၂၀၂၄ ခုနှစ် အောက်တိုဘာလ မြန်မာနိုင်ငံ၏ သတင်းမီဒီယာ လွတ်လပ်ခွင့်အခြေအနေ
၂၀၂၄ ခုနှစ်အောက်တိုဘာလသည် သတင်းစာလောကနှင့် သတင်းသမားများအတွက် သတင်းမီဒီယာရပ်ဝန်းအတွင်း ဖြစ်ပျက်နေသည့် အကြောင်းအရာများကို လေ့လာဖော်ထုတ်ရေးသားတင်ဆက်ရန်အတွက် လွယ်ကူချောမွေ့ခဲ့သည့် လတလတော့ မဟုတ်ခဲ့ချေ။ စစ်တပ်၏ လုပ်ဆောင်နေကျဖြစ်သည့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများပေါ်မှ စောင့်ကြည့်နေခြင်း၊ အင်တာနက်နှင့် ဆက်သွယ်ရေးလိုင်းများကို ဖြတ်တောက်ပိတ်ဆို့ခြင်းနှင့် သတင်းရယူနေသည့် သတင်းသမားများကို ဖမ်းဆီးကာ ထိခိုက်အနာတရဖြစ်စေခြင်းများဖြင့် သတင်းမီဒီယာအခွင့်အရေးကို ချိုးဖောက်ဖိနှိပ်လျှက်ပင်ရှိသည်။ အသံအဖွဲ့၏ သုတေသနအချက်အလက်များအရ ဖားကန့်အခြေစိုက်သတင်းသမားနှစ်ဦးအား ကေအိုင်အေ၏ ဖမ်းဆီးထိန်းသိမ်းမှု ခံခဲ့ရခြင်းမှ ပြန်လည်လွတ်မြောက်လာသည့် ဖြစ်ရပ်၊ ရှမ်းပြည်နယ်သတင်းထောက်နှစ်ဦး သတင်းလိုက်ရင်း လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရခြင်းနှင့် သံလွင်တိုင်းမ်သတင်းထောက်၏ နေအိမ်အား စစ်တပ်မှ ချိတ်ပိတ်သည့် ထူးခြားဖြစ်စဉ်များကို ကောက်ယူတွေ့ရှိခဲ့သည်။
ဖားကန့်အခြေစိုက်သတင်းထောက်နှစ်ဦး လွတ်မြောက်လာခြင်း
Red News Agency ၏ သတင်းထောက်ဖြစ်သူ တာလင်းမောင်သည် ဆိုင်းတောင်ကျေးရွာ၊ ဖားကန့်မြို့နယ်၌ စက်တင်ဘာလ ၂၉ ရက်၊ ၂၀၂၄ ခုနှစ်တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။ တာလင်းမောင်သည် စက်တင်ဘာ ၂၆ ရက်နေ့၌ “KIO အရာရှိ (Lion) ၏ ခိုင်းစေချက်ကြောင့် KIO တိုက်နယ်မှူးက တာဝန်ကျ PDF တွေကို အကြောင်းမကြားဘဲ ဆိုင်းတောင်နှင့် ဖားကန့်ကြားမှာရှိတဲ့ Jade Garden (Restaurant & Pool) ဝန်ထမ်းများကို ကယ်ဆယ်သည်” ဟူသော ဖော်ပြောပါသတင်းကို ၎င်းလူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည့်အတွက် ဖမ်းဆီးခံခဲ့ရကြောင်း RFA သတင်းတွင် ဖော်ပြသည်။ ဖားကန့်မြို့နယ်ရှိသတင်းများကို ဖော်ထုတ်ရေးနေသည့် အလွတ်တန်းသတင်းထောက်နောင်ရိုးသည် ၎င်းဖမ်းဆီးခံရသည်ကို ကြားသည့်အတွက် လိုက်ပါသွားခဲ့ပြီး တပါတည်း ဖမ်းဆီးခံခဲ့ရသည်။ တာလင်းမောင်သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှနေ၍ ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက် CDM ဝင်ထားသူဖြစ်ပြီး စစ်တပ်၏ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်သည်။ ဒါ့အပြင် ကျောက်စိမ်းတူးဖော်ရေးအတွက် ရွာလုံးကျွတ်ပြောင်းရွှေ့ခိုင်းသည့် ဖြစ်စဉ်သတင်းကို ရေးသားတင်ဆက်ခဲ့ပြီး များမကြာမှီ စက်တင်ဘာလ၊ ၈ ရက်၊ ၂၀၂၃ ခုနှစ်တွင် အမည်အသိအစုအဖွဲ့တခုမှ ကားနှင့်ဝင်တိုက်ပြေးသည့် ဖြစ်စဉ်ကိုကြုံခဲ့ရသေးသည်။ အလားတူ နောင်ရိုးသည်လည်း ၂၀၂၁ ခုနှစ် ဧပြီလတွင် စစ်တပ်၏ ဖမ်းဆီးခံခဲ့ရပြီး ၂၀၂၂ ခုနှစ် မတ်လတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က နှင့် သွင်းကုန်ထုတ်ကုန်ဥပဒေပုဒ်မ (၈) များနှင့် တရားစွဲဆိုကာ ထောင်ဒဏ် တနှစ်နှင့် ခုနစ်လကျခံခဲ့ရသူဖြစ်သည်။ နောင်ရိုးသည် သတင်းလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နှင့် အာဏာသိမ်းစစ်တပ်နှစ်မျိုးလုံးတို့၏ ဖမ်းဆီးအရေးယူခြင်းကို ခံဖူးချေပြီ။ ထို့နောက် အောက်တိုဘာ ၂၇၊ ၂၀၂၄ ခုနှစ်တွင် ၎င်းတို့ နှစ်ဦးစလုံးအား KIA မှ လွှတ်ပေးလိုက်ပြီး လွတ်မြောက်လာပြီဖြစ်ကြောင်း RFA မှ အတည်ပြုထားသည်။ သတင်းထောက်များနှင့် သတင်းမီဒီယာ လုပ်ငန်းများကို အာမခံချက်နည်းသထက်နည်းလာပြီး မီဒီယာလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များသည် ဆက်တိုက်ချိုးဖောက်ခံလာရသည်။ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အနေဖြင့် သတင်းထောက်များ၏ သတင်းရယူ၊ ဖြန့်ချီပိုင်ခွင့်ကို အာမခံပေးရန်လိုအပ်ပြီး ယခုတကြိမ်လို သတင်းရေးသားသည့်အတွက် ဖမ်းဆီးအရေးယူခြင်းများကို ဆက်လက်မပြုလုပ်သင့်တော့ပေ။ ဒီမိုကရေစီ၊ ဖက်ဒရယ်တို့၏ တန်ဖိုးနှင့် အနှစ်သာရထဲမှ တခုဖြစ်သည့် သတင်းမီဒီယာလွတ်လပ်ခွင့်ကို အကာအကွယ်ပေးရမည်ဖြစ်ပြီး ယခုလုပ်ရပ်သည် သတင်းလွတ်လပ်ခွင့်ကို တိုက်ရိုက်ချိုးဖောက်သည့် သဘောကို ဆောင်ကျဉ်းနေသည်။
စစ်တပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သတင်းထောက်နှစ်ဦး ထိခိုက်ဒဏ်ရာရ
ရွှေဖီမြေမှ မိုင်းအနိုင်နှင့် သံလွင်ခက်မှ ကိုကြီး(ခ)သူရအောင်တို့သည် စက်တင်ဘာ ၂၃၊ ၂၀၂၄ ခုနှစ်တွင် သီပေါတိုက်ပွဲ ရှေ့တန်းစစ်မြေမြင်တနေရာတွင် သတင်းရယူပြီး ဝပ်ကျဉ်း၌ အနားယူနေချိန် ရုတ်တရက် စစ်တပ်မှ (Jet Fighter) လေယာဉ်နှင့် ဗုံးလာကြဲပြီး ၎င်းတို့နေထိုင်ရာတဲနှင့် နီးစပ်ရာလူနေတဲအိမ်များကို ထိမှန်ခဲ့သည်။ ၎င်းတို့နှစ်ဦးသည် “လေကြောင်းအန္တရာယ်သတိပေး” မက်ဆေ့ချ်ကို ကြိုတင်ရရှိခဲ့သော်လည်း လေယာဉ်ဗုံးကြဲသည်ကို ရိုက်ကူးရန် ထိုဝပ်ကျဉ်း၌ပင် ဆက်လက်စောင့်ခဲ့ပြီး ဗုံးကြဲချချိန် ထိမှန်ဒဏ်ရာရခဲ့ကြခြင်းဖြစ်သည်။ ကိုကြီးသည် ခြေထောက်၌ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး မိုင်းအနိုင်၏ ဒဏ်ရာမှာမူ မစိုးရိန်ရပေ။ ၎င်းတို့နှင့်အတူ အနီးအနားရှိ တဲအိမ်များမှ သက်ကြီးရွယ်အိုနှင့်ကလေးငယ်လေးဦး သေဆုံးသွားခဲ့သည်။ ကိုကြီးသည် လက်ရှိလုံခြုံစိတ်ချရသည့် နေရာတွင် ဒဏ်ရာကို ကုသနေပြီး ခြေထောက်ဒဏ်ရာအနေအထားအား စောင့်ကြည့်ကုသမှုခံယူလျှက်ရှိသည်။
သတင်းဌာနအယ်ချုပ်၏ နေအိမ်နိုင်ငံပိုင်သိမ်းဆည်းချိတ်ပိတ်ခံရ
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ကိုကိုဇော်၏ မိဘပိုင်နေအိမ်အား စစ်တပ်သည် အောက်တိုဘာ ၂၆၊ ၂၀၂၄ ခုနှစ်တွင် ယင်းအားဖမ်းဆီးနိုင်ခြင်းမရှိသည့်အတွက် နိုင်ငံပိုင်အဖြစ်သိမ်းဆည်းကြောင်း ချိတ်ပိတ်သွားခဲ့သည်။ ၎င်း၏အဖေသည် နိုင်ငံရေးသမားတဦးဖြစ်ပြီး အကြမ်းဖက်အဖွဲ့များဖြင့် ပတ်သက်ဆက်နွယ်သည်ဆိုသော မခိုင်လုံသည့်အကြောင်းအရာကို ဖန်တီးပြီး ရည်ရွယ်ချက်ရှိရှိ အနိုင်ကျင့်ခြင်းဟု ဆိုရပေမည်။ ၎င်းတို့မိသားစုသည် ၁၉၉၇ ခုနှစ်တွင် ကိုယ်ပိုင်လုပ်ငန်းဖြစ်သည့် ပုံနှိပ်တိုက်ပိတ်သိမ်းခံရဖူးပြီး ယင်းအချိန်က ကိုကိုဇော်အား ထောင်ဒဏ်ခုနစ်နှင့် အဖေဖြစ်သူအား ခြောက်နှစ်အသီးသီး ထောင်သွင်းအကျဉ်းချခံခဲ့ရသည်။ စစ်တပ်သည် ကိုကိုဇော်အား မွန်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်ဖမ်းဝရမ်းထုတ်ထားကြောင်းလည်း သိရသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ယင်းမှ တော်လှန်ရေးတွင် ထိခိုက်နစ်နာဆုံးရှုံးမှုများနှင့်စာလျှင် ယခုအိမ်ချိတ်ပိတ်ခံရမှုနှင့် ပတ်သက်၍ စိတ်မကောင်းဖြစ်ရုံမျှကလွဲရင် အထွေထူးခံစားရမှုမရှိခဲ့ဟု မီဒီယာများပေါ်တွင် ပြောသည်။ သံလွင်တိုင်းမ်အဖွဲ့သားများသည် ဇွန်လ ၂၅ ရက်၊ ၂၀၂၁ ခုနှစ်တွင်လည်း ရုံးခန်းဝင်စီးရှာဖွေခံရပြီး တဖွဲ့လုံးရှောင်တိမ်းပြေးခဲ့ရသည်။
Update on Monitoring media repression in Myanmar
Journalists and media workers | October 2024 | Female | Male | Total since the 2021 attempted coup to as of October 2024) |
Arrested | 26 | 189 | 215 | |
In detention/serving jail sentences | 5 | 49 | 54 | |
Released | 22 | 133 | 155 | |
Died | – | 11 | 11 | |
Convicted | 1 | 12 | 66 | 78 |
Warranted | 8 | 48 | 56 | |
News and other licenses | ||||
News licenses cancelled | 15 |