ကောက်နှုတ်ချက်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစကာ အာဏာသိမ်းစစ်တပ်မှ နိုင်ငံရေး၊ စစ်ရေးရည်ရွယ်ချက်အရ ပြည်သူလူထုကြား ဆက်သွယ်ရေးကဏ္ဍာကို ဖြတ်တောက်ရန် အင်တာနက်လိုင်းများကို ရက်တို၊ ရက်ရှည် ဖြတ်တောက်ပြီး အင်တာနက်မြန်နှုန်းများ လျော့ချခြင်းနှင့် အင်တာနက် စျေးနူန်းများ မြင့်တက်ခြင်းနည်းလမ်းများဖြင့် အင်တာနက်ရရှိမှုကို နှောင့်ယုက်ခဲ့သည်။ ၂၀၂၁ ခုနှစ် သြဂုတ်လမှစကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့အား ဦးတည်၍ အင်တာနက်လိုင်းဖြတ်တောက်ခဲ့ပြီး ၂၀၂၂ ခုနှစ်လယ်ပိုင်းမှစကာ ထိုဒေသများတွင် ဖုန်းလိုင်းများပါ ဖြတ်တောက်မှုပြုလုပ်လာသည် ထိုသို့ ဖြတ်တောက်မှုတွင် စစ်ရေးရည်ရွယ်ချက်ဖြင့် တိုက်ပွဲဖြစ်ပွားရာ နေရာဒေသများအား ဦးတည်၍ ဖြတ်တောက်သကဲ့သို့ မြို့နယ်များတွင် စစ်တပ်မှ သွားလာမှုအကန့်အသတ်ပြုလုပ်သဖြင့် ကုန်စည်စီးဆင်းမှုနှောင့်နှေးကာ စျေးနူန်းမြင့်တက်ခြင်းများ ဖြစ်ပေါ်ခြင်း၊ အခြေခံစက်သုံးဆီပြတ်လပ်ခြင်းများဖြစ်ပွားရခြင်း၏ နောက်ဆက်တွဲကြောင့် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်ရသည်။ ၂၀၂၂ ခုနှစ် အကုန်ထိ အကြမ်းဖက်စစ်တပ်မှ မြန်မာနိုင်ငံအတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီး (၆)ခုတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများအား ဖြတ်တောက်ထားသည်။ ထိုသို့ ဆက်သွယ်ရေးကဏ္ဍများအား ဖြတ်တောက်ထားမှုများကြောင့် ပြည်သူများကြား သတင်းအချက်အလက်စီးဆင်းမှု မရှိတော့ဘဲ အချိန်နှင့်တပြေးညီ မှန်ကန်သည့် သ်တင်းအချက်အလက်ရရှိမှုနှင့် သတင်းဖြန့်ဝေနိုင်မှုများ ဆုံးရှုံးနေပြီး သတင်းတု၊ သတင်းမှား အန္တရာယ်လည်း ကျရောက်နေသည်။ ထို့ပြင် အင်တာနက်ဖြတ်တောက်ခြင်းသည် ပြည်သူများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်အခြားသော နေ့စဉ်လူမှုဘဝများတွင်ပါ ထိခိုက်နစ်နာနေပြီး အလုပ်အကိုင်များ ရှားပါးလာခြင်း၊ ကုန်စျေးနှုန်းမြင့်တက်ခြင်း၊ ပညာသင်ယူခွင့်ဆုံးရှုံးခခြင်းနှင့် လူထုကျန်းမာရေး လက်လှမ်းမမှီခြင်းများ တွေ့ကြုံနကြရသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးကဏ္ဍများအား ဖြတ်တောက်ခံထားရခြင်းသည် အာဆီယံရပ်ဝန်း၏ ဒေသတွင်း ဆက်သွယ်ရေးကဏ္ဍကိုလည်း ဟန်ချက်ပျက်စေသော ဒေသတွင်းအချိန်နှင့်တပြေးညီ အချက်အလက်စီးဆင်းမှုများကိုပါ ထိခိုက်မှုရှိနေသည်။
နိဒါန်း
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစကာ မြန်မာနိုင်ငံ၏အင်တာနက် ရရှိနိုင်မှုအခြေအနေသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် ဖြတ်တောက်ခြင်းမျိုးကို နည်းလမ်း(၃)မျိုးဖြင့် ကြုံရကြောင်း အသံအဖွဲ့မှ ုထုတ်ပြန်ခဲ့သည့် ၂၀၂၂ ခုနှစ် တကျော့ပြန် အမှောင်ခေတ် သုတေသန စာတမ်းတွင် ဖော်ပြပြီးဖြစ်သည်။ မြန်မာပြည်သူထူထုအနေဖြင့် (၁) ရက်ရှည်ဖြတ်တောက်ခြင်း (၂) သီးခြားအချိန်(သို့မဟုတ်) နေ့ရက်များတွင် ဖြတ်တောက်ခြင်း (၃) အင်တာနက်မြန်နူန်းလျော့ချခြင်းနှင့် အင်တာနက်စျေးနူန်း မြင့်တက်ခြင်း