွာ ရှုံးနိမ့်လာနေသည့်အပေါ် လူထုက ၎င်းတို့လုပ်သမျှ နာခံလာစေရန်၊ အကြောက်တရားလွှမ်းမိုးစေရန်၊ ပြည်သူများ ၎င်းတို့၏ အသိတရားနှင့်ဆန့်ကျင်လျက် အချင်းချင်းသတ်ဖြတ်စေရန်၊ နှင့် တိုင်းရင်းသားများအကြား ပဋိပက္ခများနှင့် ဘာသာရေးတင်းမာမှုများကို မီးထိုးပေးရန်အတွက် စိတ်ဓါတ်စစ်ဆင်ရေးအနေဖြင့် ဤစစ်မှုထမ်းဥပဒေကို အတင်းအကျပ် အကောင်အထည်ဖော်လာခြင်းဖြစ်သည်။ ဤညှာတာမှုကင်းမဲ့သောလုပ်ရပ်သည် မြန်မာစစ်တပ်၏ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသည့်သမိုင်းတွင် နိုင်ငံတကာဥပဒေကို ချိုးဖောက်၍ အထူးသဖြင့် အတင်းအဓမ္မ ကလေးစစ်သားစုဆောင်းမှုများ လုပ်ဆောင်ခဲ့သကဲ့သို့ပင် ယခုအချိန်တွင်လည်း စစ်မှုထမ်းအသစ်များကို လူသားဒိုင်းများ၊ ပေါ်တာများနှင့် ရှေ့တန်းတိုက်ခိုက်ရေးသမားများအဖြစ် အသုံးချကာ ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ တိုးမြင့်လုပ်ဆောင်ရန် တွက်ချက်ထားသည့်လုပ်ရပ်ဖြစ်ကြောင်း ပေါ်လွင် ထင်ရှားပေသည်။ စစ်အုပ်စု၏ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းရေးသည် လုံခြုံရေးကောင်စီဆုံးဖြတ်ချက် အမှတ် ၂၆၆၉ တွင် တောင်းဆိုထားသည့် နည်းလမ်းပေါင်းစုံဖြင့် အကြမ်းဖက်မှုများအားလုံးကို ချက်ချင်းရပ်တန့်ရမည် ဆိုသည့်အချက်နှင့် လုံးဝ ဆန့်ကျင်နေသည်။

ပထမအသုတ်အနေဖြင့် အမျိုးသားဦးရေ ၆၀,၀၀၀ ကို အတင်းအဓမ္မစုဆောင်းရန် အစီအစဉ်သည် အရှေ့တောင် အာရှတွင် စစ်အုပ်စု၏ လုပ်ရပ်များကြောင့် ဖြစ်ပေါ်နေသော ဆိုးရွားလှသည့် မတည်ငြိမ်မှုနှင့် လူသားလုံခြုံမှု ကင်းမဲ့နေခြင်းကို ပို၍ ဆိုးရွားလာစေမည် ဖြစ်သည်။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးကိုယ်စားလှယ်၏ အဆိုအရ လူငယ်များသည် စစ်မှုထမ်းရန် အတွက် ပြန်ပေးဆွဲခံရခြင်း သို့မဟုတ် ဖိအားပေးခံရခြင်းများ ရှိနေပြီး ဖြစ်သည်။ ရခိုင်ပြည်နယ်ရှိ အကျယ်ချုပ်စခန်းများတွင် ရှိနေသော ရာနှင့်ချီသည့် ရိုဟင်ဂျာများမှာမူ စစ်မှုထမ်းရန်အတွက် ဖမ်းဆီးခံရခြင်း၊ စုဆောင်းခံရခြင်း သို့မဟုတ် လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်အတွက် အလဲအလှယ်အဖြစ် စာရင်းသွင်းရန် သွေးဆောင်ဖျားယောင်း ခံရခြင်းများ ရှိနေသည်။ အခြားအစီရင်ခံတင်ပြမှုများတွင် ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်မြို့ရှိ ပြည်သူများမှာ စစ်မှုထမ်းရန် အဓမ္မစေခိုင်းခံနေရပြီး စစ်မှုထမ်းခြင်းမှ လွတ်မြောက်ရန်အတွက် စစ်အုပ်စုလက်အောက်ခံများကို လာဒ်ထိုးရခြင်း သို့မဟုတ် ငွေညှစ်ခံရခြင်းများကို မလွှဲမရှောင်သာ ကြုံတွေ့နေကြရသည်။ အထည်ချုပ်လုပ်သားများ ကဲ့သို့သော ဘေးဖယ်ကျဥ်ခံထားရသည့် သူများနှင့် ဆင်းရဲနွမ်းပါးသော ပြည်သူများမှာမူ စစ်အုပ်စု၏ လုပ်သားအင်အား အချက်အလက် စုဆောင်းနေမှုကို ရှောင်လွဲရန်အတွက် အခြားရွေးချယ်စရာ နည်းလမ်းမရှိပေ။

Read more: Eng | MM