ရိုဟင်ဂျာများအတွက် တရားမျှတမှု ရစေရန်နှင့် လူမျိုးသုဥ်းသတ်ဖြတ်မှုအတွက် စစ်တပ်၏ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေမှုကို အဆုံးသတ်ရမည်

ဩဂုတ် 25, 2023

ရိုဟင်ဂျာများအတွက် တရားမျှတမှု ရစေရန်နှင့် လူမျိုးသုဥ်းသတ်ဖြတ်မှုအတွက်

စစ်တပ်၏ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေမှုကို အဆုံးသတ်ရမည်

၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သော ရိုဟင်ဂျာလူမျိုးသုဥ်းသတ်ဖြတ်မှု ခြောက်နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ကျူးလွန်ခံရသူများနှင့် အသက်ရှင်ကျန်ရစ်သူများအတွက် တရားမျှတမှုနှင့် တာဝန်ယူတာဝန်ခံမှု တို့ကို ရှာဖွေရာတွင် အရပ်ဘက်လူထုအဖွဲ့အစည်း ၃၅၆ ဖွဲ့တို့က ရိုဟင်ဂျာလူထုနှင့်အတူ ရပ်တည်ကြောင်း မိမိတို့၏ သွေးစည်းညီညွတ်မှုကို ထပ်လောင်းအတည်ပြုသည်။ ထို့အပြင် မြန်မာစစ်တပ်မှ ကျူးလွန်ခဲ့သည့် ကြီးလေးသော ရာဇ၀တ်မှုများအပေါ် အပြစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်ခွင့် ရရှိနေမှုကို အဆုံးသတ်ရန် တောင်းဆိုလိုက်ပြီး ရိုဟင်ဂျာတို့၏ အခွင့်အရေးများနှင့် နိုင်ငံသားဖြစ်မှုကို ချက်ချင်းပြန်လည်ပေးအပ်ရန် လည်း မိမိတို့မှ တောင်းဆိုလိုက်သည်။ ကမ္ဘာသည် ရိုဟင်ဂျာလူထုတို့၏ အတိဒုက္ခကို မမေ့လျော့သင့်ပေ။ အရေးအကြီးဆုံးမှာ နိုင်ငံတကာအသိုင်းအဝိုင်းသည် ရိုဟင်ဂျာလူထုအတွက် ရှိနေသော ၎င်းတို့၏ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တာဝန်ဝတ္တရားများကို တာဝန်ယူ အကောင် အထည်ဖော်ရမည် ဖြစ်သည်။

လွန်ခဲ့သည့် ခြောက်နှစ်က မြန်မာစစ်တပ်သည် နယ်မြေ “ရှင်းလင်းရေးစစ်ဆင်ရေး” များကို ပြုလုပ်ခဲ့ပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ နှိပ်စက်ညှဥ်းပန်းမှု၊ မုဒိမ်းပြုကျင့်မှု၊ ရွာများအား မီးရှို့ဖျက်ဆီးမှုများကို တစ်သုတ်ပြီးတစ်သုတ် ကျူးလွန်ခဲ့သဖြင့် စစ်တပ်၏ ဖိနှိပ်ချုပ်ချယ်မှုများကြောင့် ယခင်ကတည်းကပင် ရိုဟင်ဂျာ နှစ်သိန်းခွဲခန့် ထွက်ပြေးခဲ့ရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကလေးများစွာ ပါဝင်သော လူပေါင်း ၇၅၀,၀၀၀ ကျော် ထွက်ပြေးခိုလှုံခဲ့ကြရသည်။ ယနေ့တွင် ရိုဟင်ဂျာ တစ်သန်းနီးပါးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ပြည့်ကျပ်နေသော စုတ်ချာသည့် ဒုက္ခသည်စခန်းများတွင် ဒုက္ခရောက် နေကြရပြီး မြန်မာနိုင်ငံသို့ ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရေး၊ ၎င်းတို့၏ နိုင်ငံသားနှင့် လူ့အခွင့်အရေးများ အပြည့်အဝ ပြန်လည်ရရှိရေး၊ နှင့် တရားမျှတမှု ရရှိရေးတို့ကို စောင့်မျှော်နေလျက် ရှိသည်။

ရိုဟင်ဂျာများအတွက် ရေရှည်တည်တံ့ခိုင်မြဲသော နေရပ်ပြန်ရေး အမှန်တကယ် ဖြစ်လာစေရန်မှာ စစ်တပ်က အပြည့်အဝ ရရှိထားသော အပြစ်ပေးအရေးယူခံရမှုမှ ကင်းလွတ်ခွင့်ကို အဆုံးသတ်ရမည်ဖြစ်ပြီး တာဝန်အရှိဆုံး ပုဂ္ဂိုလ်များအား ရာဇဝတ်ကြောင်း တရားစွဲခြင်းမှတစ်ဆင့် ၎င်းတို့ကျူးလွန်ခဲ့သော ကြီးလေးသည့် ရာဇဝတ်များအတွက် တာဝန်ယူတာဝန်ခံစေရန် လိုအပ်သည်။ သို့ရာတွင် တရားမျှတမှုနှင့် တာဝန်ယူမှုတာဝန်ခံမှုသို့ ဦးတည်သော တိုးတက်မှု အနည်းငယ်ကိုသာ နိုင်ငံတကာအသိုင်းအဝိုင်းက လုပ်ဆောင် နေသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁ ရက်နေ့ အာဏာသိမ်းရန် ကြိုးပမ်းမှုနောက်ပိုင်းတွင် အထူးသဖြင့် အာဆီယံ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ နှုတ်ဆိတ်ငြိမ်နေမှု၊ လျစ်လျူရှုမှုနှင့် အချို့သော ဖြစ်စဉ်များတွင် အရေးယူဆောင်ရွက်ခြင်း လုံးဝမရှိမှုတို့ကြောင့် မြန်မာစစ်ရာဇဝတ်ကောင်များကို မြန်မာနိုင်ငံတဝန်းရှိ ပြည်သူလူထုအပေါ် ပြစ်ဒဏ်ကင်းလွတ်စွာဖြင့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်စေရန် အတင့်ရဲစေသည်။

Read more here:

Download PDF in English | Burmese