ထိခိုက်ဆုံးရှုံးခဲ့ရမှုများထဲမှ အပိုင်းအစများ

အောက်တိုဘာ 21, 2022

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စိီတန်းလှည့်လည်ခွင့်

အနှစ်ချုပ်တွေ့ရှိချက်

  • ဆန္ဒပြပွဲများ၏ ၉၉ ရာခိုင်နှုန်းသည် စစ်အာဏာရှင် ဆန့်ကျင်သော ဆန္ဒပြပွဲများဖြစ်ပြီး လူမူစီးပွားဆိုင်ရာ ဆန္ဒပြပွဲများအဖြစ် ဇေကမ္ဘာစက်ရုံဝန်းအတွင်း အထည်ချုပ်အလုပ်သမားများ ထောင်ချီဆန္ဒထုတ်ဖော်မှု၊ Food Panda Rider များ၏ ဆန္ဒထုတ်ဖော်မှု၊ PMG ပုလင်းသန့်စင်စက်ရုံမှ အလုပ်သမားများရက်မှန်ကြေးရရှိရေးအတွက် သပိတ်မှောက်တောင်းဆိုမှုနှင့် ဆူပူအကြမ်းဖက်မှုသဘောဆောင်သော တပ်မတော်ထောက်ခံပွဲ အချို့ကိုတွေ့ရှိိရသည်။
  • စစ်တပ်မှ လူထုပြောက်ကျားသပိတ်များ ပြုလုပ်ခဲ့သည့် နေရာအနိးတဝိုက်ရှိ လူနေအိမ်များ၊ ဈေးများနှင့် ပြည်သူပိုင်ပစ္စည်း ဥစ္စာများအား မီးရှို့ဖျက်ဆီးသည့် ဖြစ်စဉ်များအနောက်ပိုင်း ပြောက်ကျားသိတ်များတွင် လူထု၏ပူးပေါင်းပါဝင်မှုများလျော့နည်းခဲ့ပြီး စစ်တပ်မျ လူထုနှင့်သပိတ််ဆောင်ရွက်သူများကြား သွေးခွဲသည့် နည်းလမ်းများ သိသိသာသာ အရှိအဟုန်မြှင့် ဆောင်ရွက်နေကြောင်း တွေ့ရသည်။
  • ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ကြသော ဆန္ဒပြပွဲများနှင့် သပိတ်များအား စစ်ဘက်သုံးကား၊ အရပ်သားစီးကားများဖြင့်တိုက်၍ ရက်စွာစွာ ဖြိုခွင်းမှု (၁၉) ကြိမ်တွေ့ရှိရပြီး မန္တလေးတိုင်းတွင် (၈) ကြိမ်၊ ရန်ကုန်တိုင်းတွင် (၅) ကြိမ်၊ စစ်ကိုင်းတွင် (၃)ကြီမ်၊ ရှမ်းပြည်နယ်တွင် (၁)ကြိမ်၊ ကချင်ပြည်နယ်တွင်(၁) ကြိမ်နှင့် တနင်င်္သာရီတိုင်းတွင် (၁)ကြိမ်တွေ့ရသည်။
  • စစ်အာဏာသိမ်းမှုနောက်ပိုင်း ထောင်တွင်းဆန္ဒပြပွဲများစွာကို လေ့လာတွေ့ရှိရပြီး ဆန္ဒပြပွဲအမျိုးအစားများမှာ စစ်အာဏာရှင်ဆန့်ကျင်သော အစာငတ်ခံဆန္ဒပြပွဲများ၊ အကျဉ်းသားများအနေဖြင့် အကျဥ်းထောင်အတွင်းရသင့်သော အခွင့်အရေးမရရှိ၍ ဆန္ဒထုတ်ဖော်မှုများ၊ ပြင်ပဖိနှိပ်ခံပြည်သူများနှင့်အတူ ရပ်တည်ကြောင်းဖော်ထုတ်သည့် ဆန္ဒပြပွဲများ စသည်တို့ဖြစ်သည်။ ဆန္ဒထုတ်ဖော်သော နိုင်ငံရေးအကျဉ်းသားများအား ရိုက်နှက်ခြင်း၊ တိုက်ပိတ်ခြင်း၊ စာဖတ်ခွင့်ပိတ်ပင်ခြင်း၊ ထောင်ဝင်စာ ကန့်သတ်ခြင်း၊ လုံခြုံရေးတင်းကြပ်ခြင်းနှင့် အသက်သေဆုံးသည်ထိ ညှည်းပန်းနှိပ်စက်ခြင်းတို့ရှိသည်။
  • ဆန္ဒပြခြင်း၊ ဆန္ဒထုတ်ဖော်ခြင်းများတွင် ပါဝင်သောသူများ ပြစ်ဒဏ်နည်းသော ပုဒ်မများမှ ပြစ်ဒဏ်များ၍ ပြင်းထန်သော ပုဒ်မများသို့ပြောင်းလဲ၍ အရေးယူတရားစွဲခြင်း၊ ခြိမ်းခြောက်ခြင်း၊ ပိုမိုများပြားလာသည်။ ဖမ်းဆီးခံရသူများသည် ပြစ်ဒဏ်နည်းသော ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ (ငြိမ်းစုစီ)ဖြင့် တရားစွဲဆိုခံရမှုနည်းပြီး ပြစ်ဒဏ်ပို၍ကြီးလေးသော ရာဇသတ်ကြီးပုဒ်မ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်များ၊ အစရှိသည့် ပုဒ်မများဖြင့် အရေးယူခြင်းခံရသည်။
  • ဆန္ဒပြပွဲများ၊ ဆန္ဒထုတ်ဖော်မှုများတွင် ဖမ်းဆီးခံရသောသူများ၊ နိုင်ငံရေးသမားများနှင့် တက်ကြွလှုပ်ရှားသူများကို ဥပဒေရေးအရ ရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်ပေးကြသည့် ရှေ့နေများအား ဖမ်းဆီးထောင်ချခြင်းများ တွေ့ရှိရသည်။ ၎င်းအပြင် ဆန္ဒပြ၍ ဖမ်းဆီးတရားစွဲဆိုခံရသည့် အမှုများကိုလိုက်ပါဆောင်ရွက်ပေးသည် လူငယ်အမျိုးသမီးရှေ့နေများသည် စစ်သားများနှင့်ရဲသားများ၏ လိပ်ပိုင်းဆိုင်ရာထိပါးစော်ကားမှုကို ခံနေရကြောင်းတွေ့ရှိရသည်။
  • အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများအား ယနေ့အချိန်ထိ မြို့ကြီးများတွင် အကြမ်းဖက်ဖိနှိပ်မှုများရှိနေသည့်တိုင် ပြောက်ကျားသပိတ်များကို ပြုလုပ်နေဆဲဖြစ်ပြီး နေ့စဥ်နီးပါး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သော ဆန္ဒပြပွဲများကိုလည်း စစ်ကိုင်းတိုင်းတွင် ကလေးမြို့ပင်မသပိတ်၊ ယင်းမာပင်ရွှေနွယ်သွေးသပိတ်၊ ယင်းမာပင်ကယ်တင်ရှင်မရှာ ဒို့ကျေးရွာသပိတ်၊ ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြောက်ခြမ်း ရွာပေါင်းစုံသပိတ်စစ်ကြောင်း စသည့်သပိတ်စစ်ကြောင်းများကို လေးစားဖွယ်တွေ့ရသည်။

အခန်း (၁)

(၁.၁) ငြိမ်းချမ်းစွာစုဝေးခြင်းဆိုင်ရာ နိုင်ငံတကာ စံချိန်စံနှုန်းများ

ငြိမ်းချမ်းစွာ စုဝေးခွင့် (Right to Peacful Assembly) သည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် အထူးဆက်စပ်နေသည့် ရပိုင်ခွင့်တစ်ခုဖြစ်သည်။ ICCPR အပါအဝင် နိုင်ငံတကာသဘောတူ စာချုပ်အများအပြားတွင် ငြိမ်းချမ်းစွာစုဝေးခွင့်ကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့်အတူ ကာကွယ်ပြန်ဌာန်းပေးထားသည်။ ဤရပိုင်ခွင့်သည်၊ ဒီမိုကရေစီ၊ လူ့ရပိုင်ခွင့်၊ တရားဥပဒေစိုးမိုးမှု၊ ဗဟုဝါဒတို့ကို အခြေခံသည့် ပြည်သူလူထုပါဝင်သော အုပ်ချုပ်စီမံမှုစနစ်တစ်ရပ်အတွက် အမှန်တကယ်ပင် အုတ်မြစ်ဖြစ်သောကြောင့် အခရာကျသော ရပိုင်ခွင့်တစ်ရပ်ဖြစ်သည်။ အစိုးရတစ်ရပ်အနေဖြင့် ဤရပိုင်ခွင့်ကို လေးစားရန်ပျက်ကွက်ပါက လူထုအပေါ် ဖိနှိပ်နေသည့် လက္ခဏာတစ်ရပ်ဟု ဆိုနိုင်သည်။ ငြိမ်းချမ်းစွာစုဝေးခွင့်တွင် ပုံစံအမျိုးမျိုးရှိပြီး အောက်ပါတို့မှာ –