ဟူသည့် ဆက်သွယ်ရေးဆိုင်ရာ ဖြတ်တောက်ခြင်းများကို ကြုံခဲ့ရခြင်းဖြစ်သည်။ ယခုသုတေသနတွင် ထပ်မံတွေ့ရှိသည်မှာ အာဏာသိမ်းစစ်တပ်မှ နိုင်ငံရေး၊ စစ်ရေးရည်ရွယ်ချက်အရ ပြည်သူလူထုကြား ဆက်သွယ်ရေးကဏ္ဍကို ပိုမိုဖြတ်တောက်ရန် ၂၀၂၂ ခုနှစ်လယ်ပိုင်းမှစကာ မြန်မာပြည်၏ ကျေးရွာအချို့မှ မြို့ကြီးများအထိ ဖုန်းလိုင်းများပါ ရံဖန်ရံခါ ကာလကို ဖြတ်တောက်လာခြင်းဖြစ်သည်။ ထိုသို့ဖြတ်တောက်ရာတွင် (၁) စစ်ရေးရည်ရွယ်ချက်ဖြင့် တိုက်ပွဲဖြစ်ပွားရာ နေရာဒေသများအား ဦးတည်၍ ဖြတ်တောက်သကဲ့သို့ (၂) မြို့နယ်များတွင် စစ်တပ်မှ သွားလာမှုအကန့်အသတ်ပြုလုပ်သဖြင့် ကုန်စည်စီးဆင်းမှုနှောင်းနှေးကာ စျေးနူန်းမြင့်တက်ခြင်းများ ဖြစ်ပေါ်ခြင်း၊ အခြေခံစက်သုံးဆီပြတ်လပ်ခြင်းများ ဖြစ်ပွားရခြင်း၏ နောက်ဆက်တွဲကြောင့် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်ရခြင်းဖြစ်ကြောင်းလည်းတွေ့ရသည်။
တိုက်ပွဲဖြစ်နေသည့်နေရာများတွင် ဖုန်းလိုင်းများဖြတ်တောက်ခြင်း
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့တွင် နှစ်ဖက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားနေသည့် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်နှင့် မတူပီမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်ဘက်မှ ဖုန်းလိုင်းများကို ဖြတ်တောက်ခဲ့သည်။၂ တိိုက်ပွဲမဖြစ်သည့်အချိန်များတွင်လည်း စစ်တပ်မှ လေယာဉ်နှင့် ဗုံးကျဲပြီးနောက် ဆက်သွယ်ရေးလိုင်းများဖြတ်တောက်မှုများရှိနေသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် စစ်တပ်မှ လေယာဉ်ဖြင့် ဗုံးမကျဲခင် ၂၀ ရက်နေ့ကတည်းက အင်တာနက်လိုင်းအပါအဝင် ဖုန်းလိုင်းများကို ဖြတ်တောက်ခဲ့ကြောင်းတွေ့ရသ်ည်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်းတွင်လည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိရွာများအား တိုက်ပွဲကာလအတွင်း ဖုန်းလိုင်းဖြတ်တောက်ခဲ့သည်။၄
ကူးသန်းသွားလာရေး ကန့်သတ်မှုများ၏ နောက်ဆက်တွဲ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများပြတ်တောက်ခြင်း
အကြမ်းဖက်စစ်တပ်မှ ဒေသအချို့တွင် သွားလာရေးများနှင့် ကုန်းလမ်းရေလမ်းများအား အကန့်အသတ်များပြုလုပ်ထားခြင်းကြောင့် အခြေခံစားသောက်ကုန်များအပါအဝင် စက်သုံးဆီများ ပြတ်လပ်မှုဖြစ်ကာ တာဝါတိုင်များမလည်ပတ်နိုင်သဖြင့် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ပြတ်တောက်ခြင်းကြုံကြရသည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် စက်သုံးဆီများ ပြတ်တော်ခြင်းကြောင့် မြို့နယ်တချို့၌ တာဝါတိုင်တချို့ လည်ပတ်မှု မရှိတော့သဖြင့် ဖုန်းလိုင်းပြတ်တောက်မှုဖြစ်ခဲ့သည်။၅ ချင်းပြည်နယ်၊ မတူပီမြို့တွင်လည်း စစ်တပ်မှ မြို့အဝင် အထွက်များ ပိတ်ထားသဖြင့် မတူပီမြို့အတွင်း ကုန်ကားများ မဝင်ရောက်နိုင်ကာ စက်သုံးဆီပြတ်လပ်မှု ဖြစ်ပေါ်ပြီး MPT တာဝါတိုင်များ မလည်ပတ်နိုင်ဖြစ်၍ ဖုန်းလိုင်းများ ပြတ်တောက်သွားခဲ့သည်။၆
