အာဏာရှင်တို့ဟူသည် သတင်းမီဒီယာလွတ်လပ်ခွင့်ကို တားဆီးပိတ်ပင်ကြ၏။

ဇူလိုင် 20, 2021

အာဏာရှင်တို့ဟူသည် သတင်းမီဒီယာလွတ်လပ်ခွင့်ကို တားဆီးပိတ်ပင်ကြ၏။

ဖေဖာ်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းလိုက်သည့်နေ့မှစ၍ မြန်မာ့သတင်းမီဒီယာလွတ်လပ်ခွင့်သည် အမှောင်တိုက်ထဲသို့ ကျရောက်သွားခဲ့ရသည်။ ဒီမိုကရေစီ၏ အဓိကထောက်တိုင်ဖြစ်သော သတင်းမီဒီယာ လွတ်လပ်ခွင့်ကို အာဏာသိမ်းစစ်ကောင်စီမှ ဦးတည်ဖိနှိပ်လာသည်။ အာဏာသိမ်းစစ်ကောင်စီ၏ သတင်းမီဒီယာ လွတ်လပ်ခွင့်အပေါ် ချိုးဖောက်ဖိနှိပ်ရာတွင် ပြင်းထန်မှု အဆင့်(၄)ဆင့်ကို တွေ့ရှိရသည်။

ပထမဦးဆုံးအဆင့်တွင် အာဏာသိမ်းစစ်ကောင်စီမှ သတင်းမီဒီယာများ၏ သတင်းထုတ်ပြန်ချက်များတွင် သတင်းအချက်အလက်များနှင့် အသုံးအနူန်းများကို စတင် ကန့်သတ်ခြင်းများ ပြုလုပ်ခဲ့သည်။ အာဏာသိမ်းပြီးနောက်တနေ့ ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနမှ အမိန့်အမှတ် (၁/၂၀၂၁) ဖြင့် “ လူမှုကွန်ရက်ပေါ်တွင် ကောလာဟလ သတင်းများ ထုတ်ပြန်ခြင်း၊ ဆူပူမှုဖြစ်ပေါ်အောင် စည်းရုံးဆော်ခြင်း၊ မငြိမ်မသက်ဖြစ်စေရန်၊ ကြေညာချက် ထုတ်ပြန်ခြင်းများ မပြုလုပ်ရန်နှင့် သတင်းမီဒီယာများအနေဖြင့် တည်ဆဲဉပဒေနှင့်အညီ အစိုးရနှင့်ပူးပေါင်းရန်” စာထုတ်ပြန်ခဲ့သည်။ သတင်းမီဒီယာများ၏ လွတ်လပ်စွာ သတင်းရေးသားခွင့်ကို “ ကောလဟာလသတင်း၊ ဆူပူမှု၊ မငြိမ်မသက်ဖြစ်စေရန် ထုတ်ပြန်ခြင်းများ ပြုလုပ်နေသည် “ ဟု စတင် ပုံဖျက်၍ တားဆီးခဲ့သည်။ ထို့နောက် သတင်းမီဒီယာများ၏ သတင်းရေးသား ဖော်ပြရာတွင် အာဏာသိမ်းအစိုးရဟု မသုံးနူန်းရန်နှင့် ထို့သို့ သုံးနူန်းမှုသည် မမှန်မကန်ရေးသား သုံးနူန်းမှုဖြစ်သဖြင့် သတင်းမီဒီယာ ကျင့်ဝတ်နှင့်အညီ အရေးယူပေးရန် ပြန်ကြားရေးဝန်းကြီးဌာန မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ အကြောင်းကြားခဲ့သည်။ ဤသည်မှာ လွတ်လပ်သော သတင်းရေးသားခွင့်ကို ဖိနှိပ်ချုပ်ကိုင်ရန် စတင်လိုက်ခြင်းဖြစ်သည်။

ဒုတိယအဆင့်တွင်သတင်းမီဒီယာလွတ်လပ်ခွင့်ကို စာအားဖြင့်ထုတ်ပြန်ခြင်းများထက် ကျော်လွန်၍ နူတ်အားဖြင့် ခြိမ်းခြောက်ခြင်းပြုလုပ်ခဲ့သည်။ စစ်အုပ်ချုပ်ရေးကောင်စီ၏ ပထမဦးဆုံးပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းမှ “ သတင်းသမားများ၏ လုံခြုံရေးကို အာမခံမည်၊ မခံမည်ဆိုသည်ကို အတိအကျ မပြောနိုင်ကြောင်းနှင့် အာဏာသိမ်းစစ်ကောင်စီဟု ရေးသားလျှင် သတင်းမီဒီယာများ၏ ထုတ်ဝေခွင့် ပိတ်သိမ်းခြင်းမျိုးပါအရေးယူဆောင်ရွက်မည်” ဟု ပြောကြားသွားခဲ့သည်။ထို့နောက် မတ်လ (၄)ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီမှ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီအဖွဲ့ဝင် (၂၃) ဦးကို အဖွဲ့ဝင်အဖြစ်မှ ရပ်စဲကြောင်း ကြောညာခဲ့သည်။ အမှန်စင်စစ်မှာ သတင်းမီဒီယာကောင်စီတွင် အဖွဲ့ဝင် (၂၆) ဦးရှိသည့်အနက် (၂၄)ဦးမှာ “ သတင်းလွတ်လပ်ခွင့်နှင့် သတင်းသမားများအား ကာကွယ်ပေးရန် မဖြစ်နိုင်တော့သောကြောင့်” ဟုဆိုကာ ဖေဖော်ဝါရီလ (၁၈) ရက်နေ့ထဲက ၎င်းတို့သေဘာဆန္ဒဖြင့် အဖွဲ့ဝင်အဖြစ်မှအသီးသီး နုတ်ထုတ်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။ သို့ဖြစ်၍ သတင်းလွတ်လပ်ခွင့်ကို ထောက်ကူကပေးနိုင်ရန် အရေးကြီးသည့် သတင်းမီဒီယာကောင်စီလည်း ပြိုပျက်သွားခဲ့သည်။

တတိယအဆင့်တွင် သတင်းမီဒီယာသမားများအား စုပေါင်းဖမ်းဆိးခြင်း၊ ဦးတည်ဖမ်းဆီးခြင်းနှင့် အလုပ်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့သည်။ စစ်အာဏာသိမ်းပြီး တစ်ပတ်ကျော် ဖေဖော်ဝါရီလ (၉) ရက်နေ့တွင် မန္တလေးမြို့ ဆန္ဒပြပွဲ၌ သတင်းယူနေသည့် DVB သတင်းဌာန၏ မန္တလေးအခြေစိုက် အပုဒ်စာသတင်းထောက် တစ်ယောက်ဖြစ်သော ဘကြီးအောင်အား ဆန္ဒပြသူများနှင့်အတူ ဖမ်းဆီးသွားခဲ့သည်။ အခြားသော သတင်းထောက်များ၊ မီဒီယာများ၏ တောင်းဆိုချက်ကြောင့် ဘကြီးအောင်အား အချုပ်ကားပေါ်မှ ပြန်လွှတ်ပေးခဲ့သည်။ ထို့နောက် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဖေဖော်ဝါရီလ (၁၄) ရက်နေ့၌ ဆန္ဒပြပြည်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အင်အားသုံး လူစုခွဲသည့် ဖြစ်စဉ်တွင် သတင်းရယူနေသည့် သတင်းသမား ၅ ဦးကို ဖမ်းဆီခဲ့သည်။ ထိုသတင်းသမားများမှာ Mizzima သတင်းဌာနမှ ဆိုင်းလတ်အောင်၊ The 74 Media သတင်းဌာနမှ ကိုထွယ်အောင်၊ ကိုနော်ဆိုင်း၊ ထာဝရငြိမ်းချမ်းရေး သတင်းကွန်ရက် (EPN) မှ ကိုရန်ကောင်းနှင့် ကိုဝေယံတိုဖြစ်ကြသည်။ အစပိုင်းတွင် သတင်းသမားများအား ဆန္ဒပြသူများနှင့် စုပေါင်းဖမ်းဆီးခြင်းမျိုးပြုလုပ်ခဲ့ပြီး အာဏာသိမ်းပြီး (၂) ပတ် အကြာမှစ၍ ဦးတည်ချက်ထား ဖမ်းဆီးခြင်းမျိုး စတင်ခဲ့ခြင်းဖြစ်သည်။ ထိုအဆင့်တွင် သတင်းသမားများအား ဆန္ဒပြပွဲများ၊ တရားရုံးချိန်းများတွင် သတင်းရယူစဉ်နှင့် သတင်းထောက်အလုပ် လုပ်ကိုင်နေချိန်မျိုးကဲ့သို့ မြေပြင်တွင် ရှိနေသည့် အခြေအနေမျိုးတွင် ဖမ်းဆိးခဲ့ကြခြင်းဖြစ်သည်။ ထို့ပြင် ဆန္ဒပြသူများအား အကြမ်းဖက်ဖြိုခွင်းမှုများ များပြားလာသည်နှင့်အမျှ ဆန္ဒပြပွဲတွင် သတင်းယူနေသည့် သတင်းမီဒီယာသမားများကိုပါ ရိုက်နှက်ခြင်း၊ လေးဂွနှင့်ပစ်ခြင်းများကို ဆိုးရွားစွာ ပြုလုပ်လာခဲ့သည်။ မတ်လအလယ်တွင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ထုတ်ဝေသည့် မန္တလေးနေ့စဉ် သတင်းစာတိုက်၌ တာဝန်ထမ်းဆောင်သော ဝန်ထမ်း (၁၉) ဦးအား အမိန့်ဖီဆန်ခြင်းလှုပ်ရှားမှု (Civil Disobedience Movement) တွင် ပါဝင်သောကြောင့် အလုပ်မှထုတ်ပယ်ခဲ့သည်။

စတုတ္တအဆင့်တွင်မှု စစ်ကောင်စီဘက်မှ ပိုမိုဆိုးရွားသော အကြမ်းဖက်မှုများလုပ်ဆောင်၍ သတင်းမီဒီယာလောကကို အမှောင်ချနေခဲ့ပြီးဖြစ်သည်။ မတ်လ (၈) ရက်နေ့တွင် အာဏာသိမ်း စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနမှ လွတ်လပ်သော သတင်းမီဒီယာများဖြစ်သည့် DVB၊ Mizzima၊ ခေတ်သစ်မီဒီယာ၊ Myanmar Now နှင့် 7 Days သတင်းဌာနများ၏ ထုတ်ဝေခြင်းလုပ်ငန်း လိုင်စင်များပိတ်သိမ်းခဲ့ပြီး ယင်းသတင်းဌာနများအနေဖြင့် မီဒီယာ အမျိုးအစားတစ်ခုခုကို အသုံးပြုဿ၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်အား အသုံးပြု၍ဖြစ်စေ ရေးသားထုတ်လွှင့်ခြင်းမပြုရန် တားမြစ်ခဲ့သည်။ DVB ရုပ်သံလိုင်းနှင့် Mizzima ရုပ်သံလိုင်းတို့၏ Free to Air ရုပ်သံချယ်နှယ်များကိုလည်း ဖေဖော်ဝါရီလ (၁) ရက်နေ့ကတည်းက ဖြတ်တောက်ထားပြီးဖြစ်သည်။ ထို့နောက်တွင် အာဏာသိမ်း စစ်ကောင်စီမှ ဒေသတွင်းမီဒီယာများဖြစ်သော တာချီလိတ်သတင်းဌာ၊ မြစ်ကြီးနားသတင်းဌာနနှင့် The 74 Media တို့ကိုလည်း ထုတ်ဝေခွင့်လိုင်စင်များ ပိတ်သိမ်းခဲ့သည်။ သတင်းမီဒီယာများကို ထုတ်ဝေခွင့်ပိတ်သိမ်းသည့်အပြင် Mizzima၊ Myanmar Now ကမာရွတ်မီဒီယာနှင့် The Hakha Post သတင်းဌာန စသည့်တချို့သော မီဒီယာတိုက်များကို စစ်ကောင်စီ၏ လက်နက်ကိုင်များက ဝင်ရောက် စီးနင်းကာ လုပ်ငန်းသုံး စာရွက်စာတမ်း၊ စက်ပစ္စည်းများ ယူဆောင်သွားလေ့ရှိကြသည်။ ထို့နောက်တဖန် အာဏာသိမ်းစစ်ကောင်စီမှ ပြည်သူများကြား သတင်းအချက်လက်ကို ဖြတ်တောက်ရန် ရည်ရွယ်၍ မြန်မာပြည်အနယ်နယ်အရပ်ရပ်ရှိ ဒေသများတွင် PSI စလောင်းများဖြုတ်သိမ်းရန် အမိန့်ပေးညွှန်ကြားခဲ့သည်။

ထို့အပြင် မတ်လ ဒုတိယအပတ်မှစ၍ မြေပြင်တွင်းသတင်းယူနေသော သတင်းသမားများအား ဖမ်းဆီးခြင်းမျိုးသာမက သတင်းသမားများ၏ နေအိမ်ထိဝင်ရောက် ဖစ်ခတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်လာသည်။ အကြမ်းဖက်မှု အဆိုးရွားဆုံးအနေဖြင့် သတင်းသမားကို မတွေ့ပါက သတင်းသမား၏ မိသားစုဝင် မိဘ၊ ဆွေမျိုးသားချင်းနှင့် ခင်ပွန်း သို့မဟုတ် ဇနီးသည်တို့ကိုပါ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။ ချင်းပြည်နယ်၊ ဟားခါးမြို့အခြေစိုက်သတင်းဌာန The Chinland Post ၏ အယ်ဒီတာချုပ် ဆလိုင်းဘွဲအုပ်ထန်အား စစ်တပ်မှ ဖမ်းဆီးရန် နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ မဖမ်းမိသောကြောင့် ၎င်း၏ ယောက်ဖဖြစ်သူကို ဖမ်းဆီးသွားခဲ့ခြင်း၊ ရန်ကုန်အရှေ့ပိုင်းမြို့နယ်၊ ဒဂုံတက္ကသိုလ် ကျောင်းဝင်းရှိ ဝန်ထမ်းအိမ်ယာဝန်းအတွင်းတွင် နေထိုင်သော အလွတ်တန်း သတင်းထောက် မသူဇာ၏ နေအိမ်သို့ ဝင်ရောက်စီးနင်းရှာဖွေရာ မသူဇာကို မတွေ့ရှိသောကြောင့် အမျိုးသားဖြစ်သူ ကိုရဲကိုကိုအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းစသည့် သာဓကများ ရှိခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးခံရသော သတင်းသမားများထဲတွင် မြန်မာနိုင်ငံသား သတင်းသမားများသာမက နိုင်ငံခြား သတင်းထောက်(၂)ယောက်နှင့် အယ်ဒီတာ (၁) ယောက်လည်းပါဝင်ခဲ့သည်။ တောက်ကြီးမြို့တွင် သတင်းယူနေသော ပိုလန်နိုင်ငံသား သတင်းထောက် Robert Bociaga နှင့် ရန်ကုန်မြို့တွင် သတင်းယူနေသော ဂျပန်သတင်းထောက် Yuki Kitazumi တို့ကိုလည်း ဖမ်းဆီးခဲ့ကာ နှစ်နိုင်ငံသံရုံးသဘောတူညီချက်ဖြင့် ပြန်လွှတ်ပေးပြီး နေရပ်ပြန်ပို့ခဲ့သည်။ မေလ ၂၅ ရက်နေ့တွင် ရန်ကုန်လေဆိပ်၌ ဖမ်းဆီးသွားခဲ့သော အမေရိကန်နိုင်ငံသား Frontier Myanmar မဂ္ဂဇင်း အယ်ဒီတာ Danny Fester ကိုမှု ဖမ်းဆီးထားဆဲဖြစ်ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထားသည်။

ဖမ်းဆီးထားသော သတင်းသမားများအား ရာဇသတ်ကြိး ဥပဒေပုဒ်မ ၅၀၅ (က) ၅၀၅ (ခ) ၅၀၅ (ဂ) ပုဒ်မများအပါအဝင် အမိန့်မနာခံမှု၊ ညမထွက်ရအမိန့်ဖောက်ဖျက်မှု စသည့်ပုဒ်မများတပ်၍ အမှုဖွင့်အရေးယူခဲ့သည်။ ဖမ်းဆီး၍ မမိသော သတင်းသမားများကိုလည်း ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) တို့ဖြင့် ဖမ်းဝရမ်းထုတ်နေခဲ့ပြီးဖြစ်သည်။ ဖမ်းဆီး၍ အမှုဖွင့် အရေးယူခံထားသော သတင်းသမားများထဲမှ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရသော ပြည်မြို့အခြေစိုက် DVB သတင်းထောက် ကိုမင်းညိုအား မေလ ၁၂ ရက်နေ့တွင် စစ်ကောင်စီတရားရုံးမှ ထောင်ဒဏ် ၃ နှစ်၊ DVB သတင်းထောက်ကိုအောင်ကျော်နှင့် Mizzima အလွတ်တန်း သတင်းထောက် ကိုဇော်ဇော်တို့ကို ဇွန်လ ၂ ရက်နေ့တွင် ထောင်ဒဏ် ၂ နှစ်စီနှင့် ပဲခူးမြို့မှ အလွတ်တန်းသတင်းထောက် ကိုသက်နိုင်ဝင်အား ဇွန်လ ၁၆ ရက်နေ့တွင် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

သို့ဖြစ်၍ မြန်မာနိုင်ငံ၏ သတင်းမီဒီယာလွတ်လပ်ခွင့်သည် စစ်အာဏာသိမ်းပြီး အချိန်ကစ၍ ကန့်သတ်ဖိနှိပ်ခံနေရပြီး သတင်းသမားများအား အကြမ်းဖက် ဖမ်းဆီးထောင်ချခြင်းများ ခံနေရကာ အဆိုးရွားဆုံး အခြေအနေတွင် ရှိနေသည်။ ယခုဖော်ပြထားသော စာရင်းများနှင့် အကြောင်းအရာများသည် လက်လှမ်းမီသော အချက်အလက်များကိုသာ မှီငြိမ်း ဖော်ပြထားခြင်းဖြစ်ပြီး တစ်နိုင်ငံလုံး အခင်းအကျင်းတွင် ယခုထက် ပိုမိုများပြားကာ ပိုမိုဆိုးရွားနိုင်သည်။

သုတေသနနည်းလမ်း

ဤသုတေသနစာတမ်းပြုစုရာတွင် အချက်အလက်နှင့် ဖြစ်စဉ်များကို အွန်လိုင်းသတင်းမီဒီယာများအား နေ့စဉ်စောင့်ကြည့်လေ့လာခြင်းမှ ရရှိသော ဒေသတများနှင့် သတင်းမီဒီယာလောကရှိ ယုံကြည်ရသော လူပုဂ္ဂိုလ်အချို့အား ဆက်သွယ်မေးမြန်းခြင်း၊ အတည်ပြုခြင်းများအပေါ် အခြေခံထားပါသသည်။ သုတေသနကို ခွဲခြမ်းစိတ်ဖြာရာတွင် ခြုံငုံသုံးသပ်နည်းလမ်းကို အသုံးပြုထားသည်။ သုတေသနအဖွဲ့အနေဖြင့် စည်းဝေးခြင်းများနှင့်ဆွေးနွေးခြင်းများ ပြုလုပ်ထားပါသည်။

Download Eng PDF:

Download MM PDF: