အကြမ်းဖက်စစ်တပ်၏ သေဒဏ် (သို့မဟုတ်) တရားစီရင်ရေး အမည်ခံ လူသတ်ခြင်း

ဇန်နဝါရီ 16, 2023

သုသေတနအနှစ်ချုပ်

မြန်မာနိုင်ငံတွင် လက်နက်အင်အားကြီးမားသော အကြမ်းဖက်စစ်တပ်မှ ၎င်းတို့နှင့် နိုင်ငံရေးခံယူချက်မတူသော သူများကို အပြစ်ရှိကြောင်း စွပ်စွဲပြီး တရားမဲ့ကျူးလွန်သတ်ဖြတ်နေသည်။ ထိုအပြုအမူကို တရားစီရင်ကာ သေဒဏ်ပေးခြင်းဟု အမည်တပ်နေခြင်းသည် ယဉ်ကျေးသော ခေတ်သစ်လူ့ဘောင်အသိုင်းအဝန်းမှ လက်ခံနိုင်သောအပြူအမူမဟုတ်ဟု မိမိတို့အဖွဲ့မှ ယုံကြည်ပါသည်။ မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်မှ ဆယ်စုနှစ်ပေါင်းများစွာ ယင်းအလေ့အထကို ကျင့်သုံးနေခဲ့ရာမှ ယခုအချိန်တွင် ပိုမိုအရေးအတွက်များပြားသော သတ်ဖြတ်မှုများကို ပြောင်ပြောင်တင်းတင်း ပြုလုပ်လာသည်ကို ထိတ်လန့်ဖွယ်ကောင်းလောက်အောင် တွေ့ရှိလာရပါသည်။ ဤသုတေသန အစီအရင်ခံစာသည် ဥပဒေဆိုင်ရာအပြုအမူဟု အသွင်ယူထားသော်လည်း ဥပဒေလုပ်ထုံးလုပ်နည်းများဖြင့် ဖီလာဆန့်ကျင်နေပုံကို ဖော်ထုတ်ကာအချက်အလက်များ၊ ကိန်းဂဏန်းများကိုကောက်ယူအခြေပြု၍ တင်ပြထားခြင်းဖြစ်သည်။ ဤသုတေသန အစီအရင်ခံစာသည်တွင် အကြမ်းဖက်စစ်တပ်၏ သတ်ဖြတ်မှုနည်းလမ်းများအသွင်အမျိုးမျိုးဖြင့် ထပ်တိုးဆောင်ရွက်လာပုံကို လေ့လာပြီး အကျဉ်းချုပ်တင်ပြထားသည်။

သေဒဏ်ပေးခြင်း အလေ့အထ

သေဒဏ်ပေးခြင်းသည် ယနေ့ မျက်မှောင်ခတ်တွင် ခေတ်သစ်တရားစီရင်ရေးသဘာဝနှင့် ဆီလျော်မှုမရှိသောကြောင့် တိုးတက်သောနိုင်ငံအသီးသီးတွင် ၎င်းအလေ့အထကို ပယ်ဖျက်လျှက်ရှိသည်။ သေဒဏ်ပေးခြင်းသည် လူသား၏ မွေးရာပါ ပကတိအခွင့်အရေးဖြစ်သော ရှင်သန်မှု၏ ဂုဏ်သိက္ခာကို လေးစားရန် ပျက်ကွယ်သော အပြုအမူဖြစ်သည်။ International Covenant on Civil and Political Rights (ICCPR) နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် အပိုဒ်-၆ အရ နိုင်ငံအသီးသီးတို့ကို သေဒဏ်ပေးခြင်း အလေ့အထအား ပယ်ဖျက်ရန် တိုက်တွန်းထားသည်။ မြန်မာနိုင်ငံသည်သေဒဏ်ပေးခြင်းကို ဥပဒေစနစ်မှအပြီး ပယ်ဖျက်ခြင်း မပြုသော်လည်း ၎င်းအလေ့အထကို အသုံးမပြုတော့သော နိုင်ငံအဖြစ် အကြမ်းဖက်စစ်တပ်၏ အာဏာသိမ်းမှုမဖြစ်ပွားခင်အထိ ကာလများတွင် အပြည်ပြည်ဆိုင်ရာ သုတေသနအဖွဲ့အစည်းများမှ အသိအမှတ်ပြုထားသည်။

တရားလက်လွတ် စီရင်ခြင်း

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ (၄) အရ ပြည်သူအား ပေးအပ်ထားသော ပြည်သူ့အာဏာကို အကြမ်းဖက်စစ်တပ်က လုခြင်းကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပျက်စီးသွားသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အသစ်ကိုလည်း ယနေ့အထိ ပြဌာန်းနိုင်စွမ်း မရှိသေးပါ။ ထို့ကြောင့် မြန်မာနိုင်ငံသည် အကြမ်းဖက်စစ်တပ်မှအာဏာကို လုချိန်မှစ၍ ယနေ့အထိ အသက်ဝင်စည်းနှောင်နိုင်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေ မရှိသော အခြေအနေအောက်တွင် ရောက်နေသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၉ ၌ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဥပဒေအားလုံး၏အခြေခံဖြစ်သည်ဟူ၍ အခိုင်အမာထည့်သွင်း ပြဌာန်းထားသည်။ တရားစီရင်ရေးအားလုံးအား ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၆ ကို အခြေမခံဘဲ ဆောင်ရွက်ခွင့်မရှိပါ။ ပုဒ်မ ၁၆ အရနိုင်ငံတော်အကြီးအကဲမှာ သမ္မတာဖြစ်သော်လည်း အကြမ်းဖက်စစ်တပ်မှ ၎င်း၏ တာဝန်ဖြစ်သော ပုဒ်မ ၂၀(စ) ပါပြဌာန်းချက်ကို အတိအလင်း ဆန့်ကျင်ကာ နိုင်ငံတော်မှ ရွေးကောက်ထားသော သမ္မတအား တရားမဝင်ဖမ်းဆီးထိန်းသိမ်းပြီး နိုင်ငံအား ဥပဒေမဲ့နေရာဒေသတခုအဖြစ်ရောက်စေခဲ့သည်။

“ အဲ့တော့ ဒီနေရာမှာ ပြောမယ်ဆိုရင် အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာက ဥပဒေတွေကိုလည်း စစ်ကောင်စီက ပြင်ချင်သလိုပြင်တယ်။ ဥပဒေရဲ့ အထက်မှာသူရှိသွားတာ။ သူက ဖွဲ့စည်းပုံအခြေခံဥပဒေကိုတောင်ကျော်လွန်ပြီးတော့ အာဏာသိမ်းလိုက်တာဖြစ်သွားတာ”

ဟု ဥပဒေပါမောက္ခ တစ်ဦးမှ အင်တာဗျုးတွင်ပြောခဲ့သည်။

ထို့နောက် အကြမ်းဖက်စစ်တပ်သည် မှန်ကန်မျှတသော တရားစီရင်မှု တစ်ခု၌ မရှိမဖြစ်သော အခြေခံထောက်တိုင်များဖြစ်သည့် ဥပဒေနှင့်အညီစီရင်ခြင်း၊ ပြည်သူထံမှ စီးဆင်းသော စီရင်ပိုင်ခွင့်အာဏာ၊ ပြဌာန်းထားသော လုပ်ထုံးလုပ်နည်းများအပါအဝင် Common Law System ၏ သဘာဝကိုပါ ဆန့်ကျင်ဆောင်ရွက်နေသော်လည်း ၎င်းတို့၏ ရာဇဝတ်မှုမြောက်သော အပြုအမူအားလုံးကို တရားစီရင်ရေးဟု သဘာဝယုတ္တိ ကင်းမဲ့စွာ အမည်ပေးကာ တရားလက်လွတ် ဆောင်ရွက်နေကြောင်းတွေ့ရသည်။

“ ဒါ ဥပဒေရဲ့အပြင်ကနေ သတ်ချင်လို့ သတ်နေတယ်လို့မြင်တယ်… တကယ်လို့ သေဒဏ်ပေးရမယ် ဆိုရင်တောင်မှ သူတို့လုပ်ရမယ့် လုပ်ထုံးထုပ်နည်းတွေ အများကြီးရှိတယ်လေ” ဟု အသက်အန္တရာယ်လုံခြုံရေးအရ လက်ရှိအချိန်တွင် အမည်ကိုမဖော်ပြသင့်သေးသာ ရှေ့နေတစ်ဦးမှ ပြောသည်။

၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီလ (၁) ရက်နေ့စ၍ သေဒဏ်ချမှတ်ခံရမှုဖြစ်စဉ်များ လေ့လာချက်

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းမှုဖြစ်မြောက်ရန် အကြမ်းဖက်နည်းမျိုးစုံဖြင့် ကြိုးစားနေစဉ် (၁)နှစ်နှင့် (၁၀)လတာ ကာလအတွင်း အပြစ်မဲ့ ပြည်သူများအား မတရားအမှုဖွင့် ဖမ်းဆီးကာ သေဒဏ်ပေးခဲ့သော အမှုပေါင်း (၁၀၀)နှင့် မျက်ကွယ်တဖက်သက်သေဒဏ် ချမှတ်ခံထားရသူ (၄၂)ဦး ရှိလာပြီဖြစ်သည်။ ထိုသို့ အကြမ်းဖက် စစ်တပ်မှ သေဒဏ်ချမှတ်ခံထားရသူများထဲတွင် အသက် (၁၈)နှစ်အောက် (၂)ဦးလည်း ပါဝင်သည်ကို လေ့လာတွေ့ရှိရသည်။

ထိုကဲ့သို့ မတရားသဖြင့် သေဒဏ်ချမှတ်မှုများအား အကြမ်းဖက်စစ်တပ်မှ (၂၀၂၁) ခုနှစ်အတွင်း (၄၃) ကြိမ်၊ (၂၀၂၂) ခုနှစ်အတွင်း (၅၁) ကြိမ်နှင့် ခုနှစ်ကာလအပိုင်းအခြားအား အတည်ပြုနိုင်ခြင်း မရှိသေးသော သေဒဏ်ပေးကွပ်မျက်မှု (၆) ကြိမ် ကျူးလွန်ထားကြောင်း တွေ့ရှိရသည်။

လေ့လာတွေ့ရှိချက်များအရ (၂၀၂၁)ခုနှစ် ဧပြီလတွင် (၅)ဦး၊ မေလတွင် (၁၀) ဦး၊ ဇွန်လတွင် (၈)ဦး၊ နိုဝင်ဘာလတွင် (၈) ဦီးနှင့် ဒီဇင်ဘာတွင် (၅) ဦးအား အသီးသီး သေဒဏ်ပေးခဲ့ကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ် အကြမ်းဖက်စစ်တပ်၏ သေဒဏ်ချမှတ်ခံရမှု ဖြစ်စဉ်များ လေ့လာချက်

ထို့အပြင် (၂၀၂၁) ခုနှစ်အတွင်း အခြားအတည် မပြုနိုင်သေးသော သေဒဏ်ပေးကွပ်မျက်မှု (၇) ခုလည်းရှိသည်ကို တွေ့ရှိရသည်။ (၂၀၂၁) ခုနှစ်၊ မေလအတွင်း အကြမ်းဖက်စစ်တပ်မှ သေဒဏ်ပေးခြင်း အများဆုံးကျူးလွန်ခဲ့ပြီး ဇွန်လနှင့် နိုဝင်ဘာလများသည် (၂၀၂၁) ခုနှစ်အတွင်း ဒုတိယ သေဒဏ်ပေးခြင်း အများဆုံးကျူးလွန်ခဲ့သော ကာလများအဖြစ် တွေ့ရှိရသည်။

ထို့အပြင် (၂၀၂၂) ခုနှစ် ဇန်နဝါရီလတွင် (၄)ဦး၊ မတ်လတွင် (၇)ဦး၊ ဧပြီလတွင် (၆)ဦး၊ မေလတွင် (၁၀)ဦး၊ ဇွန်လတွင် (၅)ဦး၊ ဇူလိုင်တွင် (၁)ဦး၊ အော်တိုဘာလတွင် (၂)ဦး၊ နိုဝင်ဘာလတွင် (၁၁)ဦးနှင့် ဒီဇင်ဘာလတွင် (၁) ဦးအား သေဒဏ်ပေးကွပ်မျက်ခဲ့ပြီး (၂၀၂၂) ခုနှစ်အတွင်း အတည်မပြုနိုင်သေးသော အမှုပေါင်း (၄)မှုကိုလည်း လေ့လာတွေ့ရှိရသည်။