စစ်တပ်၏ မရိုးဖြောင့်မှုများ – အင်တာနက်လိုင်းများအား ဖွင့်ခြင်း၊ ပိတ်ခြင်းဖြင့် ပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာအား နိုင်ငံရေးတွင် ကစားခြင်း
၂၀၂၂ ခုနှစ်နောက်ပိုင်းတွင် စစ်တပ်သည် နိုင်ငံ*ရေးကို ကစားရန် ဆက်သွယ်ရေးနည်းပညာကို အသုံးချကာ စိတ်ပိုင်းဆိုင်ရာရှု့ထောင့်မှပါ ပြည်သူထူထုကို ညှင်းပန်းနှိပ်စက်နေကြောင်းသုံးသပ်သည်။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံတော်အထိမ်းအမှတ်ရက်များဖြစ်သည့် လွတ်လပ်ရေးနေ့ကဲ့သို့သောနေ့မျိုးတွင် စစ်ကိုင်းတိုင်းရှိ အင်တာနက်ဖြတ်တောက်ထားသော နေရာများနှင့် ကချင်ပြည်နယ် ဖားကန့်မြို့နယ်များတွင် အင်တာနက်လိုင်းအား (၁) ရက်ကြာ ပြန်ဖွင့်ပေးခဲ့သည်။ ထိုသို့ လွတ်လပ်ရေးနေ့တွင် တယ်လီနော် အင်တာနက်ပြန်လည်ရရှိသည့်အတွက် အင်တာနက်ကို ပြန်ဖွင့်ပြီထင်၍ ပြည်သူများ စိတ်လှုပ်ရှားခဲ့ကာ ဆင်းကတ်များ ပြန်လည်ဝယ်ယူခြင်း၊ ဒေတာပလမ်များ ဝယ်ယူပြီး မိသားစု၊ မိတဆွေအပေါင်းအသင်းများနှင့် အဆက်အသွယ်များပြန်လည်ရကြ၍ ခဏတာ စိတ်ပျော်ရွှင်ခဲ့ကြသည်။ သို့သော် ဇန်နဝါရီလ ၅ ရက်နေ့ ည ၉ နာရီကျော် ၁၀ နာရီ ဝန်းကျင်တွင် အင်တာနက်လိုင်းများ ပြတ်တောက်သဖြင့် အသုံးပြုခွင့်များ ပြန်လည်ပိတ်သွားခဲ့သည်။ ထိုသို့ဖြင့် ပြည်သူများ၏ ဒစ်ဂျစ်တယ် အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက် ရယူခွင့်ကို အကြီးအကျယ်ဖိနှိပ်ထားပြီး ပြည်သူလူထု၏ စိတ်အတက်အကျကိုပါ နိုင်ငံရေးအကျိုးအမြတ်အတွက် ကစားနေသည်ကို တွေ့ရသည်။
ဖုန်းအော်ပရေတာများ အားလုံးနီးပါး စစ်တပ်၏လက်အောက်ထဲသို့ ကျရောက်ခြင်း
၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း၌ ရှိနေသော ဆက်သွယ်ရေးကုမ္ပဏီများအားလုံးသည် စစ်တပ်၏လက်အောက်နှင့် စစ်တပ်၏ အဝန်းအဝိုင်းအတွင်းသို့ ကျရောက်သွားပြီဖြစ်သည်။ စစ်အာဏာမသိမ်းမီက ရှိခဲ့သည့် နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏိများဖြစ်သော တယ်လီနော်နှင့် အော်ရီဒူးတို့သည် အာဏာသိမ်းမှုနောက်ဆက်တွဲအဖြစ် ၎င်းတို့၏ကုမ္ပဏီများကိုရော်င်းချခဲ့ပြီးဖြစ်သည်။ တယ်လီနောကုမ္ပဏီသည် စစ်တပ်နှင့်နီးစပ်သည့် ရွှေဗျိုင်းဖြူကုမ္ပဏီနှင့် လက်ဘနွန်အခြေစိုက် M1 Group တို့အား ရောင်းချခဲ့ပြီး ၂၀၂၂ ခုနှစ် ဇွန်လ ၂ ရက်နေ့မှစကာ တယ်လီနောမြန်မာကို အက်တမ်မြန်မာအမည်သစ်ပြောင်းလဲခဲ့သည်။ အလားတူ အော်ရီဒူးမြန်မာသည်လည်း စင်ကာပူတွင် မှတ်ပုံတင်ထားသည့် NIne Communications ကုမ္ပဏီကို ရောင်းချခဲ့ပြီး Nine Communication ကုမ္ပဏီသည် စစ်တပ်နှင့် နီးနီးစပ်စပ်ရှိသည့် ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်နိုင်ကြောင်းကို မီဒီယာများမှ ဖော်ထုတ်ခဲ့သည်။
လူမှုစီးပွားဘဝ ထိခိုက်ဆုံးရှုံးမှုများ
အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများဖြတ်တောက်ခြင်းကြောင့် ပထမဆုံး ဆုံးရှုံးနစ်နာမှုမှာ ဆက်သွယ်ရေးပိုင်းဆိုင်ရာ သတင်းအချက်အလက်ဆုံးရှုံးမှုဖြစ်သည်။ ယခုလက်ရှိ အင်တာနက်လိုင်း၊ ဖုန်းလိုင်း ဖြတ်တောက်ခံထားရသည့် နေရာဒေသများသည် စစ်တပ်နှင့် ဒေသခံကာကွယ်ရေးတပ်များကြား တိုက်ပွဲများဖြစ်ပွားနေသော ဒေသများဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် သတင်းအချက်အလက် ရရှိမှုမရှိဘဲ စစ်ကြောင်းဝင်လာသည့်အခါမှ ထွက်ပြေးတိမ်းရှောင်ရသောကြောင့် မလွတ်မြောက်နိုင်တော့ဘဲ အစုလိုက်အပြုံလိုက် အသတ်ခံရခြင်းများ ဖြစ်နေရသည်။ အရပ်သားပြည်သူတို့အနေဖြင့် မြန်မာ့အကြမ်းဖက်စစ်တပ်က မိမိတို့အား စစ်ရာဇဝတ်မှုကြူးလွန်သည်များကို ဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူးထားနှိင်လိုက်ကြသော်လည်း၊ အင်တာနက် သုံးစွဲခွင့်မရှိခြင်းကြောင့် ၎င်းအထောက်အထားမှတ်တမ်းများကို အခြားသူများထံ အလွယ်တကူ မမျှဝေနိုင်ကြာင့်တွေ့ရှိရသည်။ ထို့ကြောင့် ရပ်သားပြည်သူတို့အနေဖြင့် မြန်မာ့အကြမ်းဖက်စစ်တပ်၏ မိမိတို့အပေါ် လူ့အခွင့်အရေးချိုးဖောက်သည့် အကြမ်းဖက် အတွေ့အကြုံများးကို အစီရင်ခံတင်ပြနိုင်ခြင်း သို့မဟုတ် ထုတ်ဖော်မျှဝေနိုင်ခြင်းမရှိတော့ပဲ ဆက်လက်၍သာ အကြမ်းဖက်ခြင်း ခံနေကြရပါသည်။
RFA သတင်းဌာန၏ အင်တာဗျူးတွင် ဂန့်ဂေါမြို့နယ် နှမ်းခါးရွာသားတစ်ဦး၏ ဖြောကြားချက်အရ “ အင်တာနက်ဖြတ်ပြီးရင်ပဲ ကျနော်တို့ဆီကို စစ်ကြောင်းထိုးတဲ့ အချိန်တောင်မှ သတင်းစီးဆင်းမှု မရှိတဲ့အတွက် ရုတ်ရက်ရောက်လာတဲ့အချိန်မှာ မပြေးနိုင်တဲ့လူတွေ ဖမ်းခံရတာတို့ နှိမ်စက်ခံရတာ သတ်ခံရတာတွေ ရှိတဲ့အတွက် စစ်ကြောင်းက ထိုးချင်သလိုထိုး၊ ပြည်သူလည်း သတ်ချင်သလိုသတ် ရွာတွေလည်း မီးရှို့ချင်သလိုရှို့ဆိုတော့လေ” ဟု သိရသည်။ ဖုန်းလိုင်းအခက်အခဲနဲ့ အင်တာနက်လိုင်း အခက်အခဲကြောင့် တော်တော်လေးဆုံးရှုံးမှု ပြည်သူတွေမှာ များတယ်လို့ထင်၊ ကျနော်တို့ဆီမှာ ကြုံတွေ့ရတာတော့လေ။ ဒေသခံများမှ စစ်တပ်၏ ကျူးလွန်မှုများကို ဓာတ်ပုံ၊ ဗီဒီယို အထောက်အထားများ ရယူထားသော်လည်း အင်တာနက်မရရှိသည့်အတွက် အပြင်သို့ မဖြန့်ဝေနိုင်ဘဲ၊ ဖုန်းထဲတွင်လည်း အချိန်ကြာမြင့်စွာ သိမ်းမထားရဲသည့်အတွက် ဖျက်ပစ်လိုက်ရကြောင်းလည်း တွေ့ရသည်။ စစ်တပ်သည် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေပြီး ဒေသခံ ပြည်သူများသည် သတင်းအချက်အလက်ပင် မှန်မှန်ကန်ကန်ရရှိခြင်း၊ ဖြန့်ဝေနိုင်ခြင်းမရှိဘဲ အတုံးအရုန်း လူ့အခွင့်အရေးချိုးဖောက်ခံနေရသည်။
အင်တာနက်ကို အဆမတန် စျေးကြီးပေး၍ သုံးစွဲရခြင်း
ကချင်ပြည်နယ် ဖားကန့်ဒေသသည် တိုက်ပွဲမပြင်းထန်သော်လည်း ၂၀၂၁ ခုနှစ်၊ သြဂုတ် (၂၀) ရက်မှစကာ အင်တာနက်ကို ရက်ပေါင်း (၅၀၀) ကျော် ဖြတ်တောက်ခံထားရသည်။ ထို့အတွက် ဖားကန့်ဒေသတွင် အင်တာနက် အသုံးပြုလိုသူများအနေဖြင့် အင်တာနက်ဆိုင်များတွင် တစ်နာရီလျှင် ၅၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အထိ ပေး၍ သုံးစွဲကြရသည်။ တချိန်ထဲမှာပင် ဖားကန့်မြို့နယ်အတွင်း၌ စစ်တပ်မှ ဖုန်းအင်တာနက်အစား Mytel Wifi များကို အလျှင်အမြန် တပ်ဆင်လာကြောင်းလည်းတွေ့ရှိရသည်။
အင်တာနက် ဖြတ်တောက်ခြင်းနှင့် နိုင်ငံ့စီးပွားရေး ကျဆင်းခြင်း
Top 10 VPN မှ Global Digital Rights ဦးဆောင်သူ Samuel Woodhams က “ အင်တာနက်ပိိတ်တာက စီးပွားရေးတစ်ခုလုံးကို ထိခိုက်စေပါတယ်။အသေးစားလုပ်ငန်းကနေ နိုင်ငံစုဘဏ်ကြီးတွေအထိ။ ဒစ်ဂျစ်တယ်စီးပွားရေး ဆက်ကြီးထွားလာတာနဲ့အမျှ အင်တာနက် ဖြတ်တောက်မှုတွေက ကုန်ကျစရိတ်ကိစ္စတွေမှာ ပိုပြီးဆိုးရွားလာတယ်။ အင်တာနက်ပိတ်တာက စီးပွားရေးမှာဆိုရင် ကိုယ့်ကိုကိုယ် ထိခိုက်အောင် လုပ်တာပဲဆိုတာသိသာပါတယ်” ဟု The ASEAN Post သို့ ပြောကြားခဲ့သည်။
“ အင်တာနက်ပိတ်ခြင်းရဲ့ စီးပွားရေးဆိုင်ရာ သက်ရောက်မှုတွကို မီးမောင်းထိုးပြလိုက်ရင်တော့ အစိုးရတွေဟာ ဒီတန်ပြန်အကျိုးသက်ရောက်မှု အတိုင်းအတာကို ရှု့မြင်ပြီး ဒီလိုလုပ်ရပ်တွေကို လျော့ချသွားလိမ့်မယ်လို့မျှော်လင့်တယ်။ ဒါ့အပြင် အင်တာနက်ပိတ်ခြင်းက လူတိုင်းနဲ့ခွဲခြားမရတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းရယူပိုင်ခွင့် အပါအဝင် အခြေခံလူ့အခွင့်အရေးတွေကို သိသိသာသာ လျစ်လျူရှုထားလိုက်တာပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် အင်တာနက်ဖြတ်တောက်ခြင်းကြောင့် အလုပ်အကိုင်များ ရှားပါးလာခြင်းနှင့် မိသားစုဝင်ငွေ ကျဆင်းလာခြင်းမှာ သိသာထင်ရှားလှသည်။ အင်တာနက်ဖြတ်တောက်ထားခြင်းသည် ဒီဂျစ်တယ်ပလက်ဖောင်းပေါ် မှီခိုလုပ်ကိုင်နေရသော စီးပွားရေးလုပ်ငန်းများသာမက လယ်ယာစိုက်ပျိုးရေးကဏ္ဍများအတွက်လည်းများစွာ ထိခိုက်မှုရှိသည်။ ဥပမာအားဖြင့် လယ်ယာထွက်သီးနှံများ ရောင်းဝယ်ဖောက်ကားရန် ကာလပေါက်စျေးများအား လွယ်လင့်တကူ မသိရှိနိုင်တော့သဖြင့် ဆုံးရှုံးနစ်နာမှုများရှိနေသည်။ ထို့အပြင် အင်တာနက်ဖြတ်တောက်ခံထားရသော အညာဒေသရှိ နေရာအများစုတွင် တိုက်ပွဲများလည်း မကြာခဏ ဖြစ်ပေါ်နေသောကြောင့် ဒေသခံပြည်သူများအနေဖြင့် တောင်ယာစိုက်ခင်းများ လုပ်ကိုင်နိုင်ခြင်းမရှိသည့်အတွက် ယခုလာမည့်နှစ်အတွင်း မြန်မာနိုင်ငံ၌ ဆန်စပါးရှားပါးမှုဖြစ်လာနိုင်သည့် အလားအလာကိုလည်း ပြည်သူများစိုးရိမ်ပူပန်နေကြရသည်။ ထို့အတူ အင်တာနက်လိုင်းဖြတ်တောက်ခြင်း၊ ဖုန်းလိုင်းများဖြတ်တောက်ခြင်းနှင့် ကူးသန်းသွားလာရေးများပါ ဖြတ်တောက်ထားသည့်ဒေသများတွင် ကုန်စည်စီးဆင်းမှုလွန်စွာ နှောင့်နှေးကာ ကုန်စျေးနူန်းမြင့်တက်သည့် အန္တရာယ်နှင့်ပါ ရင်ဆိုင်နေကြရသည်။
အင်တာနက်ဖြတ်တောက်ခြင်းနှင့် ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍဆုတ်ယုတ်ခြင်း
ပညာရေးကဏ္ဍတွင်လည်း အင်တာနက်ဖြတ်တောက်ခံထားရသည်ံ နေရာများတွင် ကျောင်းများသည် တိုက်ပွဲများကြောင့် ပုံမှန်အခြေအနေအတိုင်း လည်ပတ်နိုင်ခြင်းမရှိသကဲ့သို့ ကျောင်းသား/သူများ အနေဖြင့်လည်း ပညာသင်ကြားနိုင်ခွင့်မရှိဘဲ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ သို့ဖြစ်ရာ အွန်လိုင်းမှ သင်ယူလေ့လာရန်အတွက်လည်း အင်တာနက် ဖြတ်တောက်ထားသည့်အတွက် မည်သည့်လေ့လာသင်ယူမှုကိုမှ လုပ်ဆောင်ံ၍ မရဖြစ်နကြသည်။ ကိုဗစ်ကာလအလွန် နိုင်ငံတကာ ကျောင်းသားများသည် အလယ်တန်း၊ အထက်တန်းမှအစ တက္ကသိုလ်ကျောင်းသား/သူများအထိ အပြန်အလန်လေ့လာသင်ယူမှုများကို virtual exchange, in-person exchange program များ လုပ်ဆောင်နေကြသည့် အချိန်တွင် မြန်မာနိုင်ငံမှ ကျောင်းသား/သူများမှာမူ မိမိဘာသာ လေ့လာသင်ယူမှုကိုပင် လုပ်ဆောင်နိုင်ခွင့်မရဘဲ ပညာသင်ယူခွင့် အခွင့်အရေးများဆုံးရှုံးနေရသည်။ လက်ရှိမြန်မာ့အကျပ်အတည်းသည် နိုင်ငံရေးဆိုင်ရာ ပြသာနာတစ်ခုထပ်ပိုပြီး အခြေခံပညာသင်ယူခွင့် အခွင့်အရေးများပါ ဆုံးရှုံးနေသည်။ နိုင်ငံတကာ ပညာရေးဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့်လည်း လျစ်လျှူရှု့မနေဘဲ မြန်မာပြည်မှ ကလေးသူငယ်များ ပညာသင်ယူခွင့် ရရှိရေးလည်းကြိုးပမ်းဆောင်ရွက်ပေးကြရန် လိုအပ်သည်။
အင်တာနက်ဖြတ်တောက်ထားခြင်းနှင့် တိုက်ပွဲများ၏ အကျိုးဆက်အနေဖြင့် လူထု ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍသည်လည်း အလုံးစုံပျက်သုန်းသည့်အခြေအနေသို့ ရောက်နပြီးဖြစ်သည်။ မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍသည် အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက အသက်ငင်နေပြီးဖြစ်သည်။ ပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ သိလိုသည်များကို အွန်လိုင်းမှ ရှာဖွေ၊ မေးမြန်း၍ပင် မရနိုင်တော့ဘဲ ဖြစ်သွားသည်။ ထို့ကြောင့် အင်တာနက်ဖြတ်တောက်ခံထားရသည့် ဒေသနေပြည်သူများအဖို့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုမဆိုထားနှင့် သိလိုသည်များ ရှာဖွေလေ့လာခွင့်ပင်မရဘဲ နစ်နာဆုံးရှုံးမှုများ ဆက်တိုက်ကြုံတွေ့နေသည်ကို တွေ့ရသည်။
အာဆီယံ ဒေသအတွင်းသို့ ရိုက်ခတ်မှု
အာဆီယံကြေညာစာတမ်းအရ ၎င်း၏ ရည်ရွယ်များထဲတွင် အဖွဲ့ဝင်နိုင်ငံများ၏ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ လူမူရေးတိုးတက်မှုနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင်ရန်၊ တရားမျှတမှုနှင့် တရားဉပဒေစိုးမိုးရေးကို လေးစားလိုက်နာခြင်းဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး မြှင့်တင်ရန်၊ ဒေသတွင်းနိုင်ငံများအကြား ဆက်ဆံရေးနှင့် ညီညွတ်သောအခြေခံမှုများကို လိုက်နာရန် အစရှိသည်တို့ ပါရှိသည်ကို တွေ့ရသည်။ သို့သော် အာဆီယံ၏ အရှေ့တောင်အာရှ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ် (Treaty of Amity and Cooperation in Southeast Asia – TAC) အခြေခံမူအရ အချင်းချင်းပြည်တွင်းရေးတွင် ဝင်ရောက်မစွက်ဖက်ရန်ဟူသော အခြေခံမူကလည်း ရှိနေပြန်သေးသည်။ အာဆီယံ၏ ထိုဝင်ရောက်မစွက်ဖက်ရေးမူဆိုသည်မှာ မြန်မာစစ်တပ်က အစဉ်အမြဲလုပ်ဆောင်လေ့ရှိခဲ့သည့်အတိုင်း ဒီမိုကရေစီနှင့်လူ့အခွင့်အရေးဆိုင်ရာ စည်းမျဉ်းများကိုပင် လိုက်နာစရာမလိုဘဲ ဆက်လက်ထင်တိုင်းကြဲနိုင်သည်။ အာဆီယံဒေသတွင်းဖြစ်သော်လည်း မြန်မာ့နယ်နိမိတ်အတွင်း၌မူ “ အားလုံးတန်းတူ ဆက်သွယ်ရေးစနစ်အသုံးပြုခွင့်များ” အား စိတ်ကြိုက် ဆက်လက်ချိုးဖောက်နေနိုင်သည်ဟု ဆိုလိုသည်။
လက်ရှိမြန်မာပြည်တွင်း နိုင်ငံရေးအဖြစ်အပျက်များ၏ နောက်ဆက်တွဲအနေဖြင့် ပေါ်ထွက်လာသော “ ဒေသတွင်းအားလုံးတန်းတူ ဆက်သွယ်ရေးစနစ်အသုံးပြုခွင့်များကို” အကြမ်းဖက်စစ်တပ်မှ ချိုးဖောက်နေမှုများသည် အာဆီယံအဖွဲ့၏ ရည်ရွယ်ချက်များကို ၎င်းတို့၏အခြေခံမှုများနှင့် ပဋိပက္ခဖြစ်စေပြီး လက်တွေ့အလုပ်သေဘာအကောင်အထည်ဖော်မူတွင် ကြန့်ကြလျှက်ရှိသည်။ ဒေသအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူမှုရေးတိုးတက်မှုနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန်မြှင့်တင်ရန် နှောင့်နှေးစေသည်။ သို့ဖြစ်ရာ ကဏ္ဍစုံအသုံးပြုမှုများအတွက် အင်တာနက်သည် မရှိမဖြစ်လူ့ရပိုင်ခွင့်တစ်ခုဖြစ်လာနေသော မျက်မှောက်ကာလ၌ အကြမ်းဖက်စစ်တပ်က ဒီမိုကရေစီနှင့် လူ့အခွင့်အရးဆိုင်ရာ စည်းမျဉ်းများကို လျစ်လျူရှုကာ အင်တာနက်ဖြတ်တောက်ခြင်းကြောင့် ပြည်တွင်းရေးတွင် ဝင်ရောက် မစွက်ဖက်ရန်မူကြောင့် အာဆီယံအဖွဲ့၏ ရည်ရွယ်ချက်များကို ချဉ်းကပ်ရန်နှင့်အာဆီယံအဖွဲ့၏ အရှေ့တောင်အာရှတွင် ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်ရေးစာချုပ် TAC ၌ပါရှိသော အခြားမူများဖြစ်သည့် ကွဲပြားမှု
ဒီဂျစ်တယ်အခွင့်အရေးကို အခြေခံလူ့အခွင့်အရေးအဖြစ် နားလည်ထားကြပြီး ဖြစ်သည့်တိုင် လက်ရှိမြန်မာပြည်တွင်း နိုင်ငံရေးအဖြစ်အပျက်များ၏ နောက်ဆက်တွဲအနေဖြင့် ပေါ်ထွက်လာသော ဒေသတွင်း တန်းတူအင်တာနက်အသုံးပြုမှုကို ချိုးဖောက်ခြင်းသည် အာဆီယံရင်ဆိုင်နေရသော လက်ရှိမြန်မာ့အရေး အကျပ်အတည်းများအနက်တစ်ခုဖြစ်သည်။ အင်တာနက်အသုံးပြုမှု မြင့်တက်လာခြင်းသည် ဂလိုဘယ်လူ့ယဉ်ကျေးမှုအရွေ့၏ ကြီးမားသောအထောက်အပံ့ဖြစ်သည်။ အင်တာနက်အသုံးပြုမြင့်မားလာခဲ့ခြင်းက ကမ္ဘာသစ်နှင့် ကမ္ဘာဟောင်းရှိ လူ့အလေ့အထများကို ပိုမိုကွဲပြားစေပြီး မတရားမှုကျူးလွန်ခြင်းတို့အား ဖုံးကွယ်ရန်ပိုမိုခက်ခဲလာစေသည်။ ထို့ကြောင့် ယခုလက်ရှိမြန်မာ့မြေပေါ်တွင် ဖြစ်ပျက်နေသော လူမဆန်မှုများကို ဖုံးကွယ်ရန် အကြမ်းဖက်စစ်တပ်က အင်တာနက်ဖြတ်တောက်ပြီး လက်နက်ရှိသူအနိုင်ရစတမ်းဟူသော မူကိုပြောင်ပြောင်တင်းတင်း အသက်သွင်းကာ လူထုကိုရက်ရက်စက်စက်သတ်ဖြတ်ပြီး ကမ္ဘာကြီးနှင့် အဆက်သွယ်ဖြတ်ထားခဲ့သည်။ ထိုသို့ အင်တာနက်ဖြတ်တောက်ပြီး ရက်စက်သော ရာဇဝတ်မှုများကို ဖုံးကွယ်နေခြင်းသည် ကမ္ဘာသစ်ယဉ်ကျေးမှု၏ ဘုံအရွေ့ကို ဟန်ချက်ပျက်စေသည်။ အာဆီယံသည် မြန်မာ၏အနီးစပ်ဆုံး နိုင်ငံအများဆိုင်ရာအဖွဲ့အစည်းဖြစ်သဖြင့် ထိုဟန်ချက်ပျက်မှုသည် အာဆီယံကို အစောဆုံးနှင့် အနီးစပ်ဆုံးရိုက်ခတ်မှုရှိသည်။ ခေတ်သစ် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ဓလေ့ထုံးတမ်းများကို လိုက်နာစရာ မလိုဘဲ ပေါက်ပျက်နေသည့် အလေ့အထက အရှေ့တောင်အာရှာတစ်ခွင်တွင် ဆက်လက်ဖြစ်ပျက်နိုင်ချေရှိသည့် လူ့အခွင့်အရေးဆိုင်ရာ အဆိုးဆုံးဖြစ်တန်စွမ်းကို မြင်သာစေပါသည်။ မြန်မာနိုင်ငံသည် အာဆီယံအသိုက်အဝန်း၏ အရေးပါသော အစီတ်အပိုင်းတစ်ခုဖြစ်သောကြောင့် “ ဆာဆီယံဒေသတွင်း တစ်နေရာ၌ အားလုံးတန်းတူ ဆက်သွယ်ရေးစနစ်အသုံးပြုမှုများ” အား စိတ်ကြိုက် ဆက်လက်ချိုးဖောက်နေခြင်းသည် အာဆီယံဒေသတွင်းနေ လူများ၏တိကျသော အချက်အလက်စစ်ဆေးခွင့်နှင့် အချိန်နှင့်တပြေးညီ အချက်အလက်များရယူခွင့်အတွက် ဒေသတွင်းဆက်သွယ်ရေးကဏ္ဍကို ရေရှည်တွင် သိိသိသာသာ ဟန်ချက်ပျက်စေလိမ့်မည်ဖြစ်သည်။
နိဂုံး
မျက်မှောက်ခေတ်ကမ္ဘာတွင် အညမညနိုင်ငံရေး ချိတ်ဆက်အားသက်ရောက်မှုသဘော အားကောင်းလာသည်နှင့်အမျှ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းအပြောင်းအလဲများသည် ယင်းနှင့်အနီးစပ်ဆုံး အိမ်နီးချင်းနိုင်ငံများကိုလည််းကောင်း၊ ထိုမှတဆင့် အခြားပိုမိုကျယ်ပြန့်စွာ ဆက်စပ်နေသော နိုင်ငံများကိုလည်းကောင်း ဆက်စပ်တွန်းအားပြု အကျိုးသက်ရောက်စေသည်။ နိုင်ငံတည်းဟူ၍ ကောင်းကျိုးနှင့် ယှဉ်တွဲဖြစ်တည်ခြင်း၌ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၏ ကနဦးရည်ရွယ်ချ်က်မှာ ယင်းပိုင်နက်နယ်မြေပေါ်တွင်ရှိသောသက်ရှိများနှင့် လူ့အသိုင်းအဝန်းအတွက် ကောင်းသော အကျိုးကျေးဇူးဖြစ်စေရန်ဟူသော ဘုံအခြေခံမှုသဘောကိုပင် မြန်မာ့အရေး၌ မှန်၊ မမှန် မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ်တည်ရှိနေခြင်းကြောင့် ၎င်းအချုပ်အခြာအာဏာပိုင် နယ်နိမ်ိတ်စည်းဝိုင်းအတွင်း ကျရောက်နေသော သက်ရှိများ၏ အသက်အိုးအိမ်စည်းစိမ် ကြေပျက်ဆုံးပါးအတိုဒုက္ခရောက်မှုများကို ပြည်ပနိုင်ငံများမှ လူသားချင်းစာနာစွာကူညီရန်အတွက် ကြိုးပမ်းအားထုတ်မှုများစွာရှိသည်မှာ မှန်သည့်တိုင်အောင် အဆိုပါ ကြိုးပမ်းအားထုတ်မှုများမှာ မြန်မာ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုတည်းဟူသော စည်းမျဉ်းကို ဖြတ်သန်းအားမရှိသောကြောင့် ယင်းဒေသနေ သက်ရှိများနှင့် လူ့အသိုင်းအဝန်းအတွက် ကြီးစွာသောနစ်နာမှုရှိသည်ကို အထင်အရှားကြုံတွေ့ရသည်။
သုတေသနနည်းလမ်းနှင့် စိန်ခေါ်ချက်
ဤသုတေသနအစီရင်ခံစာသည် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းပြီးနောက်ိပိုင်း အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများဖြတ်တောက်ကာ နိုင်ငံအတွင်းရှိ မြို့နယ်အများစုတွင် ဆက်သွယ်ရေးနှင့် သတင်းစီးဆင်းမှု ဖြတ်တောက်စေခဲ့ပြီး လူမှုစီးပွားဘဝများ၊ ပျက်စီးဆုံးရှုံးရခြင်း၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ လူ့ရပိုင်ခွင့်ဆုံးရှုံးမှုများအား မြေပြင်မှရရှိလာသော အချက်အလက်များနှင့် အွန်လိုင်းသတင်းမီဒီယာ (၄၆) ခုမှ သတင်းများအား အခြေခံ၍ မှတ်တမ်းတင်ရေးသားထားသော သုတေသနစာတမ်းတိုတစ်စောင်ဖြစ်သည်။ ဖော်ပြပါ အချို့ဒေသအများစုမှာ စစ်ရေးပြင်းထန်နေသည့်နေရာများဖြစ်သည့်အတွက် သုတေသီများအနေဖြင့် ကွင်းဆင်း၍ စစ်တမ်းကောက်ယူလေ့လာနိုင်ခြင်းမရှိခဲ့ပါ။ ထို့အပြင် ဆက်သွယ်ရေးဖြတ်တောက်ခံထားရသည့် ဒေသများဖြစ်သည့်အလျောက် သတင်းအချက်အလက်များကောက်ယူရာတွင် ဒေသခံများအားဆက်သွယ်ရန်ခက်ခဲခြင်း၊ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံရသည့် အချိန်အားတိကျစွာ ကောက်ယူရန် ခက်ခဲခြင်းများသည် ဤသုသေတန စာတမ်းအားပြုစုရေးသားရာတွင် ကြုံတွေ့ရသည့် အဓိကစိန်ခေါ်မှုများဖြစ်ခဲ့သည်။ အထက်တွင်ဖော်ပြထားသော ဖုန်းလိုင်းနှင့် အင်တာနက်ဖြတ်တောက်ခံထားရခြင်းဆိုင်ရာ သတင်းအချက်အလက်များမှာ မိမိတို့အဖွဲ့မှ ကောက်ယူရရှီထားသော အချက်အလက်များသာဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံတွင် ယခုထက်ပိုသော အင်တာနက်နှင့် ဖုန်းလိုင်းဖြတ်တောက်ခံထားရသည့် ဒေသများစွာလည်းရှိနိုင်ပါသည်။