ဖေဖော်ဝါရီလအတွင်း လွတ်လပ်စွာထုတ်​ဖော်​ပြောဆိုခွင့်ချိုး​ဖောက်ခံရခြင်း

မတ် 5, 2024

ဖေဖော်ဝါရီလအတွင်း လွတ်လပ်စွာထုတ်​ဖော်​ပြောဆိုခွင့်ချိုး​ဖောက်ခံရခြင်း

အင်တာနက်စာမျက်နှာများပေါ်တွင် ရေးသားမျှဝေကြသည့် သတင်းတု၊ သတင်းမှားများနှင့် နိုင်ငံရေးတိုက်ခိုက်ဝေဖန်ရေးသားမှုများကို ဥပဒေကြောင်းအရ ထိရောက်စွာအရေးယူနိုင်ရန်နှင့် တန်ပြန်လှုံဆော်မှုများ ပြုလုပ်နိုင်ရန်ဟုဆိုကာ စစ်အုပ်စု၏ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဆက်သယ်ရေးဝန်ကြီးဌာနတို့ကို ဦးဆောင်စေကာ ၂၀၂၃ ခုနှစ်၊ နောက်ဆုံးပတ်များအတွင်းတွင်  ကော်မတီတခု ဖွဲ့စည်းခဲ့သည်။ ကော်မတီ၏ ရည်ရွယ်ချက်မှာ စစ်အုပ်စု၏ နိုင်ငံအဝန်းတွင် ကျူးလွန်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်မှုများကို ဝေဖန်ရှုတ်ချသည့် ရေးသားမျှဝေမှုများကို ဖိနှိပ်ကန့်သတ်ရန်ဖြစ်သည့်အပြင် ၎င်းတို့အား ဆန့်ကျင်တော်လှန်လှုပ်ရှားသည့် လူထုပါဝင်လှုပ်ရှားမှုများကို ထိန်းချုပ်နိုင်ရန်ဖြစ်သည်။ ဤအချက်ကို ကောက်ယူရရှိထားသည့် ကိန်းဂဏာန်းအချက်အလက်များကို ရည်ညွှန်းဖော်ပြလျက်ရှိသည်။

အထူးသဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်း လွတ်လပ်စွာပြောဆိုရေးသားသဖြင့် တရားစွဲဆိုမှု၊ ဖမ်းဆီးခံရမှု၊ ဝရမ်းထုတ်ခံရမှုနှင့် သတ်ဖြတ်ခံရမှုများမှာ အနည်းဆုံး နစ်နာသူဦးရေ ခုနစ် ဦးထက်မနည်း ရှိခဲ့သည်ကို တွေ့ရှိရသည်။ တချို့မှာ ဖမ်းဆီးခံရနိုင်သည့် အခြေအနေကို စောလျင်စွာ သိရှိခဲ့ခြင်းကြောင့် တိမ်းရှောင်လွတ်မြောက်ခဲ့သည့် ဖြစ်ရပ်များရှိသော်လည်း အများစုသည် ဖမ်းဆီးတရားစွဲခြင်းကို ခံခဲ့ရသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု၊ ပဋိက္ခစစ်ပွဲများနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် လွတ်လပ်စွာပြောဆိုခွင့် လုံးဝမရှိတော့သည့် အခြေအနေကို အောက်ပါအချက်အလက်များဖြင့် ဆန်းစစ်ကြည့်နိုင်သည်။

ဖေဖော်ဝါရီတလအတွင်း ဆိုရှယ်မီဒီယာတွင် သတင်းအကြောင်းအရာများကို မျှဝေခြင်းနှင့် မှတ်ချက်ပေးခြင်းတို့ကြောင့် အနည်းဆုံး လူပုဂ္ဂိုလ် ခြောက် ဦး ထက်မနည်း အရေးယူခံခဲ့ရသည်။ အဆိုပါလူပုဂ္ဂိုလ်များထဲတွင် သာမန်ပြည်သူ သုံး ဦး၊ ဘာသာရေးခေါင်းဆောင် နှစ် ဦး နှင့် အစိုးရဝန်ထမ်း တဦးတို့ပါဝင်သည်။

ဖမ်းဆီးခံရမှုများ

ဖမ်းဆီးခံခဲ့ရသူများထဲတွင် အမျိုးသား နှစ်ဦး၊ အမျိုးသမီးတဦးနှင့် မသိရဦးတို့ပါဝင်သည်။ ထို့အပြင် အမျိုးသား နှစ်ဦးလည်း သတ်ဖြတ်ခြင်းခံရပြီး အမျိုးသမီး တဦးဖမ်းဝရမ်းထုတ်ခံထားရသည်။

ဒေသခံအလိုက်ဖမ်းဆီးခံရမှုများ

လွတ်လပ်စွာပြောဆိုခွင့်ချိုးဖောက်ခံရသူများထဲတွင် မန္တလေးတိုင်းတွင် တဦး၊ မွန်ပြည်နယ်တွင် နှစ်ဦး နှင့် နေပြည်တော်တွင် တဦးတို့ပါဝင်သည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့်တရားစွဲဆိုခံရမှုများ

အာဏာသိမ်းစစ်အုပ်စုသည် အွန်လိုင်းလူမှုစာမျက်နှာများပေါ်တွင် ၎င်းတို့၏ လူ့အခွင့်အရေးချိုးဖောက်မှု လုပ်ရပ်များကို ထောက်ပြရေးသားမျှဝေကြသူများကို စနစ်တကျ ကန့်သတ်ဖိနှိပ်ရန်အတွက် တင်းကြပ်သည့် ဥပဒေများအသုံးပြု၍ အရေးယူမှုများကို ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။

ဖေဖော်ဝါရီလအတွင်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် စစ်တပ်မှ တရားစွဲဆိုမှု သုံးမှုရှိခဲ့ပြီး သာမန်ပြည်သူ နှစ်ဦးနှင့် အစိုးရဝန်ထမ်းတဦးတို့ ဖမ်းဆီးထိန်းသိမ်းခံရပြီး တရားရင်ဆိုင်နေရသည်။

ထိုသုံးဦးအနက်မှ တဦးမှာ မန္တလေးမြို့တွင် နေထိုင်သည့် ဆယ်ကျော်သက်အရွယ် ၁၈ နှစ် အမျိုးသမီး မယွန်းစန္ဒီမောင် ဖြစသ်သည်။​ ဖြစ်စဉ်မှာ မကွေးတိုင်းရှိ မြောက်ရန်ခင်းရွာမှ လူငယ်နှစ်ဦးအား ပျူစောထီးအဖွဲ့ဝင်များမှ မီးရှို့သတ်ဖြတ်ခံရသည့် သတင်းအား သူမ၏ Facebook လူမှုစာမျက်နှာပေါ်တွင် မျှဝေရာတွင် “နောက်ဘဝကျရင် အေးချမ်းတဲ့နိုင်ငံတွေမှာ လူဖြစ်ပါစေ”ဟု ရေးသားမျှဝေဖြင့် သူမ၏ နေအိမ်တွင် စစ်အုပ်စုမှ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။

ထိုကဲ့သို့ အွန်လိုင်းလူမှုစာမျက်နှာများတွင် ရေးသားမျှဝေမှုများကြောင့် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ရာတွင် စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြန်လည်မျှဝေရေးသားကြသူများကိုသာမက တော်လှန်ရေးလှုပ်ရှားမှုများကို ထောက်ခံရေးသားကြသည့် သူများကိုလည်း စနစ်တကျ စောင့်ကြည့် အရေးယူလျက်ရှိသည်ကို တွေ့ရသည်။

စစ်တပ်နှင့် ပျူစောထီး တပ်ဖွဲ့ဝင်များကို အလင်းဝင်ရန် ပြောကြားခဲ့သည့် ဉူးပညာဝရ သတ်ဖြတ်ခံရခြင်း

မကွေးတိုင်း၊ ဂန့်ကောမြို့နယ်၊ ဟံသာဝတီကျေးရွာတွင် သတင်းသုံးနေသည့် ဉူပညာဝရကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် အမည်မသိအုပ်စုတအုပ်စုမှ သတ်ဖြတ်ခဲ့သည်။ အဆိုပါဂန့်ကောမြို့အနီးတဝိုက်ရှိ မြောင်ခင်ရန်းရွာအပါအဝင် ပျူစောထီးထိန်းချုပ်ထားသော ကျေးရွာများကို စစ်တပ်မှ သွားလာခွင့်ပိတ်ပင်ထားသောကြောင့် ရွာသားများသည် စားနပ်ရိက္ခာပြတ်လပ်ခြင်းနင့် ကျန်းမာရေးထိခိုက်လျှက်ရှိနေသောကြောင့် စစ်တပ်နှင့် ပျူစောထီးတပ်ဖွဲ့ဝင်များကို ဆရာတော်မှ လက်နက်ချအလင်းဝင်ရန် ပြောကြားခဲ့ခြင်းကြောင့် သတ်ဖြတ်ခံခဲ့ရသည်။ စစ်အုပ်စုလက်ဝယ်ခံ တပ်ဖွဲ့များမှ ကျူးလွန်သည်ဟု ယူဆရသော်လည်း ဆရာတော်အား မည်သူ၊ မည့်သည့်အဖွဲ့အစည်းမှ သတ်ဖြတ်ခဲ့သည်ကို အတည်မပြုနိုင်သေးသည့်အကြောင်းကို ဧရာဝတီတိုင်းမ် သတင်းဌာနက ရေးသားထားသည်။

ဟာသဗီဒီယို တင်ဆက်သူနှင့် ရပ်အဆိုတော် ကိုရင်ဆို့ခေါ် ကျော်ဇံဝေခေါ် ဖိုးလပြည့်သေဆုံးခြင်း

ကိုရင်ဆို့သည် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှဖြစ်ပြီး ၎င်းသည် စက်တင်ဘာလ လေးရက်နေ့ ၂၀၂၂ ခုနှစ်တွင် စစ်တပ်၏ဖမ်းဆီးခြင်းခံခဲ့ရပြီး တစ်နှစ် လေးလနှင့် (၂၇) ရက်မြောက်နေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ ၂၀၂၄ ခုနှစ်တွင် တခြားသော နိုင်ငံရေးအကျဉ်းသားခြောက်ဦးနှင့်အတူ မြောက်ဦးအခြေစိုက်အမှတ် (၃၇၈) ခြေမြန်တပ်ရင်းတွင် မသေမချင်း သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ ကိုရင်ဆို့သည် သူ၏ဟာသဗီဒီယိုများ၊ ရပ်အနုပညာဖန်တီးမှုဖြင့် နိုင်ငံရေး၊ လူ့အဖွဲ့အစည်းနှင့် ဘာသာရေးတို့ကို မေးခွန်းထုတ်ဝေဖန်မှုများကို လုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖြင့် အဆက်သွယ်ရှိသဖြင့်ဟု စွပ်စွဲဖမ်းဆီးခဲ့သော်လည်း စစ်တပ်ကိုဝေဖန်ပြောဆိုခြင်းများကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။