  • ဆန္ဒထုတ်ဖော်ခြင်း၊ ဆန္ဒပြခြင်း
  • အစည်းအဝေး
  • သပိတ်အမျိုးမျိုး
  • စီတန်းလမ်းလျှောက်ခြင်း
  • လူစုလူဝေးပြုလုပ်ခြင်း
  • အွန်လိုင်းပေါ်မှ စုရုံးခြင်း

ငြိမ်းချမ်းစွာစုဝေးခွင့်ကို အပြည်ပြည်ဆိုင်ရာ လူ့ရပိုင်ခွင့်ကြောညာစာတမ်း အပိုဒ် ၂၀ အရ လူတိုင်းတွင် လွတ်လပ်ငြိမ်းချမ်းစွာ စုဝေးနိုင်ခွင့်နှင့်ဖွဲ့စည်းနိုင်ခွင့်တို့ရှိသည်။ မည်သူ့ကိုမျှ အဖွဲ့အစည်းတစ်ခုသို့ ဝင်စေရန် အတင်းအကြပ် မပြုရပေ။ ထို့အပြင် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (iCCPR) တွင်လည်း ငြိမ်းချမ်းစွာစုဝေးခွင့်ကို ကာကွယ်ပေးထားသည်။ ICCPR အပိုဒ် (၂၁) အရ “ ငြိမ်းချမ်းစွာစုဝေးနိုင်ခွင့်ကို အသိအမှတ်ပြုစေရသည်။ နိုင်ငံတော်လုံခြုံရေး သို့မဟုတ် အများပြည်သူဘေးကင်းလုံခြုံရေး၊ အများပြည်သူအေးချမ်းသာယာရေး၊ ပြည်သူ့ကျန်းမာရေး သို့မဟုတ် ပြည်သူလူထုကိုယ်ကျင့်တရားကို ကာကွယ်စောင့်ရှောက်ရေး သို့မဟုတ် အခြားသူများရပိုင်ခွင့်များနှင့် လွတ်လပ်ခွင့်များကို ကာကွယ်စောင့်ရှောက်ရေးတို့အတွက် ဒီမိုကရေစီလူ့ဘောင်အဖွဲ့အစည်းတွင် လိုအပ်ချက်အရ ဥပဒေနှင့်အညီ ပြုလုပ်သော ကန့်သတ်ချက်များမှအပ ယင်းရပိုင်ခွင့်အား ကျင့်သုံးဆာေင်ရွက်မှုအပေါ် မည်သည့်ကန့်သတ်မှုမျှ မပြုလုပ်ရပေ။

(၁.၂) အာဏာသိမ်းပြီးနောက်တွေ့ရှိရသည့် မြန်မာနိုင်ငံမှဆန္ဒထုတ်ဖော်ခြင်း၊ ဆန္ဒပြခြင်းများ

၂၀၂၁ ခုနှစ်၊ အာဏာသိမ်းပြီးနောက်ပိုင်း၊ တွေ့ရှိရသော ဆန္ဒထုတ်ဖော်မှု အမျိုးအစားများတွင် လူစုလူဝေးပြုလုပ်ခြင်း၊ ဆန္ဒပြခြင်း၊ ဆန္ဒထုတ်ဖော်ခြင်း၊ သပိတ်များ၊ စီတန်းလမ်းလျှောက်ခြင်းများနှင့် အွန်လိုင်းပေါ်မှ စုရုံးခြင်း၊ အွန်လိုင်းကမ်ပိန်းများ ပြုလုပ်ခြင်းကိုတွေ့ရှိရသည်။ အာဏာသိမ်းပြီး ဆန္ဒပြပွဲများ၏ (၉၉%) ရာခိုင်နှုန်းသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော ဆန္ဒထုတ်ဖော်မှုများဖြစ်ပြီး လူမှုစီးပွားဆိုင်ရာ ဆန္ဒထုတ်ဖော်မှု အကြောင်းအရာ (၃)၊ စစ်တပ်ထောက်ခံ ဆန္ဒပြပွဲအချို့နှင့် ဆူပူအကြမ်းဖက်မှုဆန်သော ဆန္ဒပြပွဲအချို့အား လေ့လာတွေ့ရှိသည်။

စစ်အုပ်စု၏ ပြည်သူ့အာဏာကိုမတရားသဖြင့် သိမ်းယူအား နယ်ပယ်အသီးသီးမှ နိုင်ငံ့ဝန်ထမ်းများက နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်တော်လှန်ခဲ့ကြပေသည်။ စစ်အာဏာရှင်စနစ်ဆန့်ကျင်သည့် သံပုံးတီးကမ်ပိန်းကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် စတင်ခဲ့ပြီး ဖဲကြိုးနီကမ်ပိန်းကို ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် စတင်လှုပ်ရှားခဲ့သည်။ ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် မန္တလေးမြို့၌ ဒေါက်တာတေဇာဆန်းဦးဆောင်သော ဆန္ဒပြမှုအပြင် ရန်ကုန်နှင့် တနင်္သာရီတိုင်းတို့တွင်လည်း ဆန္ဒပြပွဲများစတင်ခဲ့ကာ နိုင်ငံတဝန်း သန်းနှင့်ချီသော ပြည်သူလူထုမှ အာဏာသိမ်းမှုနှင့် စစ်အာဏာရှင်ဆန့်ကျင်သော လူထုလှုပ်ရှားမှုများကို နည်းအမျိုးမျိုးဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့သည်။ ထိုကဲ့သို့ လူထုလှုပ်ရှားမှုများ ပေါ်ပေါက်လာသည်နှင့်တပြိုက်နက် အကြမ်းဖက်စစ်တပ်မှ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒပြသော လက်နက်မဲ့ပြည်သူများအား မမျှတသည့် နည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက်ဖြိုခွင်းမှုများပြုလုပ်လာပြီး နောက်ပိုင်းတွင် ဖမ်းဆီး၊ ရိုက်နှက်ခြင်းနှင့် ကျည်အစစ်များအသုံးပြု၍ ပစ်ခတ်ဖြိုခွင်းခြင်း အစရှိသည့် အကြမ်းဖက်လုပ်ရပ်များကိုပါ ဆက်တိုက် ပေါ်ပေါ်ထင်ထင်ကျူးလွန်လာကြောင်းကိုလည်း တွေ့ရှိရသည်။ လေ့လာတွေ့ရှိချက်များအရ မတ်လအတွင်း ငြိမ်းချမ်းစွာဆန္ဒပြသူ ပြည်သူများအား အကြမ်းဖက် သတ်ဖြတ်၊ ဖမ်းဆီးခြင်းများကို စစ်အာဏာရှင်လက်အောက်ခံ အကြမ်းဖက်စစ်သားနှင့် ရဲများမှ အများဆုံးကျူးလွန်ခဲ့သော်လည်း မတ်လအကုန်၊ ဧပြီလဆန်းပိုင်းထိ သန်းနှင့်ချီသော ပြည်သူလူထုတရပ်လုံး၏ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ပွဲများ၊ သပိတ်ပွဲများကို နိုင်ငံအနှံ့ ကျယ်ကျယ်ပြန့်ပြန့်တွေ့ရှိရသည်။ ထို့နောက် မတ်လ (၂၇) ရက် နောက်ပိုင်းမှစ၍ စစ်တပ်၏ ရက်စက်သော အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် လူထုဆန္ဒထုတ်ဖော်သည့်သပိတ်များ လျော့နည်းလာပြီး မြို့ပြပျောက်ကျားသပိတ်များ စတင်လာခဲ့သည်။ ဟု မြို့ပြပျောက်ကျားသပိတ်များတွင် ဦးဆောင်ပါဝင်လျှက်သော သပိတ်ခေါင်းဆောင် လူငယ်တစ်ဦးမှ ဖြေဆိုခဲ့သည်။“ မတ်လ ၂၉ ရက်နေ့နောက်ပိုင်းမှာ မြို့နယ်အထိုင်သပိတ်တွေ အကုန်လုံးဖြိုခံရပြီးတဲ့ နောက်ပိုင်းမှာ ကျွန်တော်တို့ ပြောက်ကျားသပိတ်တွေစပြီး ပုံဖော်ခဲ့ကြသည်။ အဲ့ဟာကို ဧပြီလ (၃၀) ရက်နေ့မှာ စပြီးတော့ ပုံဖော်ခဲ့ကြတယ်” ထို့အပြင် သပိတ်ကော်မတီအဖွဲ့ဝင်တစ်ဦးမှလည်း ပြောက်ကျားသပိတ်များ စတင်ဖြစ်ပေါ်လာခဲ့ပုံနှင့် ယနေ့အချိန်တိုင် အာဏာသိမ်းခြင်းအားဆန့်ကျင်သည် လူထုဆန္ဒထုတ်ဖော်သော ပြောက်ကျားသပိတ်များ ဆက်လက်ပြုလုပ်နေလျှက်ကြောင်း ပြောကြားခဲ့သည်။ “ မှတ်မှတ်ရရ လှုပ်ရှားမှုတွေပြန်ပြီးတော့မှ ပေါ်လာတာကတော့ ဒီဧပြီလ… ကျွန်တော် ရက်တော့အတိအကျ မမှတ်မိဘူး။ ဧပြီ (၂၅၊ ၂၆) လောက်ဖြစ်မယ်ထင်တယ်။ ရန်ကုန်မြို့လယ်မှာ ဒီ “ ဘာတွေလဲရန်ကုန်သားတွေ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျွန်တော်တို့ စပြီးပြောက်ကျားသပိတ်ပြန်လုပ်ကြတယ်။ အဲ့ကနေစပြီးတော့မှ ပြောက်ကျားသပိတ်တွေ အပတ်စဉ်လောက်နီးနီး အစုအဖွဲ့ပေါင်းစုံက လုပ်ကြတယ်။ တခြားနာမည်တွေနဲ့လည်း ရှိတယ်။ ဧပြီ (၂၅) လောက်ကပေါ်လာတဲ့ ပြောက်ကျားသီတ်တွေရဲ့ အရှိန်နဲ့အခုထိ ကျွန်တော်တို့ ဒါဆက်သွားနေဆဲဖြစ်တယ်… ခုထိ ပြောက်ကျားသပိတ်တွေက ရန်ကုန်မှာရှိနေတုန်းပဲ”

(၁.၃) ဆူပူအကြမ်းဖက်မှုပုံစံဆောင်သော ဆန္ဒပြပွဲများ

စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ဆန္ဒပြပွဲများနှင့်အတူ အာဏာသိမ်းခြင်းကိုထောက်ခံပြီး လူစုလူဝေးပြုလုပ်ခြင်းများ၊ ဆန္ဒထုတ်ဖော်ခြင်းများကိုလည်း တွေ့ရသည်။ ထိုဆန္ဒထုတ်ဖော်မှုများကို စစ်တပ်ထောက်ခံသူ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် အမျိုးသားရေးအစွန်းရောက်ဟု သိတ်မှတ်ကြသည့် အမျိုး၊ ဘာသာ၊ ဿသနာ စောင့်ရှောက်ရေးအသင်း (မဘသ) များမှ ဦးဆောင်ပြုလုပ်လေ့ရှိပြီး ထိုကဲ့သို့သော ဆန္ဒပြပွဲအချို့တွင် ငြိမ်းချမ်းစွာပြုမှုဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ ဆူပူအကြမ်းဖက်မှု ပုံစံဆောင်သော လှုပ်ရှားမှုများကိုလည်း လေ့လာတွေ့ရှိရသည်။ ဖြစ်စဉ်လေ့လာချက်အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်နေ့ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် စစ်တပ်အာဏာသိမ်းမှု ထောက်ခံကြောင်း ဆန္ဒပြလှုပ်ရှားမှုကို သွားရောက်သတင်းယူသည့် သတင်းထောက်(၂)ဦးကို စစ်တပ်ထောက်ခံသူလူအုပ်က ရိုက်နှက်ခဲ့ပြီး တစ်ဦးဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

ရန်ကုန်မြို့တွင် စစ်တပ်ထောက်ခံဆန္ဒပြသူများသည် တုတ်၊ ဓား၊ လေးခွများ ကိုင်ဆောင်ကာ ဆန္ဒပြကြပြီး ရဲတပ်ဖွဲ့ကလည်း ၎င်းတို့ဆန္ဒပြရာ လမ်းတလျှာက်တွင် လုံခြုံရေးအကာအရံများကို ဖယ်ရှားပေးကြသည်။ ထို့အပြင် ကားမှန်များကိုပါ ရိုက်ခွဲကာ လမ်းဘေးစျေးသည်များထံမှ လုယက်ယူင်ခြင်းများလည်း လုပ်ဆောင်ကြသည်။ လက်သုံးချောင်းထောင်၍သော်လည်းကောင်း တန်ပြန်ဆန္ဒပြလျှင် လေးခွများဖြင့်ပစ်ပြီး ပြည်သူများကလည်း သူတပြန်ကိုယ်တပြန်ခဲဖြင့် ပြန်လည်ပစ်ပေါက်ကြသည့် ဖြစ်စဉ်များကိုတွေ့ရသည်။ ထိုပဋိပက္ခအတွင်း ရပ်ကွက်နေသာမာပြည်သူ (၁၀) ဦးထက်မနည်းထိခိုက်ဒဏ်ရာ ရခဲ့သည်။ ထို့ပြင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁၄) ရက်နေ့တွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့၌ တပ်ထောက်ခံပွဲကို လူအင်အား (၂၀၀၀) ဝန်းကျင်ခန့်ဖြင့် ပြုလုပ်ခဲ့ပြီး လူစုခွဲပြီးပြန်အလာတွင် ဆိုင်ငကယ်စီးလာသည် လူငယ် ၄ ဦးက လက်သုံးချောင်းထောင်ပြသဖြင့် ကား (၆) စီးပေါ်မှလူများ ဆင်းလာကာ ရိုက်နှက်ကန်ကျောက်ခဲ့ကြသည်။ ဤဖြစ်ရပ်ကိုမြင်လိုက်သည့် လမ်းသွားလမ်းလာတစ်ဦးက “ ကျွန်တော်တို့က ကားနဲ့အိမ်ပြန်တာဗျာ တပ်ထောက်ခံပွဲက ပြန်လာတဲ့ ကား (၆) စီးလောက်က ကျွန်တော်တို့ကားရှေ့မှာ ရပ်လိုက်တယ် ကားပေါ်ကလူတွေက ပြေးဆင်းပြီးတော့ ဆိုင်ကယ်နဲ့ကောင်လေးတွေကို ဝိုင်းရိုက်နေတာဗျာ ကျွန်တော်တို့ကားတွေ ရပ်လိုက်တော့ သူတို့အကုန်မောင်းထွက်သွားတယ်။ နောက်ထပ်ဆိုင်ကယ်တစ်စီး ထပ်ရောက်လာပြီး ထပ်ရိုက်တာဗျာ ကောင်လေး ၃ ယောက်ကတော့ ပြေးလို့လွတ်သွားတယ် ကျန်ခဲ့တဲ့တစ်ယောက်ကို နောက်ထပ်ရောက်လာတဲ့ ဆိုင်ကယ်နဲ့နှစ်ယောက်က တစ်ယောက်က ဆံပင်ဆွဲ တစ်ယောက်က ဗီဒီယိုရိုက်ပြိး မင်းဘာဖြစ်လို့ ငါတို့ကားတွေကို လက်သုံးချောင်းထောင်ပြတာလဲလို့ အော်မေးနေကြတာပါ” ဟု မဇ္စိုမသတင်းဌာနကို ပြောဆိုချက်အရ သိရသည်။

(၁.၄) စီးပွားရေးဆိုင်ရာ ဆန္ဒပြပွဲများ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ ဆန္ဒပြပွဲများတွင် လူမှုစီးပွားနှင့် သက်ဆိုင်သော ဆန္ဒပြသည့်အကြောင်းအရာ (၃) ခုသာရှိပြီး ၎င်းတို့မှာ Food Panda Rider Strike၊ ဇေကမ္ဘာဝန်းအတွင်းရှိ ADK အထည်ချုပ်စက်ရုံအလုပ်သမားများ၏ ဆန္ဒထုတ်ဖော်မှုနှင့် PMG ပုလင်းသန့်စင်စက်ရုံမှ အလုပ်သမားများ ရက်မှန်ကြေးရရှိရေးအတွက် သပိတ်မှောက်တောင်းဆိုမှုတို့ဖြစ်သည်။

ဖြစ်စဉ်လေ့လာချက်

ဖြစ်စဉ် (၁)

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ ဆန္ဒပြပွဲများတွင် လူမှုစီးပွားနှင့် သက်ဆိုင်သော ဆန္ဒပြသည့်အကြောင်းအရာ (၃) ခုသာရှိပြီး ၎င်းတို့မှာ Food Panda Rider Strike၊ ဇေကမ္ဘာဝန်းအတွင်းရှိ ADK အထည်ချုပ်စက်ရုံအလုပ်သမားများ၏ ဆန္ဒထုတ်ဖော်မှုနှင့် PMG ပုလင်းသန့်စင်စက်ရုံမှ အလုပ်သမားများ ရက်မှန်ကြေးရရှိရေးအတွက် သပိတ်မှောက်တောင်းဆိုမှုတို့ဖြစ်သည်။

၂၀၂၂ ခုနှစ်၊ မတ်လလယ်မှစ၍ Food Panda ကုမ္မဏီမှ Food Panda Rider များအပေါ် ခေါက်ကြေးများလျော့ချခြင်း၊ ခေါင်းပုံဖြတ်ခြင်းတို့ကြောင့် rider များမှ အလုပ်မဆင်းဘဲ သိပိတ်မှောက်ခဲ့ကြသည်။ Food Panda Rider များမှ ကုမ္ပဏီအား အချက်(၈) ချက်တောင်းဆိုခဲ့ပြီး ၎င်းတို့မှာ အနည်းဆုံးလုပ်အားခငွေအား (၆၇၀) ကျပ်ှစတင်ပြိး ပို့ဆောင်ရမည့် ခရီးအကွာအဝေးအပေါ်မူတည်၍ တိုးမြှင့်ပေးရန်၊ အဆင့်သတ်မှတ်ချက်နှင့် အညီတိုးမြှင့်ပေးရန်၊ ကွန်ပျူတာဆော့ဖ်ဝဲစနစ်ဖြင့် ထိန်းချုပ်ထားသည့် စည်းကမ်းများအား လျော့ချရန်၊ rider များ၏ လုပ်ငန်းခွင်အတွင်း ထိခိုက်နစ်နာမှုများရှိပါက ကုမ္ပဏီမှတာဝန် ယူဆောင်ရွက်ပေးရန်၊ တစ်ပတ်လျှင်တစ်ရက် အပြည်အဝ နားခွင့်ရရန်၊ ခရီးအကွာအဝေးသတ်မှတ်ရာတွင် Google Map ဖြင့်တိုင်းတာ၍ သယ်ယူသွားလာရသည့် အကွာအဝေးတွက်ချက်မှုများကိုလည်း Google Map တအိုင်းတွက်ချက်ပေးရန်၊ ကုမ္ပဏီမှ ထုတ်ပြန်လိုသည့် အကြောင်းအရာများအား တရားဝင်သတ်မှတ်ထားသည့် Social Media နှင့် Telegram Channel များမှတဆင့် တစ်ပတ်ကြိုတင် ထုတ်ပြန်ပေးရန်၊ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ကုမ္ပဏီနှင့် တိုက်ရိုက်ဆက်သွယ်နိုင်မည့် HotLine ဖုန်းနံပါတ်ထားရှိပေးရန်နှင့် Riders သက်သေခံကဒ်များထုတ်ပေးရန်တို့ဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်မှ ရမ်းသမ်းဖမ်းဆီးမှုများတွင် Food Panda Rider များလည်း ပါဝင်ခဲ့ပြီး မှားယွင်းဖမ်းဆီးခံရခြင်း၊ ရိုက်နှက်ခံရခြင်းနှင့် ထောင်ချခံရခြင်းများအပြင် customer များ၏ ပစ္စည်းများအားလည်း အကြမ်းဖက်လက်နက်ပြ လုယူခံရခြင်းများ ကြုံတွေ့ရကြောင်း တွေ့ရသည်။

Download Eng Full Report PDF:

Download MM Full Report PDF: