လက်ရှိအစိုးရသက်တမ်းအတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်သော တပ်မတော်၏ တရားစွဲဆိုမှုများ အစီရင်ခံစာ

ဇူလိုင် 2, 2019

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်၍ တရားစွဲဆိုမှုများ

လက်ရှိအစိုးရသက်တမ်းတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်၍ တပ်မတော်၏ တိုက်ရိုက် တရားစွဲဆိုမှုများသည် စုစုပေါင်း ၂၄ မှု​ ရှိလာပြီး ၇၇ ဦး တရားစွဲဆိုခံခဲ့ရသည်။ အဆိုပါ ကိန်းဂဏန်းသည် တပ်မတော်က တိုက်ရိုက်တရားစွဲဆိုမှုများသာ ဖြစ်သည်။ တပ်မတော်ကို ဝေဖန်၍ဟုဆိုကာ ရဲ့ကဲ့သို့သော တတိယပုဂ္ဂိုလ်များကကြားမှတရားစွဲဆိုမှုသည် ၆ မှုရှိခဲ့ပြီး ၉ ဦး တရားစွဲဆိုခံခဲ့ရသည်။

တပ်မတော်ကို ဝေဖန်၍နှင့် တပ်မတော်မှ တိုက်ရိုက်တရားစွဲဆိုမှုများသည် စုစုပေါင်း ၃၀ မှုရှိလာပြီဖြစ်ပြီး တရားစွဲဆိုခံရသူ စုစုပေါင်း ၈၆ ဦး ရှိလာပြီဖြစ်သည်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက် အခြားသော စိုးရိမ်ချက်များ

အသံအဖွဲ့၏ မှတ်တမ်းများသည် သတင်းမီဒီယာများတွင် ဖော်ပြသောအချက်အလက်များ၊ ကွန်ရက်များမှ တဆင့်ရရှိသည့်အချက်အလက်များ၊ နစ်နာသူများမှ တိုက်ရိုက်ပေးပို့သည့်အချက်အလက်များ၊ မြေပြင်အချက်အလက်ကောက်ခံသူများက ပေးပို့သောအချက်အလက်များကို အဆင့်ဆင့် စစ်ဆေးအတည်ပြုမှုများပြုလုပ်ကာ ပြုစုထားခြင်းဖြစ်သည်။

အသံအဖွဲ့က အတည်မပြုနိုင်သော လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ချိုးဖောက်ကာ တရားစွဲဆိုမှုများ ပဋိပက္ခနေရာများတွင် များစွာရှိနိုင်ချေရှိမည်ဟု အသံအဖွဲ့အနေဖြင့် ယူဆမိပါသည်။ ပဋိပက္ခဖြစ်ပွားရာဒေသများ၊ အထူးသဖြင့် ပြည်တွင်းစစ်ဖြစ်ပွားရာဒေသများတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်နိုင်ရေးနှင့် မှတ်တမ်းတင်နိုင်ရေးတို့မှာ လက်ရှိအခြေအနေတွင် သုတေသီများနှင့် သတင်းသမားများအတွက် အလွန်ကြီးလေးသည့် အခက်အခဲတစ်ခုလည်းဖြစ်သည်။ ပဋိပက္ခဖြစ်ပွားရာဒေသများသို့ သတင်းမီဒီယာများ ဝင်ရောက်ခွင့်မရခြင်းနှင့် လက်ရှိအချိန်တွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခံရခြင်းကဲ့သို့သော ကိစ္စရပ်များသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ချိုးဖောက်ခံရမှု ပုံစံတစ်မျိုးဖြစ်သကဲ့သို့ နောက်ဆက်တွဲအကျိုးရလဒ်အဖြစ် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများသည် ဖော်ထုတ်မှတ်တမ်းတင်ခံရခြင်းမရှိတော့ဘဲ လူမသိ၊ သူမသိ မှေးမှိန် ပျောက်ကွယ်သွားတတ်ပါသည်။

မြန်မာနိုင်ငံတွင် ပဋိပက္ခဖြစ်ပွားနေသော ဒေသများရှိ ပြည်သူများအပေါ် လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့ ချိုးဖောက်ခံရနိုင်ချေ မြင့်မားနေမှုကို အသံအဖွဲ့အနေဖြင့် အလွန်စိုးရိမ်မိပါသည်။

Download PDF Eng | MM