(၂၀၂၂) ခုနှစ် နိုဝင်ဘာလအတွင်း အကြမ်းဖက်စစ်တပ်မှ မတရား သေဒဏ်ပေးခြင်းကို အတည်မပြုနိုင်သော အမှုပေါင်း (၆)ခုလည်းရှိသည်ကို လေ့လာတွေ့ရှိရပါသည်။ သေဒဏ်ချမှတ်ခံထားရသူများထဲတွင် သာမန်ပြည်သူအရေအတွက်မှာ အများဆုံး (၉၀)ဦး ထိပါဝင်နေပြီး ပညာရေးဝန်ထမ်း (၈)ဦးနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (၂) ဦးတို့ ပါဝင်ကြောင်း AAPP ၏ ဒေတာ အချက်အလက်များအရ သိရသည်။

မည်သည့် ခုနှစ်တွင် သေဒဏ်ပေးခြင်းကို အတည်မပြုနိုင်သော အမှုပေါင်း (၆)ခုလည်းရှိသည်ကို လေ့လာတွေ့ရှိရပါသည်။ အကြမ်းဖက်စစ်တပ်မှ တဖက်သတ် မျက်ကွယ် သေဒဏ်ချမှတ်ထားသူ အရေအတွက်မှာ (၄၂) ဦး ဖြစ်သည်။

ပြစ်ဒဏ်အမျိုးအစား

စစ်အုပ်စုသည် သေဒဏ်ချမှတ်ရာတွင် သေဒဏ်အပြင်ထောင်ဒဏ်တစ်သက်တစ်ကျွန်းနှင့် တခြားသောကြီးလေးသည့် အလုပ်နှင့်နှစ်ရှည်ထောင်ဒဏ်များ ချမှတ်သည်ကိုလည်း တွေ့ရဿည်။ သေဒဏ်သီးသန့်ချမှတ်ခံထားရသူ စုစုပေါင်း (၉၀) ဦးရှိပြီး သေဒဏ်၊ အလုပ်နှင့်နှစ်ရှည်ထေားင်ဒဏ် ချခံရဿူ (၄)ဦးနှင့် သေဒဏ်နှင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချခံရသူ (၆) ဦးတို့ပါဝင်သည်။ ယခုဒေတာ အချက်အလက်များမှာ Assistance Association for Political Prisoners (AAPP). အဖွဲ့၏ ဒေတာများကို အခြေခံတင်ပြထားခြင်းဖြစ်သည်။

သေဒဏ်နှင့်တကွ အလုပ်ကြမ်းနှင့် နှစ်ရှည်ထောင်ဒဏ်များပါ တရားလက်လွတ်ချမှတ်ခြင်း

မန္တလေးတိုင်း၊ ဝမ်းတွင်းတော်လှန်ရေးအင်အားစု Wundwin Township Revolution Force (WTRF) အဖွဲ့ဝင် (၂)ဦးကို ထောင်ဒဏ်နှစ်ရာချီနှင့် သေဒဏ်တို့အား မိတ္ထီလာအကျဉ်းထောင်တွင်း တရားရုံးတွင် (၂၂) အောက်တိုဘာလအတွင်း ချမှတ်ခဲ့ကြောင်း သိရသည်။ စစ်တပ်သည် ဝမ်းတွင်းကာကွယ်ရေး တပ်ဖွဲ့ဝင် ကိုကျော်သက်ကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၂၂၅) နှစ်နှင့် သေဒဏ်ကိုပါ တခါတည်းချမှတ်ခဲ့သည်။ ၎င်းနှင့်အတူ ကိုနှင်းမောင်သည်လည်း အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၉၅) နှစ်နှင့် သေဒဏ်ကိုပါတခါတည်းချမှတ်ခဲ့သည်။ ထို့အပြင် ဒဂုံမြို့သစ်မြောက်ပိုင်း၌ နေထိုင်သည့် ကိုစိုးအုပ်ပိုင်(ခ) ဆံရှည်ကို မေလ (၁၈)၊ ၂၀၂၂ ခုနှစ်တွင် ထောင်ဒဏ်(၆)နှစ်ချမှတ်ခဲ့ပြီး မတ်လ (၁၁)၊ ၂၀၂၂ ခုနှစ်တွင် သေဒဏ်ထပ်မံ ချမှတ်ခဲ့သည်။

တရားစီရင်ရေး အဖြစ်အမည်ပေးကာ ရာဇဝတ်မှုကျူးလွန်ခြင်းသည် တိုင်းပြည်ဒီမိုကရေစီအရေးအတွက် ကြိုးစားနေသော အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်စစ်တပ်က သတ်ဖြတ်ရာ၌ လက်ရှိအခြေအနေတွင် အများဆုံအသုံးပြုနေသော နည်းလမ်းအဖြစ် တွေ့ရသည်။

“ သေဒဏ်ချတဲ့ ပြစ်မှုတွေ၊ သေဒဏ်ချခံလိုက်ရတဲ့ လူတွေကိုကြည့်မယ်ဆိုရင်လည်း ဘာကြောင့် လူငယ်တွေပဲ ဖြစ်နေရတာလဲဆိုတာလည်း စိတ်ဝင်စားစရာကောင်းတဲ့အချက်ပေါ့နော်”

ဟု ဥပဒေ ပါမောက္ခတစ်ဦးမှ ပြောသည်။

အကြမ်းဖက်စစ်တပ် သေဒဏ်ချမှတ်ခဲ့သည့် လူဦးရေနှင့် ဥပဒေပြဇယား

စစ်အုပ်စုသည် သေဒဏ်အမိန့်ပေးခဲ့သည့်အထဲတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၄ ဖြင့် (၂၄)ဦးအထိ အများဆုံး ချမှတ်ခဲ့ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၁)(ခ) ကို အသုံးပြုကာ (၁၉) ဦးအထိ ဒုတိယအများဆုံး သေဒဏ်ချမှတ်ခဲ့သည်။

တတိယအများဆုံးအနေဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၄ နှင့် စုစုပေါင်း (၁၅) ဦးအထိ သေဒဏ်ချမှတ်ခဲ့သည်။ အတည်ပြုနိုင်ခြင်းမရှိသည့် ဥပဒေပုဒ်မကို အသုံးပြု၍ လူဦးရေ(၁၄)ဦးကိုလည်း သေဒဏ်ချမှတ်ခဲ့ကြောင်းလေ့လာတွေ့ရှိသည်။

ပြည်သူများကို အကြမ်းဖက်စစ်တပ်၏ သတ်ဖြတ်မှု ပုံစံနည်းလမ်းသစ်ထပ်တိုးခြင်း

မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ်မှစ၍ နဝတစစ်အစိုးရ၏လက်ခွဲမဟုတ်သော လွတ်လပ်သည့် တရားရေးစနစ်နှင့် တရားရေးအဖွဲ့မရှိသောကြောင့် စစ်တပ်မှ ကျူးလွန်သောရာဇဝတ်မှုများနှင့်သက်သေမှတ်တမ်းများသည် တရားရုံးများတွင် စီရင်ဆုံးဖြတ်လေ့ လုံးဝမရှိခဲ့ဖူးပါ။ သို့ဖြစ်ပါ၍ ယခင်က အကြမ်းဖက်စစ်တပ်သည် အကြောင်းအမျိုးမျိုးအတွက် ပြည်သူများကိုသေနတ်ပြဖမ်းဆီးကာ လွယ်ကူရိုးရှင်းစွာ ညှဥ်းပမ်းနှိပ်စက်သက်ဖြတ်သောနည်းကို အသုံးပြုလေ့ရှိသည်။

ဆယ်စုနှစ်ပေါင်းများစွာ ပြည်သူကို သတ်ဖြတ်လေ့ရှိသည့် အကြမ်းဖက်စစ်တပ်သည် ၂၀၁၀ ခုနှစ်မှစ၍ ၎င်းတို့၏ နိုင်ငံအုပ်ချုပ်ရေးမှုကို ဒီမိုကရေစီအဖြစ် အမည်ပြောင်းလဲပြီးနောက်၌ ၎င်းတို့က ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်သည့် နည်းလမ်းသစ်များ ထပ်မံတိုးမြှင့် အသုံးပြုလာသည်ကိုတွေ့ရသည်။ နိုင်ငံအုပ်ချုပ်ရေးမှုကို ဒီမိုကရေစီအဖြစ်အမည်ပြောင်းလဲပြီးနောက်တွင်အထိ ရံဖန်ရံခါထိုနည်းကို ဆက်အသုံးပြုသေးသည်။

အမှုများစွာအနက် ထင်ရှားသော ဥပမာတစ်ခုအနေဖြင့် ကိုပါကြီး အမှုကိုလေ့လာနိုင်သည်။ ၂၀၁၄ ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့၊ အမှတ် (၂၁၀) ခြေမြန်တပ်ရင်း မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ဖမ်းဆီးကာ အောက်တိုဘာလ (၄) ရက်နေ့တွင် တရားလွှတ်တော်အမတ် ဒေါ်သန္တာ၏ ခင်ပွန်းဖြစ်သူ သတင်းထောက် ကိုပါကြီးအား အကြမ်းဖက်စစ်တပ်မှ ဦးခေါင်းနှင့်ခန္ခာကိုယ်အားသေနတ်ဖြင့် အကြိမ်ကြိမ်ပစ်ခတ်၍ သတ်ဖြတ်ခဲ့သည်။ မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ်မှစ၍ နဝတ စစ်အစိုးရ၏ လက်ခွဲတရားရုံးများသာရှိပြီး လွတ်လပ်သည့်တရားရေးစနစ်နှင့် တရားရေးအဖွဲ့မရှိသောကြောင့် ထိုအမူတွင် တရားခံကို ဖမ်းဆိးအပြစ်ပေးခြင်းမရှိကြောင်း အထင်အရှားတွေ့ရသည်။

သို့သော် စစ်တပ်သည် ၂၀၁၀ ခုနှစ်မှစ၍ ၎င်းတို့၏ နိုင်ငံအုပ်ချုပ်ရေးမှုကို ဒီမိုကရေစီအဖြစ် အမည်ပြောင်းလဲပြီးနောက်၌ ပြည်သူများကိုသေနတ်ပြဖမ်းဆီးကာလွယ်ကူရိုးရှင်းစွာ ညှပ်းပမ်းနှိပ်စက်သတ်ဖြတ်သော ယခင်နည်းလမ်းအပြင် စစ်တပ်မိသားစုအသိုးအဝန်း ပတ်ဝန်းကျင်မှ ၎င်းတို့ အသုံးပြုလေ့ရှိသော ကြေးစားလူသတ်သမားများကိုငှားရမ်းသောနည်းလမ်းများကို ပိုမိုအသုံးပြုလာခဲ့သည်။

ထိုနည်းလမ်းအားဖြင့် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေ အကြံပေးကိုပင် လူမြင်ကွင်းတွင် သုတ်သင်သတ်ဖြတ်နိုင်သည်အထိတွင်ကျယ်ခဲ့သည်။ အမှုများစွာအနက် ထင်ရှားသော ဥပမာတစ်ခုအနေဖြင့် ထိုနည်းလမ်းကို ဦကိုနီ အမှုတွင်တွေ့ရသည်။ အကြမ်းဖက်စစ်တပ်အနေဖြင့် ကြေးစားလူသတ်သမားများကို ငှားရမ်းသတ်ဖြတ်သော နည်းလမ်းများကို အသုံးပြု၍ ရာဇဝတ်မှုများကို ကျူးလွန်လာသော်လည်း လူထုသည် သတင်းရရှိရေးအတွက် အင်တာနက်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာခြင်းကြောင့် ၎င်းတို့ကျန်ရှိသော သက်သေနှင့် မှတ်တမ်းများအား ဖျောက်ဖျက်ရန် ခက်ခဲလာသည်။

ထိုကြောင့် တရားစီရင်ရေးခေါင်းစီးအောက်မှ လူသတ်မှုကျူးလွန်သော နည်းလမ်းကို ၂၀၂၁ ခုနှစ်တွင်စတင် အသုံးပြုလာသည်။ ထိုနည်းကို “ တိတ်တဆိတ် သေဒဏ်ပေးကွပ်မျက်ခြင်း” ဟုလည်း ခေါ်ကြသည်။ အာဏာလုမှု ဖြစ်စဉ်နောက်ပိုင်း အခြေအနေနှင့် ပတ်သက်၍

“ သေဒဏ်ချမှတ်တာကို Political Tool အနေနဲ့ သုံးလာတာ။ ဘာလို့ဆို သူ့ကို ဆန့်ကျင်တာကို လက်မခံဘူးလေနော်။ ပြီးတော့ သူတို့လုပ်တာက မှန်တယ်ဆိုတာမျိုးပဲ ဖြစ်ချင်တော့ကျတော့ လူတွေမဆန့်ကျင်အောင်ဆိုပြီးတော့ လက်နက်တစ်ခုလိုသုံးတယ်”

ဟု အဆိုပါ ဥပဒေပါမောက္ခတစ်ဦးမှ ပြောသည်။

တိတ်တဆိတ် ကွပ်မျက်ခြင်း

တရားစီရင်ရေး၏ ရလဒ်အဖြစ် အမည်ပေးကာ သတ်ဖြတ်ရာတွင် ထူခြားသောနောက်ဆက်တွဲ အပြုအမှုတစ်ခုမှာ “ တိတ်တဆိတ်ကွပ်မျက်ခြင်း” ဖြစ်သည်။ တရားစီရင်ရေး၏ သဘာဝမှာအများရှေ့မှောက် တရားမျှတမှုရှိကြောင်း ပြသကာစီရင်ရသော်လည်း၊ အကြမ်းဖက်စစ်တပ်သည် အမှုများကို ဥပဒေနှင့်အညီခုခံကာကွယ်ပိုင်ခွင့်မပေးခဲ့ဘဲ မမြင်ကွယ်ရာတွင် တဖက်သတ်စီရင်ကာ သက်ဆိုင်ရာ ပုဂ္ဂိုလ်များကိုပင် အသိပေးခြင်းမရှိဘဲ ဖမ်းဆီးခံရသူများကို တိတ်တဆိတ်ကွပ်မျက်ကြောင်းကို တွေ့ရသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ဒီမိုကရေစီအရေးလှုပ်ရှားသူ ဦးလှမျိုးအောင်နဲ့ဦးအောင်သူရဇော်တို့ကို ဇန်နဝါရီလ (၂၁) ရက်နေ့ကတည်းက ဖမ်းဆိးပြီး တိတ်တဆိတ်ကွပ်မျက်လိုက်သည်။ ထိုသို့သတ်ဖြတ်ကွပ်မျက်လိုက်ပြီဖြစ်ကြောင်း အကြမ်းဖက်စစ်တပ်က ဇူလိုင်လ (၂၅) ရက်နေ့မှသာ ထုတ်ပြန်ကြောညာခဲ့သည်။ သေဒဏ်ပေးပြီးဖြစ်သော ဦးဂျင်မီနှင့်ဦးဖြိုးဇေယျာသော် အပါအဝင် (၄)ဦး၏ ရုပ်လောင်းများကို ကျန်ရစ်သူ မိသားစုအား ထုတ်မပေးသည့်အပြင် ကြည့်ရှုရန်ပင် ခွင့်မပြုခဲ့သည်ကို တွေ့ရသည်။

သေဒဏ်ချမှတ်ခံရသော မိသားစုများ၏ သတင်းအချက်အလက် ရရှိမှုနှင့် ပတ်သက်သော အခြေအနေအား မေးမြန်းရာတွင်

“ ဘာမှမသိရပါဘူးဗျာ။ ဘာမှမသိရါဘူး… သေဒဏ်ကို အတည်ပြုလိုက်တယ်ဆိုတာတောင် သူတို့ပြောလို့ပဲ သိရတာပါ။ မိသားစုကိုပေးတွေ့တာမျိုးလည်း မရှိဘူး၊ နောက်ဆုံးအရိုးအိုးပြန်ပေးတာမျိုး ဘာညာတောင်မှ မရှိဘူးလို့ကြားတယ်ပေါ့နော်။ ဒီသေဒဏ်အတည်ပြုတဲ့အချိန်မှာလည်း ကျတော်တို့ ပုံမှန်လုပ်ထုံးလုပ်နည်းဆိုရင် အကျဉ်းထောင်ဆရာဝန်တွေခေါ်ရတယ်၊ သမ္မတရဲ့… သမ္မတမဟုတ်လည်း နိုင်ငံတော်အကြီးအကဲ တစ်ယောက်ရဲ့လက်မှတ်နဲ့ အတည်ပြုချက်တွေယူရတယ် စတာတွေလည်း ဘာမှမရှိဘူးလို့ သိရပါတယ်။ သေဒဏ်အတည်ပြုလိုက်တာကို ဘယ်လိုလုပ်သိရလည်းဆိုရင် သူတို့ သတင်းထုတ်ပြန်မှပဲသိရတယ်၊ သတင်းစာထဲထည့်လိုက်မှ။ ကိုဂျင်မီ ကိစ္စဆိုလည်း အဲ့လိုပဲ… တကယ်ဆို သေဒဏ်ကို အတည်ပြုခဲ့တာ သတို့ သောကြာနေ့ကလားမသိဘူး။ သတင်းစာထဲကို တနင်္ဂနွေမှ အဲ့လို့ သုံးရက်လောက်ခြားပြီးမှ ရောက်လာတာ။ မိသားစုဝင်တွေတောင်မှ သတင်းစာဖတ်လို့သိရတာ။ တကယ်တော့ သူတို့ မိသားစုဝင်က လွန်ခဲ့တဲ့ သုံးရက်လောက်ကတည်းက ကွပ်မျက်ခံလိုက်ရတယ်ဆိုတာကို သတင်းစာထဲ ပါလာမှသိရတာ”

ဟု ရှေ့နေတစ်ဦး၏ အင်တာဗျူးမှ ကောက်နှုတ်တင်ပြသည်။

ပြည်တွင်းနှင့် နိုင်ငံတကာ တရားစီရင်ရေးသဘောသဘာဝများ၊ လုပ်ထုံးလုပ်နည်းများကို ဆန့်ကျင်ကာပြုမူနေသော ထိုကွပ်မျက်မှုများကို မြန်မာပြည်သူများ၊ ကုလသမဂ္ဂနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကပါ လက်မခံဘဲကန့်ကွက်ရှုတ်ချမှုများ ပြုလုပ်နေသော်လည်း ၎င်းသဘောထားများကို အကြမ်းဖက်စစ်တပ်က ထည့်သွင်းအသိမှတ်မပြုချေ။ ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းသည် ၎င်းတို့ ဂုဏ်သိက္ခာအရ စာဖြင့်၊ နှုတ်ဖြင့် သဘောထားထုတ်ပြန်သည်မှအပ ထိုထက်ပို၍ ခိုကိုးရာမဲ့သော မြန်မာပြည်သူများကို ထိရောက်စွာကူမည် မဟုတ်ဟု အကြမ်းဖက်စစ်တပ်မှ သိရှိသောကြောင့် အဆိုပါသဘောထားများကို အသိအမှတ်မပြုခြင်းဖြစ်သည်။

ရှင်းလင်းချင်

မြန်မာနိုင်ငံ၌ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပျောက်ဆုံးရခြင်း အကျိုးဆက်အနေဖြင့် တရားလက်လွတ်ရာဇဝတ်မှုများပေါ်ပေါက်လာပြီး ပြုလုပ်လာကြောင်း ထောက်ပြရေးသားချက်များ ပါဝင်သဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသက်ကင်းမဲ့သွားရပုံကို အချက်အလက်အနေဖြင့် ရည်ညွှန်းရေးသားထားရခြင်းဖြစ်သည်။ ထိုရာဇဝတ်မှုများကို အကြမ်းဖက်စစ်တပ်မှ “ တရားစီရင်ရေး” ဟု အမည်တပ် အသံအဖွဲ့အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား လက်ခံ အသိအမှတ်ပြုခြင်း မရှိပေ။

Download Eng Full PDF:

Download MM Full PDF: