အာဏာသိမ်း စစ်တပ်က ရာဇသတ်ကြီး ပုဒ်မ ၅၀၅ ကို ပြင်ဆင်ကာ တာ၀န်ရှိမှုကို  ရှောင်လွဲခြင်း။ ။ဥပဒေရှု့ထောင့်မှ လေ့လာဆန်းစစ်ချက်

ဩဂုတ် 25, 2023

မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်တပ်က စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုများကို အကြမ်းဖက် နှိပ်ကွပ်ရာတွင်  နိုင်ငံသားအခ္ငင့်အရေး ကို ချိုးဖောက်နေပြီး၊ တည်ဆဲဥပဒေများနှင့် လုံး၀ ကိုက်ညီမှု မရှိချေ။ ထို့ကြောင့် မြန်မာစစ်တပ်သည် ၎င်းတို့ ကျူးလွန်သည့် နိုင်ငံသားအခ္ငင့်အရေး ချိုးဖောက်မှုများ အတွက်  ဥပဒေအရ တာ၀န်ရှိမှုနှင့် အပြစ်ရှိမှုကို ရှောင်လွဲရန် ကြိုးစားလာသည်။ ထို့သို့ ရှောင်လွဲရန် အတွက် အခြားသော တည်ဆဲ ဆက်စပ်ဥပဒေ များကို ဆန့်ကျင်ပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅ ကို ပြင်ဆင်လိုက်သည်။

ထို့နောက် လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ရေးသားခွင့်နှင့် ပတ်သက်သော စံနှုန်းများကို ချိုးဖောက်ကာ  ပြင်ဆင်လိုက်သည့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ ကို အကာအကွယ်ယူလျက် နိုင်ငံသား အခွင့်အရေး ချိုးဖောက်မှုများ အဆက် မပြတ် ကျူးလွန်သည်။  ဤဥပဒေဆိုင်ရာ လေ့လာဆန်းစစ်ချက်တွင် ကိုလိုနီခေတ် နယ်ချဲ့စနစ်၏ ဖိနှိပ်အုပ်ချုပ်ရေး ရည်ရွယ်ချက်ဖြင့် တည်ဆဲ ရာဇသတ်ကြီး ဖြစ်လာပုံမှစကာ စစ်အာဏာသိမ်းပြီးနောက် ထိုထက်များစွာ ဆိုးဝါးသော ရည်ရွယ်ချက်ဖြင့် ထပ်မံပြင်ဆင် အသုံးပြုပုံများကို နိုင်ငံတကာ ဥပဒေစံနှုန်းများ နှိုင်းယှဥ်ချက်များနှင့် အမှုတွဲ လေ့လာ ချက်များဖြင့် တင်ပြ ဆွေးနွေး ထားသည်။

ဤလေ့လာဆန်းစစ်ချက်ကို ရေးသားရာတွင် အချက်အလက်များကို စီစစ်သုံးသပ်အဖြေထုတ် သောနည်းလမ်းနှင့် အကြောင်းအချင်းဆိုင်ရာ ဆက်စပ်ကောက်ယူကာ ဆန်းစစ် အဖြေထုတ်သော နည်းလမ်းတို့ကို ဆီလျော်စွာ အသုံပြုခဲ့ပြီး၊ ရည်ညွန်းကိုးကားရန် အချက်အလက်၊ အထောက်အထားသက်သေနှင့် သာဓကများကို ပြည်တွင်း ပြည်ပ ဥပဒေများ၊ နိုင်ငံတကာ ဥပဒေ နယ်ပယ်မှ ပဋိညဉ်များ ၊ ပြည်တွင်း ပြည်ပ ထုတ်ပြန်ချက်များ ၊ စီရင်ထုံးများ၊ ဥပဒေရေးရာ သမိုင်းကျမ်းများ၊ ဥပဒေ သဘောတရားရေးရာ ချဥ်းကပ်ဆောင်းပါးများ နှင့် သတင်းထုတ်ပြန်မှုများ၊ သတင်း ဆောင်းပါးများနှင့်  ထုတ်ဝေ(သို့)ထုတ်လွှင့်ပြီးသား ဖြစ်သော အင်တာဗျူးများမှ ရှာဖွေရယူ ကိုးကားခဲ့ပါသည်။ 

လက်ရှိ မြေပုံနယ်နိမိတ်အရ “မြန်မာနိုင်ငံ”ဟု ဗမာ အများစု သိထားသော မြေနေရာသည် ကိုလိုနီခေတ် ဗြိတိသျှ အင်ပါယာ၏ အဂ်လိပ် အစိုးရမင်းများက အိန္ဒိယဒေသကြီးကို အုပ်ချုပ်စဥ်က အိန္ဒိယနိုင်ငံ၏ သေးငယ်သော အစွန်ထွက်ပြည်နယ်လေး အဖြစ်ထည့်သွင်း အုပ်ချုပ်ပေးခဲ့သော မြေနေရာ ဖြစ်သည်။ ယင်းမတိုင်ခင်က မြန်မာနိုင်ငံတွင် ရှေးသက်ဦးဆံပိုင် ပုံစံ  ဥပဒေစနစ် ရှိသော်လည်း ရာဇသတ်ကြီး ကဲ့သို့သောဥပဒေ မရှိသေးပါ။ ယင်းရာဇသတ်ကြီးဉပဒေကို အဂ်လိပ်တို့က ခရစ်သက္ကရာဇ် ၁၈၆၀ခုနှစ် တွင်ပြဌာန်းခဲ့ပြီး ၊ ဥပဒေပြုရာတွင် ၎င်းတို့ကိုလိုနီပြု အုပ်ချုပ် ရမည့် ဒေသခံတို့၏ ထိုခေတ် အကျင့်စရိုက်ကို လိုက်ဖက်မှုရှိ၊ မရှိ သိရှိနိင်ရန် ဒေသခံ  ၅၀၀ခန့်၏ အမြင်များကို လေ့လာခဲ့သည်။ ယင်း ဒေသခံ  ၅၀၀ ခန့် ကို ရွေးချယ်ရာတွင် အခြားဒေသခံများ၏ အခြေအနေကိုခံစား မပေးတတ်သူ၊ ဒေသခံ များကို ကိုယ်ချင်းစာတရား မရှိသူနှင့် အခြားဒေသခံများ၏ အခြေအနေမှန်ကို စိတ်မ၀င်စားသူ များကို ရွေးကာ၊ ၄င်းတို့၏ အမြင်များကိုထည့်သွင်းခြင်းဖြင့် အုပ်ချုပ်ရမည့် ဒေသခံများနှင့် လိုက်ဖက်အောင် ထိုရာဇသတ်ကြီး ဥပဒေကို  ဥပဒေပညာရှင် သောမတ်မကော်လေးက ရေးဆွဲသည်။

ထို့နောက် သောမတ်မကော်လေး ၏  ယင်းဥပဒေသစ်ကို ကိုလိုနီ ဥပဒေပညာရှင်များ အကြား စတင် မိတ်ဆက်ရာတွင် တရားရေးစနစ် ထူထောင်လည်ပတ်မှုအပိုင်းတွင် ဝေဖန်မှုများ အကြီးအကျယ် မုန်တိုင်းထန် သွားခဲ့ရသည်။ ခေတ်ပြိုင်အင်္ဂလိပ်-အိန္ဒိယတရားသူကြီးတစ်ဦး အဆိုအရ ရာဇသတ်ကြီးကဲ့သို့ ဥပဒေ သည် “ ယဉ်ကျေးသော နိုင်ငံတစ်ခု၏ ရာဇ၀တ်မှုဆိုင်ရာ အခန်းကဏ္ဌ၌ တရားမျှတမှု ရှိရန် စီမံခန့်ခွဲ လည်ပတ်ရာတွင် နေမ၀င်အင်ပါယာ ဥပဒေပညာရှင်တို့ လောက၏ တစ်ခါမျှ မတွေ့ဖူးသေးသော ရှုပ်ထွေးမှုများနှင့် အခက်အခဲများကို ဖြစ်ပေါ်ရန် တွက်ချက်စီစဥ် ထားခြင်းပင် ဖြစ်သည်” ဟု ယင်းဥပဒေသစ် ကို ရှုမြင်သုံးသပ် ခဲ့သည်။ ထိုကိုလိုနီခေတ် သဘာ၀အရ ကျွန်ပြုအုပ်ချုပ်ရန် ပြဌာန်းသော ရာဇသတ်ကြီး ဥပဒေသည် အစကတည်းက လာခြင်းမကောင်းမှန်း သိသာလှပါသည်။

“အိန္ဒိယ ရာဇသတ်ကြီး ဥပဒေသည် ဘက်မလိုက်ဘဲ ရှုမြင်လျှင် အရိုင်းအစိုင်း လူအစု (uncivilized population ) သို့မဟုတ် လူရိုင်းအဆင့်မှ လွတ်ခါစ လူ့အဖွဲ့ အစည်း (Simi-Civilized Society)များကို အုပ်ချုပ်ရန်အတွက်အုပ်ချုပ်ရေး လိုအပ်ချက်များနှင့် ကိုက်ညီ သင့်လျော်သည်ကို မည်သူမဆို မြင်နိုင်သည်ဟု အချို့ကဆိုသည်။ အိန္ဒိယဒေသ လူ့ယဥ်ကျေးမှု အဆင့်အတန်းမှာ လာဂို့စ်နှင့် နိုင်ဂျီးရီးယားတောင်ပိုင်းရှိ လူများနှင့်သာ လူ့ယဥ်ကျေးမှု အဆင့်အတန်း တူသဖြင့် တခြားသော ဘုရင်မကြီး၏ တော်ဝင် အစောင့်အရှောက်ခံ ယဥ်ကျေးမှု အဆင့်အတန်းမြင့်သူ လူ့အဖွဲ့ အစည်းများနှင့် တန်းတူထား အုပ်ချုပ်ရန်လားလားမျှ မအပ်စပ်ကြောင်း” အုပ်ချုပ်ရေး ဆိုင်ရာ ဥပဒေသမားတို့က သုံးသပ်မိသဖြင့်  ထိုကဲ့သို့  တင်းကြပ်သော ဥပဒေသည်သာ လူရိုင်း အဆင့်မှလွတ်ခါစ လူ့အဖွဲ့အစည်းများနှင့် ​တော်ရာကျမည် ဟု  အဂ်လိပ်တို့က သဘောထားကာ ရာဇသတ်ကြီး ဥပဒေအား ပြဌာန်းခဲ့သည်။ ဆိုလိုသည်မှာ ထိုရာဇသတ်ကြီးကို ဥပဒေ စတင်ပြဌာန်းခဲ့ သည့် သဘောထားနှင့် နည်းလမ်းမှာပင် အုပ်ချုပ်ခံလူတန်းစား အပေါ် လေးစား တန်ဖိုးထားမှု မရှိ ကြောင်း ထင်ရှားသည်။

ထို “ဖိနှိပ်မှု” ကို မကြိုက်သဖြင့် မြန်မာ အပါအ၀င် ကိုလိုနီ နိုင်ငံအချို့က လွပ်လပ်ရေး ရယူနိုင်အောင် ကြိုးစားခဲ့ကြသည်။ သို့သော် ကိုလိုနီ စိုးမိုးမှု၏ ချည်နှောင်ခြင်းမှာ မိမိတို့ နှင့် မထိုက်တန်ဆိုကာ အတင်း ရုန်းထွက်ကြပြီး နောက်ပိုင်း အချိန်ထိမှာပင် ကိုလိုနီခေတ်လွန် နိုင်ငံများရှိ အစိုးရများကား ထို “ဖိနှိပ်မှု” ဟု မိမိတို့ ခံယူသော အဆိုပါ ကိုလိုနီ စံစနစ်ကိုပင် ပြန်လည် ရယူမွေးစား အုပ်ချုပ် နေပြန်သည် ကို စိတ်ဝင်စားဖွယ် အင်္ဂါရပ်တခုအဖြစ် ထူးဆန်းစွာ တွေ့ရ၏။ ဤစနစ်အား အစားထိုးရန်  အစိုးရ သစ်များဘက်မှ  လုပ်ဆောင်ချက် အောင်မြင်မှုမှာ အနည်းငယ်မျှသာ တွေ့မြင်ရသည်။ သို့ဖြစ်၍ ကိုလိုနီခေတ်လွန် ဥပဒေပြုစနစ်သည် ကိုလိုနီစနစ်နှင့် မဆိုသလောက်သာ ကွဲပြားနိုင်သည်။

ကိုလိုနီခေတ်အတွင်း၌ အစိုးရက ယဥ်ကျေးမှုမြင့်သည်ဟု သဘောထားသော သူများကို အုပ်ချုပ်သည့် ရာဇသတ်ကြီးတစ်ခု သီးခြားထားရှိသည်။  တရားသူကြီးနှင့် ဥပဒေပညာရှင် ဖစ်ဇဂျိမ်း စတီဖင်  မှ ၁၈၇၇ခုနှစ်တွင်ထုတ်ဝေခဲ့သော ၁၉ရာစု ကိုလိုနီခေတ်အတွင်း အကျယ်ပြန့်ဆုံး လက်ခံကျင့်သုံးခဲ့သော ကိုလိုနီဥပဒေပုံစံ ကွင်းစလန်းရာဇ သတ်ကြီးသည် အိန္ဒိယရာဇသတ်ကြီး မဟုတ်ပါ။ ယင်း ကွင်းစလန်း၏ ပုံစံ ရာဇသတ်ကြီးကို အိန္ဒိယရာဇသတ်ကြီး နှင့် အချို့ နေရာများတွင် ဖွဲ့စည်းပုံအသွင်အပြင်ပိုင်း၌ ဆင်တူသလိုဖြစ်နေသော်လည်း အနှစ်သာရနှင့် ရည်ရွယ် ချက်မှာ ကွဲပြားသည်။ ကွင်းစလန်း၏ ပုံစံ ရာဇသတ်ကြီးမှာ အဆင့်မြင့် လူယဥ်ကျေးများကို အုပ်ချုပ်ရန်ဖြစ်ပြီး၊ အိန္ဒိယ ရာဇသတ်ကြီးမှာ လူရိုင်းများ ဖြစ်ကြသော အိန္ဒိယမှ လူများနှင့် ထိုထက်ပိုရိုင်းသော အိန္ဒိယရှေးတောင်အစွန်ဖျား၊ ချောင်ကျကျနယ် (ယနေ့ခေတ် မြန်မာနိုင်ငံဖြစ်လာသောနေရာ) မှ လူများကို တန်ရာတန်ရာ ဆိုသလို ခပ်ကြမ်းကြမ်း အုပ်ချုပ်ရန် အတွက် ဖြစ်သည်ဟု ကိုလိုနီခေတ် ဥပဒေပညာရှင်များက သုံးသပ်သည်။ ထိုအမြင်မှာ ကိုလိုနီခေတ် အုပ်ချုပ်သူတို့၏ အမြင်ဖြစ်သည်။  ယခုလက်ရှိ မြန်မာအချင်းချင်း အုပ်ချုပ်သော မြန်မာနိုင်ငံတွင် ဆက်လက် ကျင့်သုံးနေသော အဆိုပါ အိန္ဒိယရာဇသတ်ကြီးကို ကနဦး ပြဌာန်းစဥ်  ထိုခေတ် ကိုလိုနီခေတ်အစိုးရက အုပ်ချုပ်ခံတို့ အပေါ် ထားရှိသော ပကတိသဘောထားများ ဖြစ်သည်။

သောမတ်မကော်လေး ၏ ၁၈၃၇ခုနှစ် ရာဇသတ်ကြီးမူကြမ်းကို အခြေခံကာ အိန္ဒိယဥပဒေကော်မရှင်မှ ကာလအတန်ကြာ ကြန့်ကြာကာ ပြန်လည်ပြင်ဆင်ပြီးနောက် ၁၈၆၀ခုနှစ်တွင် ထိုအိန္ဒိယရာဇသတ်ကြီး သည် အိန္ဒိယနိုင်ငံတွင် ဥပဒေဖြစ်လာခဲ့သည်။ ထိုအချိန်ကစ၍ လွပ်လပ်ရေးရပြီး နောက်ပိုင်းအထိ အိန္ဒိယရာဇသတ်ကြီး ၁၈၈၆ တွင်  အိန္ဒိယရာဇသတ်ကျင့်ထုံး ဥပဒေ ၁၈၆၁ ကိုလည်းကောင်း၊ အိန္ဒိယ သက်သေခံ ဥပဒေ ၁၈၇၂ တို့ကိုလည်းကောင်း အတူတကွ တွဲဖက် စီရင်စေရန် ပြဌာန်းထားပြီး၊ ယင်းတို့ကို ယနေ့တိုင် မြန်မာနိုင်ငံတွင် အမွေဆက်ခံကာ ဆက်လက် ကျင့်သုံး ပြဌာန်းဆဲဖြစ်သည်။  မြန်မာစစ်တပ် အုပ်ချုပ်ခဲ့ရာတွင်   ထိုမျှဆိုးရွား သော ကိုလိုနီစနစ် အမွေဆိုး ဆက်ခံမှုကိုပင် အားမရဘဲ နယ်ချဲ့ အင်္ဂလိပ်ထက်ပင်များစွာ ရက်စက် ကြမ်းကြုတ်သည့် ဥပဒေများစွာ ထုတ်ပြီး နိုင်ငံသားတို့ အပေါ်  ထပ်မံတင်းကြပ်ကာ  နောက်ထပ် ရာဇဝတ်ကြောင်းအရ အရေးယူနိုင်သော ဥပဒေများစွာဖြင့် မြန်မာနိုင်ငံရှိ ပြည်သူလူထုကို လူသားမဆန်စွာ နည်းမျိုးစုံသုံး၍ ဖိနှိပ်လာသည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် အထိ ရာဇ၀တ်ကြောင်းအရ အရေးယူနိုင်သော ဥပဒေပေါင်း (၈၆၆) ခု ရှိခဲ့သည်။

ရာဇသတ်ကြီး ပုဒ်မ ၅၀၅ သည် မြန်မာစစ်တပ်က ခေတ်အဆက်ဆက် မြန်မာနိုင်ငံသားတို့၏ လွပ်လပ်စွာထုတ်ဖော် ပြောဆို ရေးသားခွင့်ကို ပိတ်ပင်ရန် အသုံးပြုသော  ဥပဒေ ပုဒ်မများ အနက် အလွန်အသုံးများသော ဥပဒေ ပုဒ်မ ဖြစ်သည်။ မြန်မာနိုင်ငံ၏ ရာဇသတ်ကြီးပုဒ်မ ၅၀၅ သည် ယခင်အစိုးရ (သို့မဟုတ်) မြန်မာစစ်တပ် နှင့် လွတ်လပ်စွာသဘောထားကွဲလွဲသူ ပြည်သူလူထုကို ဖိနှိပ်ရန် အာဏာရှင်များမှ မကြာခဏ အသုံးပြုလေ့ ရှိသည့်တိုင် ယင်းပုဒ်မ ၏ တရားမျှတမှုနှင့် အဓိပ္ပါယ်ကောက်ယူနိုင်မှုမှာ အငြင်းပွားဖွယ်ရာ ပြဋ္ဌာန်းချက်ပင် ဖြစ်သည်။

ယခင်စစ်အစိုးရများ လက်ထက်တွင် အစိုးရကို ဝေဖန်ခြင်း သို့မဟုတ် အမှန်ကို ထုတ်ဖော်ပြောဆိုသော သတင်းသမားများ၊ တက်ကြွလှုပ်ရှားသူများနှင့် သာမန်ပြည်သူများကို ခြိမ်းခြောက်ပြီး နှုတ်ပိတ်ရန် ဤပြဋ္ဌာန်းချက်ကို မကြာခဏ အသုံးပြုခဲ့သည်။ ဘာသာစကား၏ မရေရာသော ကျယ်ပြန့်မှုသည် အာဏာပိုင်များက ၎င်းကို ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပာယ်ဖွင့်ဆိုနိုင်စေပြီး ၎င်းတို့၏ အုပ်ချုပ်မှုကို ခြိမ်းခြောက်မှုဟု ယူဆသူတိုင်းကို ပစ်မှတ်ထားစေသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁ရက်နေ့တွင် မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၃ခုနှစ်၊  ဇူလိုင်လအထိ  ၄င်းတို့နှင့် သဘောထား ကွဲလွဲသောကြောင့် ဖမ်းဆီး ထိန်းသိမ်းခြင်း ခံရသူ စုစုပေါင်း ၂၄,၀၄၈- ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းမှ ထုတ်ပြန်ခဲ့သည်။ အာဏာသိမ်းမှုသည် စစ်အာဏာရှင်ကို ဆန့်ကျင်သည့် အရပ်သားလူထုမှ ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ်စေခဲ့သည်။ အာဏာသိမ်းပြီးနောက်တွင် စစ်တပ်အာဏာပိုင်များသည် ပြည်သူတို့၏ သဘောထားကွဲလွဲမှုများနှင့် အတိုက်အခံများကို ဖိနှိပ်ချုပ်ချယ်ခဲ့ပြီး လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဖိနှိပ်မှုများ တိုးလာသည်။ မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်  လွပ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့်အား နိုင်ငံတော် ဆူပူမှု၊ ပြစ်မှုကျူးလွန်စေရန် လှုံ့ဆော်မှုများအဖြစ် သတ်မှတ်ကာ ပိုမိုနှိပ်ကွပ်နိုင်ရန်အတွက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက် တွင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ ကို ပြင်ဆင်ခဲ့သည်။

ရာဇသတ်ကြီး ပုဒ်မ ၅၀၅ ပြင်ဆင်ချက်တွင် “(က) တပ်မတော်သား သို့မဟုတ် အစိုးရ၀န်ထမ်းများအား တာဝန်ဝတ္တရားကို ထမ်းဆောင်ရာတွင် စိတ်ဓာတ်၊ စည်းကမ်း၊ ကျန်းမာရေး (သို့) အခြား ဆောင်ရွက်ခြင်းတို့ကို ဟန့်တား နှောင့်ယှက်ရန် (သို့မဟုတ်) ထိုပြုမူ ဆောင်ရွက်ခြင်းတို့ကို မုန်းတီး လာ စေရန်   (သို့မဟုတ်) စိတ်ဓာတ် ယိမ်းယိုင် ထိခိုက် ပျက်စီး  ကာ သစ္စာမဲ့ စေလျှင်” ရာဇ၀တ်မှု မြောက် သောအပြုအမူ ဖြစ်ကြောင်း   ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ တွင် ပုဒ်မခွဲ (က) ကို ပြင်ဆင်ချက်အရ ပြဋ္ဌာန်းသည်။ 

ထို့အပြင် ပုဒ်မ ၅၀၅ ၏ ပုဒ်မခွဲ (က)တွင်

မည်သူမဆို _

(က) နိုင်ငံသားတစ်စုကို သို့မဟုတ် အများသူငှာကို ကြောက်ရွံ့စေရန် ဆောင်ရွက်လျှင်

(ခ) သတင်းမှားမှန်း ကို သိလျက်နှင့် သတင်းမှားကို ဖြန့်လျှင်

(ဂ) အစိုးရဝန်ထမ်းဖြစ်စေ၊ အစိုးရ၏ မည်သည့် ၀န်ထမ်းကိုမဆို ဖြစ်စေ၊ မည်သည့် အစိုးရကိုမဆို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ဆန့်ကျင်ခြင်း (သို့မဟုတ်) တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ပြစ်မှုကျူးလွန် စေရန် လှုံ့ဆော်လျှင်ထိုသူကို သုံးနှစ်အထိ ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ယင်း ထောင်ဒဏ် နှင့် ငွေဒဏ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ” ချမှတ်ရမည်”ဟု  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဥပဒေ ပြုခွင့် မရှိသလို ဥပဒေပညာ၏ သဘာ၀ ကို နားမလည် သူ  မင်းအောင်လှိုင်ဆိုသူ က လက်မှတ်ထိုးကာ  ဖြည့်စွက်စေသည်။

မြန်မာအစိုးရက နိုင်ငံတော် သစ္စာဖောက်မှုဖြင့်တရားခံပြေး ကြေညာထားပြီး ကမ္ဘာအရပ်ရပ်တွင် အကြမ်းဖက်ရာဇ၀တ်မှုများစွာ ဖြင့် အမှု ဖွင့်ခံထားရသူ အဘ ဦးခင်လှိုင်၏ သား မင်းအောင်လှိုင် (ခ) ဖိုးသာအေး ဆိုသူမှာ ဥပဒေပြု ပညာနှင့် အလှမ်းဝေးရုံသာမက၊ ထိုသူသည် မိမိက တရားရုံးရှေ့  ရောက်ရှိ ကာ ရင်ဆိုင်ရန်ရှိသော ထို အမှုများကို သွားရောက်ရင်ဆိုင် ရန် ပျက်ကွက် တိမ်း ရှောင် နေ ဆဲဖြစ်သည်။ သို့ဖြစ်ရာ ထို မင်းအောင်လှိုင်ဆိုသူက ဦးဆောင်ပြင်ဆင်သော ဥပဒေမှာ ဥပဒေ၏ ရည်ရွယ်ချက်နှင့် အနှစ်အသားပိုင်း ကို မဆိုထားနှင့် ထုတ်ပြန်သော ပုံစံ မှာပင် ပုံစံကျနမှုမရှိဘဲ အရည်အချင်း မမှီဖြစ်နေသည်ကို တွေ့ရသည်။

မြန်မာအကြမ်းဖက်စစ်တပ်သည် ၂၀၂၁ တွင် နိုင်ငံတော်နှင့် ပြည်သူလူထုကို သစ္စာဖောက်ကာ မြန်မာ့ ဒီမိုကရေစီရေးနှင့် လူထုငြိမ်းချမ်းရေးကို  ဖျက်ဆီးကာ အာဏာလုယူခဲ့သည်။  ထိုအခါ ပြည်သူလူထု တရပ်လုံးက ဖွဲ့စည်းပုံအခြေခံဥပဒေပါ မိမိတို့၏ အခြေခံနိူင်ငံသား လုပ်ပိုင်ခွင့်နှင့် အညီ အာဏာလုခြင်းကို ကန့်ကွက်ရန် ဆန္ဒထုတ်ဖော်ကြ သည်။ ထိုသို့  ကန့်ကွက်ရန် ဆန္ဒထုတ်ဖော်နေသော ပြည်သူလူထုကို ဖိနှိပ်နိုင်ရန် ရည်ရွယ်၍ ရာဇသတ်ကြီး စပြ ဌာန်းချိန် ၁၈၆၀ခုနှစ်မှစ၍ နှစ်ပေါင်း   ၁၆၁ နှစ်ကြာအောင် မပြင်ဆင်ဘဲထားသော ထိုရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ အား ဖေဖော်ရီလ၊ ၁၄ ရက် တွင် ရုတ်တရပ်ပြင်ဆင်လိုက်သည်။ ထိုပုဒ်မဖြင့် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော် မြို့တော်ဝန်ဒေါက်တာမျိုးအောင်တို့ အပါအ၀င် တစ်နိုင်ငံလုံးမှ ပြည်သူများအား ဖမ်းဆီးနှိပ်ကွပ်သည်။ မြန်မာစစ်တပ်သည် ဥပဒေ ပြင်ပမှ ​ကျူးလွန်သော မိမိတို့၏ ရာဇ ဝတ်မှုများကို ရှောင်လွဲရန် ရည်ရွယ်ပြီး ထိုဥပဒေကို ပြင်ဆင် လိုက်ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅  ပြင်ဆင်ချက် ၏ ပကတိ ရည်ရွယ်ချက်မှာ  လွပ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားခွင့်ကို နိုင်ငံတော် ဆူပူမှုအဖြစ် အာဏာသိမ်းစစ်တပ်က ဥပဒေထုတ်ကာ  သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း တွေ့ရသည်။

မြန်မာနိုင်ငံတွင် ရာဇသတ်ကြီး တခုတည်း၌ပင် လှုံ့ဆော်မှုကို ပိတ်ပင်ကန့်သတ်သော ပုဒ်မ စုစုပေါင်း (၁၇) ခု ရှိသည်။  မြန်မာနိုင်ငံ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေတွင်  လှုံ့ဆော် မှု ကို ပိတ်ပင်ကန့် သတ်သော ပုဒ်မ စုစုပေါင်း (၆) ခု ရှိသည်။  ထို့အပြင် ပုံနှိပ်ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေ ၊ သတင်းမီဒီယာဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေ၊ နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေ ၊ တပ်မတော်အက်ဥပဒေတို့လည်း လှုံ့ဆော်မှုကို  ထပ်ကာ ထပ်ကာ ပိတ်ပင် ကန့်သတ် ထားပြန်သည်။ ထိုမျှမက  စစ်အုပ်ချုပ်ရေးအမိန့် ကြေငြာချက်တွင် ပုဒ်မ  ၇ ခုဖြင့် ထပ်မံ ပိတ်ပင် ကန့်သတ်ထားသည်။

 မြန်မာနိုင်ငံရှိ၊ ထိုမျှများပြားသော   လှုံ့ဆော်မှုကို ပိတ်ပင်ကန့်သတ်သော ဥပဒေ များစွာ တို့တွင်  ရာဇသတ်ကြီး ပုဒ်မ ၅၀၅   ပြင်ဆင်ချက် ကို ထပ်တိုး ဖြည့်သွင်းပိတ်ပင်လိုက်ခြင်းသည်  လူ့အသိုင်း အဝန်း၏ လိုအပ်ချက်ကို ဆန့်ကျင်ပြီး ဥပဒေ အနှစ်သာရ ကင်းမဲ့သည်။ ထို့အပြင်  လှုံ့ဆော်မှုဟူသော အပြုအမူ နှင့် လှုံ့ဆော်မှု မဟုတ်သော ပြောဆိုခြင်း၊ ရေးသားခြင်း၊ ဖော်ပြခြင်း၊ ပြသခြင်းတို့ကို ခွဲခြားနိုင်လောက်သော အဓိပ္ပာယ်ဖွင့်ဆို ပြဌာန်းချက် မျိူး ထည့်သွင်းထားခြင်း  မရှိချေ။ အလွန် ယျေဘူယျဆန်သော အဓိပ္ပာယ်ဖွင့်ဆိုချက် များဖြင့် ပြဌာန်းထားသော ထိုအနှစ်မဲ့ ဥပဒေရှိ   ဘာသာစကား၏ မရေရာသော ကျယ်ပြန့်မှုသည် အာဏာပိုင်များက ၎င်းပုဒ်မ ကို ကျယ်ကျယ် ပြန့်ပြန့် အဓိပ္ပာယ်ဖွင့်ဆို နိုင်စေပြီး တရား မျှတမှု ကင်းမဲ့စေသည်။

လွတ်လပ်ခွင့်၊ ထုတ်ဖော် ပြောဆို ရေးသားခွင့် အသုံးပြုမှုသည် အခြားသော ပြည်သူ့ အခြခံ ရပိုင်ခွင့် သို့မဟုတ် တန်ဖိုးထားမှုများနှင့် အငြင်းပွားမှု ဖြစ်လာပါ မှ ဥပဒေစနစ်များနှင့် လူ့အဖွဲ့အစည်းတို့က လွတ်လပ်စွာ ဟောပြောခွင့်ကို ကန့်သတ်ရမည်ဖြစ်သည်။

ထို့အပြင် ICCPR အပိုဒ် ၂၀(၂)တွင် တားမြစ်ရမည့် ထုတ်ဖော်ပြောဆိုမှုကိုလည်း ပြဌာန်းထားသည် ။ ၄င်းတို့မှာ

၁။ စစ်မက်တိုက်ခိုက်ရေးအတွက် ဝါဒဖြန့်မှုမှန်သမျှကို ဥပဒေဖြင့် တားမြစ်ရမည်။

၂။ လူသားအချင်းချင်းခွဲခြားဆက်ဆံမှု၊ ရန်လိုမှုနှင့် အကြမ်းဖက်မှုမှန်သမျှတို့ကို သွေးထိုး လှုံ့ဆော်သည့် အမျိုးသားရေး သို့မဟုတ် လူမျိုးရေး သို့မဟုတ် ဘာသာရေး အမုန်းပွားရန် ဝါဒဖြန့်မှုမှန်သမျှကို ဥပဒေဖြင့် တားမြစ်ရမည်။

အစိုးရများသည် အထက်ပါအခြေအနေမျိုးတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့် သတ်မည်ဆိုပါက အောက်ပါ အဆင့်သုံးဆင့်အတိုင်းသာ လုပ်ဆောင်ရမည်ဖြစ်သည်။၄င်းတို့မှာ

၁။ တိကျရှင်းလင်းသော ဥပဒပြဌာန်းချက်ရှိရမည်။

၂။ ဥပဒေပြဌာန်းသင့်သည့် တရားမျှတသော ရည်ရွယ်ချက် ရှိရမည်။

၃။ အမှန်တကယ်လိုအပ်ပြီး အချိုးအစားညီမျှရမည်။အာဏာသိမ်း မှုကို ကာကွယ်ရန်  လွတ်လပ်ခွင့် ထုတ်ဖော် ပြောဆို ရေးသား ခွင့်ကို ပိတ်ပင်သော ကန့်သတ်ချက်မျိုးသည် အနှစ်သာရ အားဖြင့် စည်နှောင်မှု ရှိနိင်သော ဥပဒေဟုပင် သတ်မှတ်ရန် ခက်ခဲနေသည်။

ရာဇသတ်ကြီး ပုဒ်မ ၅၀၅ အောက်တွင်  ပါဝင်သော ပုဒ်မခွဲ အားလုံးသည် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ရေးသား ပြောဆိုမှုများ  အပေါ်တွင် အခြေခံကာ ဖိနှိပ် ကန့်သတ် ထားခြင်းဖြစ်သည်။  ဥပဒေတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားခွင့်များကို စစ်အုပ်ချုပ်မှုအဆက်ဆက်ထင်သလို (သို့) လိုသလို မှန်းဆကာ အဓိပ္ပါယ်ဖွင့်နိုင်အောင် တည်ဆောက် ပြဌာန်း ထားသည်ကို တွေ့ရသည်။  ဆန္ဒထုတ်ဖော်ခြင်း၊ ပြောဆိုခြင်း၊ ရေးသားခြင်း၊ ဖော်ပြခြင်း၊ ပြသခြင်း  စသော ကိုယ်အပြုအမူ၊ နှုတ်အပြု တခုသည် ပြဌာန်းချက်ပါ ရည်ရွက်ချက်နှင့် အကျိူးဆက်အတွက် ပြုလုပ်ခြင်းဖြစ် ကြောင်း သို့မဟုတ် ထိုပြဌာန်းချက်ပါ ရည်ရွက်ချက်  နှင့် အကျိူးဆက် အတွက် ပြုလုပ်ခြင်း မဟုတ်ကြောင်းကို စည်းဖြတ်ပိုင်းခြားနိုင်သည် အထိ တိကျပြတ်သားသော ဖွင့်ဆိုမှုမျိုး လုံးဝ မပါဝင် သည်ကို တွေ့ ရသည်။

ထိုသို့ စည်းခြား နိုင်သော ဖွင့်ဆိုမှုမျိုး မပါဝင်သည့် ပုဒ်မ ဖြစ်သောကြောင့်  လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်  သဘောတရား  အပေါ်တွင်  စွပ်စွဲ တံဆိပ်ကပ်ရာ၌ မုန်းတီးလာ စေရန်   (သို့မဟုတ်) စိတ်ဓာတ် ယိမ်းယိုင် ထိခိုက်ပျက်စီးကာ သစ္စာမဲ့စေသော ပြောဆိုခြင်း၊ ရေးသားခြင်း၊ ဖော်ပြခြင်း၊ ပြသခြင်း  ဖြစ်သည်ဟု စွပ်စွဲ နိုင်ခွင့်ကို ထိုပုဒ်မက ပေးနေသည် ကို တွေ့ ရသည်။ အများပြည်သူ ထုတ်ဖော်ပြောဆို ရေးသားရာတွင် ကြောက်ရွံ့စေရန် ဆောင်ရွက်သော ဥပဒေဖြစ်ပြီး၊ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲ တရားစွဲဆိုနိုင်သောပြီး အတားအဆီး မရှိ စွပ်စွဲ လာနိုင်တော့သည်။ ထိုစည်းဖြတ် ပိုင်းခြားနိုင်သည့်  တိကျပြတ်သားသော ဖွင့်ဆိုမှုမျိုး လုံးဝမပါဝင်ဘဲ  ထုတ်ဖော်ပြောဆိုရေးသားမှုမှန်သမျှ ရာဇဝတ်မှုမြောက်သည်ဟု စွပ်စွဲခွင့်ရှိသော ပြဌာန်းချက်များသည် လွပ်လပ်စွာထုတ်ဖော်ပြောဆိုရေးသားခွင့်ကို တရားဝင် ဥပဒေပြဌာန်း ပိတ်ပင် ထားခြင်း ဖြစ်သည်။ လက်တွေ့တွင်  လူတန်းစား အမျိုးမျိုး၏ လွပ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားမှု ပုံစံ အမျိုးမျိုး တို့ကို ရာဇဝတ်မှု အဖြစ် စွပ်စွဲ  ဖမ်းဆီးလျက်ရှိသည်။

“ဆန္ဒပြလှုပ်ရှားမှုမှာ ပါဝင်တဲ့သူအများစုက နိုင်ငံတော်ပုန်ကန်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅- က နဲ့ အများဆုံး ဖမ်းဆီးထိန်းသိမ်း ခံရတာပါ။ တချို့ ၅၀၅ အမှုတွေက စစ်ဆေးနေဆဲကာလမှာပဲ နောက်ထပ် ဥပဒေပုဒ်မအသစ်တွေနဲ့ ထပ်တိုးခံရတာ”ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်သွယ်သွယ်စိုးက ဗွီအိုအေ သတင်းဌာနကို ပြောခဲ့ ပါသည်။
ရာဇသတ်ကြီး ပုဒ်မ ၅၀၅ ကို နိုင်ငံတော် အတိုင်ပင်ခံ  ပုဂ္ဂိုလ် အပါအဝင် နိုင်ငံတော် သမ္မတ၊   ဝန်ကြီးချုပ်ဟောင်း များ ၊ အနုပညာရှင်များ ၊   သတင်းစာဆရာများ၊  ဆိုရှယ်မီဒီယာ ဖေ့စ်စဘုတ်တွင် ပရိုဖိုင်အနက်ရောင် ပြောင်းလဲသူများ၊ သက်တော်စောင့်၊  လူမှုရေးတက်ကြွလှုပ်ရှားသူများ၊ ကျောင်းသားခေါင်းဆောင်များ ၊ ဆရာဝန်များ နှင့် သာမှန် အရပ်သားပြည်သူအစ ရှိသည်ဖြင့် လူတန်းစား အမျိုးမျိုး အားလုံး ပါဝင်သည်ကို  အောက်ပါ  အတိုင်း  တွေ့ရသည်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ သုံးဦးအပေါ် NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ထုတ်ပြန်ခဲ့သော ကြေညာချက် နှစ်စောင်သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေသည်ဟု ဆိုကာ အာဏာသိမ်းစစ်တပ်က ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲခဲ့သည်။ ၄င်းတို့ ပေါ် စစ်ကောင်စီက တရားစွဲ ထားသည် မှာ ထိုတစ်မှု တည်း မဟုတ်၊ နောက်ထပ် အမှုကား များ စွာ ရှိ သည်။

ရခိုင် ဝန်ကြီးချုပ်ဟောင်း ဦးညီပုကိုလည်း နိုင်ငံတော် မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅  ဖြင့်ပင် စစ်တွေမြို့နယ် တရားရုံး၌ တရားစွဲဆိုထားကာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် စတင်စစ်ဆေးသည်။

အနုပညာရှင်များ ဖြစ်သည့် မေပန်းချီ ၊ မေလသံစဉ်၊ မြတ်သူသူ (ခ) မိုးမိုးမြတ်ဇင်၊ ရွှေရည်သိန်းတန်နဲ့ သတင်းစာဆရာ ဦးကျော်မင်းဆွေတို့ကိုလည်း ၅၀၅ (က) နှင့် အမှုဖွင့်တရားစွဲ အရေးယူသည်။ အများစုမှာ ပြီးခဲ့သည့် ဧပြီလက ပဇီကြီးကျေးရွာတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး ဆိုရှယ်မီဒီယာ ဖေ့စ်စဘုတ်တွင် ပရိုဖိုင်အနက်ရောင် ပြောင်းလဲလိုက်သောကြောင့် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ လူမှုရေး တက်ကြွလှုပ်ရှားသူ ဦးဇော်ဝင်းအပါအဝင် (၃) ဦးအမှုကို ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခံရ သည်။ဒေါ်အောင်ဆန်း စုကြည်၏ သက်တော်စောင့်ချယ်ရီထက်ကို ပင် ပုဒ်မ ၅၀၅ (က) တရားစွဲဆိုခံရ ပြီး၂၀၂၁ခုနှစ်၊   ဖေဖော်ဝါရီလ ၁၇ ရက် ၊ ကြာသပတေးနေ့တွင် စစ်ဆေး သည်။

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်  ဦးမြအေးကို သူနေထိုင်တဲ့အိမ်ရှိတဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းက စခန်းမှူး ဒုရဲမှူး ဇော်မင်းသူက တရားလိုလုပ်ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ – ၅၀၅ (ဂ) နဲ့ တရားစွဲခဲ့သည်။ စစ်အာဏာ သိမ်းမှု ကျူးလွန်သောနေ့ ၌ပင်  ဦးမြအေး သာမက အခြား နိုင်ငံရေးသမားများ ၊ တက်ကြွလှုပ်ရှားသူ များစွာ တို့ကို အိမ်အထိ လိုက်ရှာဖမ်းဆီးပီး ၅၀၅ ဖြင့် တရား စွဲဆို ဖမ်းဆီး ထောင်ချခဲ့သည်။  

သျှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ ပြည်သူ့ဆေးရုံတွင် လက်ထောက် ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်နေပြီး မီးဖွားခွင့်ယူထားသည့် ဒေါက်တာ ဒေါ်ချမ်းမြေ့လင်း ကို စစ်ကောင်စီ က ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲဆို ဖမ်းဆီးခဲ့သည်။

မြန်မာစစ်တပ်သည်အပြစ်မဲ့ ပြည်သူလူထု၏ လွပ်လပ်စွာ ထုတ်ဖော် ပြောဆိုရေးသားခွ င့်ကိုပိတ်ပင်ပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅ အသုံးပြုကာ ရာဇဝတ်မှု အဖြစ် ဖိနှိပ် စွပ်စွဲ ဖမ်းဆီးနေကြောင်း တွေ့ရသည်။ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ ကို လူတန်းစား အမျိုးမျိုး ၏ လွတ်လပ်စွာထုတ်ဖော် ပြောဆို ရေးသားမှု ပုံစံ အမျိုးမျိုး ကို ဖိနှိပ်နိုင်ရန်အတွက် အခြေအနေ အမျိုးမျိုး တွင် အသုံးပြုခဲ့သည် ကိုတွေ့ရသည်။

အပြည်ပြည်ဆိုင်ရာ လူ့ရပိုင်ခွင့်ကြေညာစာတမ်းတွင် အပိုဒ် (၁၉)၌ လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟဖော်ပြနိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ အနှောင့်အယှက်မရှိဘဲ လွတ်လပ်စွာ ထင်မြင်ယူဆ နိုင်ခွင့် ပါဝင်သည့်အပြင်၊ နိုင်ငံနယ်နိမိတ်များကို ထောက်ထားရန်မလိုဘဲ သတင်း အကြောင်းအရာနှင့် သဘောတရားများကို တနည်းနည်းဖြင့် လွတ်လပ်စွာ ရှာယူဆည်းပူး နိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှဖြန့်ချီခွင့်တို့လည်း ပါဝင်သည်။ အပိုဒ် (၂၁) တွင် ငြိမ်းချမ်းစွာ စုဝေးနိုင်ခွင့်ကို အသိအမှတ်ပြုစေရမည် ဟု အတိအလင်း ဆို၏။ နိုင်ငံတော်လုံခြုံရေး သို့မဟုတ် အများ ပြည်သူ ဘေးကင်းလုံခြုံရေး၊ ငြိမ်းချမ်းစွာ စုဝေးနိုင်ခွင့်ကို အသိအမှတ်ပြု စေရမည်။ နိုင်ငံတော်လုံခြုံရေး သို့မဟုတ် အများပြည်သူ ဘေးကင်းလုံခြုံရေး၊ အများပြည်သူ အေးချမ်းသာယာရေး၊ ပြည်သူ့ကျန်းမာရေး သို့မဟုတ် ပြည်သူလူထု ကိုယ်ကျင့်တရားကို ကာကွယ် စောင့်ရှောက်ရေး သို့မဟုတ် အခြားသူများ၏ ရပိုင်ခွင့်များနှင့် လွတ်လပ်ခွင့်များကို ကာကွယ်စောင့်ရှောက်ရေးတို့အတွက် ဒီမိုကရေစီ လူ့ဘောင်အဖွဲ့အစည်းတွင် လိုအပ်ချက်အရ ဥပဒေနှင့်အညီ ပြုလုပ်သော ကန့်သတ်ချက်များမှအပ ယင်းရပိုင်ခွင့်အား ကျင့်သုံးဆောင်ရွက်မှုအပေါ် မည်သည့် ကန့်သတ်မှုမျှ မပြုလုပ်ရဟု ပြဌာန်းထားသည်။ အပြည်ပြည်ဆိုင်ရာ ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာ ချုပ် (ICCPR) တွင်လည်း ကာကွယ်ပေးထားသည်။

အာဆီယံ လူ့ရပိုင်ခွင့်ကြေညာစာတမ်း (AHRD – ASEAN Human Rights Declaration) အပိုဒ် ၂၃ ၌  “လူသားတိုင်းသည် ကြားနေ‌နှောင့်ယှက်မှုမရှိဘဲ မိမိတို့ အယူအဆကို လွတ်လပ်စွာ ဆုပ်ကိုင်ထားပိုင်ခွင့်ရှိသည့်အပြင် မည်သည့်မီဒီယာနှင့် နယ်မြေအပိုင်းအခြားကိုမဆို အကန့်အသတ်မရှိကျော်ဖြတ်လျက် သတင်းအချက်အလက်နှင့် အတွေး အခေါ်အယူအဆ များကို လွတ်လပ်စွာရှာဖွေပိုင်ခွင့်၊ လက်ခံပိုင်ခွင့်၊ တစ်ဆင့်ပြန်လည် ဖြန့်ဖြူးခွင့်ရှိခြင်း စသော အခွင့်အရေးများ ပါဝင်သည့် လွတ်လပ်စွာထင်မြင်ယူဆပိုင်ခွင့်နှင့် ထုတ်ဖော်ပြော ဆိုခွင့်ရှိသည်” ဟု လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်ပေးထားသည်။

ထို့အပြင်  ဥရောပသမဂ္ဂ လူ့ရပိုင်ခွင့်နှင့် အခြေခံ လွတ်လပ်မှုများ ကာကွယ်စောင့်ရှောက်ရေး သဘောတူစာချုပ် (CPHRFF/ECHR) အပိုဒ် (၁၀) ၌ “လူတိုင်းလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိသည်။ ဤ အခွင့်အရေးတွင် အတွေးအခေါ် အယူအဆများကို လွတ်လပ်စွာဆုပ်ကိုင်ထားပိုင်ခွင့်နှင့် အစိုးရအာဏာပိုင်များ၏ ကြားဝင် နှောင့် ယှက်မှုမရှိဘဲ၊ နယ်မြေအပိုင်းအခြား အကန့်အသတ်မရှိဘဲ သတင်းအချက်အလက်နှင့် အကြံဉာဏ်များကို လက်ခံရယူခွင့်၊ မျှဝေပေးပို့ခွင့်တို့လည်း ပါဝင်သည်။ ဤအပိုဒ်သည် ရုပ်သံ လွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြား သို့မဟုတ် ရုပ်ရှင်ပြသမှု လုပ်ငန်းများ အပေါ် လိုင်စင်စနစ်ထားရှိ ခြင်းကို အတားအဆီးမဖြစ်စေရ” ဟု ပြဌာန်းထားသည်။

အာဖရိက လူသားနှင့်ပြည်သူ့အခွင့်အရေးများ ပဋိညာဥ် (ACHPR) အပိုဒ် (၉) တွင်

၁။ လူတိုင်း သတင်းအချက်အလက်များ လက်ခံရယူပိုင်ခွင့် ရှိသည်။

၂။ လူတိုင်း ဥပဒေဘောင်အတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် မိမိအမြင်များကို ဖြန့် ဝေခွင့် ရှိသည်ဟု ပြဌာန်းထားသည်။

ထို့အပြင် မြန်မာပြည်တွင်း ဥပဒေများ အရ တရားရုံးများသည် နိုင်ငံတကာဥပဒေစံနှုန်းများများ ကို လေးစား လိုက်နာရန် တာဝန်ရှိသည်။ ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေ ပြင်ဆင်ချက် ၃(ခ) အရ နိုင်ငံတကာ ဥပဒေနှင့် စံချိန်စံညွှန်းများဖြင့် ညီအောင် ဆောင်ရွက် ပေးဖို့ တာဝန်ရှိကြောင်း ပြဌာန်း ထားသည်။ လက်ရှိ ရာဇသတ်ကြီးပုဒ်မ ၅၀၅ နှင့် တရားစွဲဆိုမှုများက ယင်း တည်ဆဲဥပဒေ၏ အနှစ်သာရကို ဖျက်ဆီး ကျူးလွန်နေသည်။ မြန်မာပြည်တွင်း ဥပဒေများ အရ နိုင်ငံ တကာ မူများကို သာမက အခြားနိုင်ငံများမှ ထုတ်ပြန်ချက်များ၊ အခြေခံမူများ၊ အယူအဆများကိုပင် ထည့်သွင်း စဥ်းစားပေးမည်ဖြစ်ကြောင်း တရားစီရင်ထုံးတွင် တွေ့ရသည်။ ခုခံ ချေပရာတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ထုတ်ပြန်ချက်များ၊ အခြေခံမူများကိုသာမက အခြားနိုင်ငံများမှ ထုတ်ပြန်ချက်များ၊ အခြေခံမူများ၊ အယူအဆများကို ကိုးကားနိုင်ကြောင်း“ဒေါ်စီစီနှင့် ပြည်ထောင်စုမြန်မာနိုင်ငံစီရင်ထုံး(၁၉၆၄)BLR၈၇၆)” တွင် ဆုံးဖြတ်ထားပြီးဖြစ်သည်။ ရာဇသတ်ကြီးပုဒ်မ ၅၀၅ သည် ပြည်တွင်း ဥပဒေအရပင် အလေးထားရန် ရှိသော နိုင်ငံတကာဥပဒေစံနှုန်းများ ကို အတိအလင်း ဆန့်ကျင် နေသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များကဏ္ဍပုဒ်မ ၃၅၄ ၌ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးဌာ ပြဌာန်းထားသည့်ဥပဒေများ နှင့် မဆန့်ကျင်လျှင် မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသား ဖြန့်ဝေခွင့် နှင့်ပတ်သက်ပြီး အောက်ပါအခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့် နှင့် လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် ရှိသည် ဟု အတိအလင်းဖော်ပြပါရှိသည်။

နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရား အစရှိသည် တို့ကို မြန်မာစစ်တပ်က ထိပါးချိုးဖောက်ခဲ့ခြင်း အပေါ် ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ပြီး မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေကြသည်ကိုပင် ပြစ်မှုကျူးလွန် စေရန် လှုံ့ဆော်ကြောင်း ဖွင့်ဆို ကာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅   ပြင်ဆင်ချက် ကို ထပ်တိုးဖြည့်သွင်း ဖမ်းဆီး ထောင်ချနေခြင်းဖြစ်သည်။

ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခြင်းဆိုင်ရာဥပဒေပုဒ်မ၁၆ က ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းကို ဖြိုခွင်းရာတွင် အလွန့်အကျွံ အင်အား မသုံးရန် တားမြစ်ထားသည်။ နိုင်ငံသူနိုင်ငံသားများသည် မိမိတို့၏ဆန္ဒကို ဖော်ထုတ်ခွင့်ရှိသည်။ ဆန္ဒဖော်ထုတ် ခြင်းအား တားဆီးကန့်ကွက်ခွင့် မရှိပါ။  စီတန်းလှည့်လည်သူတွေကို စိတ်ငြိုငြင်စေခြင်း နှောင့်ယှက်ဖျက်ဆီးဟန့်တားခြင်း၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း၊ ဘေးအန္တရာယ်ဖြစ်ပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည် ဟု  ဥပဒေပုဒ်မ ၁၈ က ပြဌာန်းထားသည်။

ထို့ပြင် ငပိန်နှင့် ပြည်ထောင်စု မြန်မာ နိုင်ငံစီရင်ထုံး ၁၉၅၃ (SC) 116a တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေး ကို တောင်းဆို ပိုင်ခွင့် ရှိကြောင်း အထင်အရှား စီရင် ဆုံးဖြတ် ပေးထားသည်။ ထိုမျှမက  ဦးထွေး(ခ) အေအီး မက်ဒရစ် နှင့် ဦးထွန်းအုံးပါ ၁ ၁၉၄၈ ၊BLR541၊ ၅၆၀-၆၁ တွင်  မည်သည့် ဥပဒေ သို့မဟုတ် မူဝါဒ သည် မြန်မာ နိုင်ငံ ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ၊ မရှိ စစ်ဆေး စီစစ်ရန်တောင်းဆို ဆောင်ရွက်ခွင့် ရှိကြောင်း ကိုလည်း အထင်အရှား စီရင် ဆုံးဖြတ် ပေးထားသည်။

လွပ်လပ်စွာထုတ်ဖော် ပြောဆိုရေးသားခွင့်သည် နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်ဖြစ်သည်။ အာဏာ သိမ်းစစ်တပ်က ရာဇသတ်ကြီးပုဒ်မ ၅၀၅ ကို လိုသလို ပြင်ဆင်ကာ တရားစွဲဆိုရန်  အသုံးပြုနေပုံမှာ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်ကိုပင် နိုင်ငံတော် ဆူပူမှု နှင့် ပြစ်မှုကျူးလွန်စေရန် လှုံ့ဆော်ခြင်းအဖြစ် တရားဝင် ဖွင့်ဆိုသတ်မှတ်ခြင်း ဖြစ်သည်။ ရာဇသတ်ကြီးပုဒ်မ ၅၀၅ ကို ထပ်မံ ပြင်ဆင် လိုက်ခြင်းသည် မိမိတို့၏ တာဝန်ရှိမှုမှ ပြေးထွက် ပုန်းကွယ်ရန် အကာအကွယ် ယူခြင်းဖြစ်သည်။ ထိုပုဒ်မ သည် ပြည်သူလူထု၏ ရပိုင်ခွင့်များကို ချိုးဖောက်၊ ဖိနှိပ်ရန်အတွက်  ပြင်ဆင်ပြီး ယခင်ကတည်းက အခြားဆက်စပ် တည်ဆဲ ဥပဒေအားလုံး နှင့် အငြင်းပွားဖွယ်ရာ တခုအဖြစ်ရှိနှင့်ပြီးဖြစ်ကြောင်း လေ့လာသုံးသပ်သည်။

ရည်ညွန်းကိုးကားချက်များ

ဥပဒေ နှင့် စီရင်ထုံး များ

-Indian Penal Code in 1886

-Indian Code of Penal Procedure 1861

-Indian Evidence Act 1872

-U Tu Jar, The Criminal Justice System in Myanmar, Keow Law Journal No. 27, 2032.10, P.55-62

-ရာဇသတ်ကြီးကို ပြင်ဆင်သည့်ဥပဒေ, နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် (၅/ ၂၀၂၁)

-မြန်မာနိင်ငံ ရာဇသတ်ကြီး ၁၈၆၀

-အကြမ်းဖက်မှုတိုက်ဖျက်မှု ဥပဒေ ၂၀၁၄

-ပုံနှိပ်ထုတ်၀ေ ခြင်း ဆိုင်ရာ ဥပဒေ ၂၀၂၁ 

-သတင်းမီ ဒီယာ ဉပဒေ ၂၀၁၄

– ဆက်သွယ်ရေး  ဥပဒေ ၂၀၁၃ 

-အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ၂၀၀၄

– နိင်ငံရေး ပါတီ များ မှတ်ပုံ တင်ခြင်းဥပဒေ ၂၀၁၁ 

 -တပ်မတော် အက်ဥပဒေ ၁၉၅၉ 

 -ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေ ၂၀၁၇

 -ဒေါ်စီစီ နှင့် ပြည်ထောင်စု မြန်မာ နိင်ငံ စီရင်ထုံး (၁၉၆၄) BLR ၈၇၆)

 -ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) | နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး. (n.d.).    Www.constitutionaltribunal.gov.mm. Retrieved August 4, 2023, from  https://www.constitutionaltribunal.gov.mm/lawdatabase/my/law/15

အပြည်ပြည်ဆိုင်ရာ ကွန်ဗင့်ရှင်း နှင့် ပဋိညဥ်များ

-အပြည်ပြည်ဆိုင်ရာ လူ့ရပိုင်ခွင့်ကြေညာစာတမ်း

-အပြည်ပြည်ဆိုင်ရာ ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာ ချုပ် (ICCPR)

-အာဆီယံလူ့ရပိုင်ခွင့်ကြေညာစာတမ်း ASEAN Human Rights Declaration

-ဥရောပသမဂ္ဂ လူ့ရပိုင်ခွင့်နှင့် အခြေခံ လွတ်လပ်မှုများ ကာကွယ်စောင့်ရှောက်ရေး သဘောတူစာချုပ် (CPHRFF/ECHR

 -အာဖရိက လူသားနှင့်ပြည်သူ့အခွင့်အရေးများ ပဋိညာဥ် (ACHPR)

ဆောင်းပါးများနှင့် စာအုပ်စာတမ်းများ

-Sebba, L. (1999). The creation and evolution of criminal law in colonial and post-colonial societies. Crime, History and Societies, 3(1), 71–91. https://doi.org/10.4000/chs.936

-Ross, W. E., Jr. Empirical analysis of the Negro-to-Black conversion experience. Paper presented at the First Conference on Empirical Research in Black Psychology, Ann Arbor, June, 1974.

-Morris, H.F., A History of the adoption of codes of criminal law and procedure in British colonial Africa, 1876-1935, Journal of African Law, 1974, 18, p. 6-23.

Leslie Sebba, The creation and evolution of criminal law in colonial and post-colonial societies,1999,P7

-Rudyard Kipling, Sea to Sea and Other Sketches, 1899

-Pasuna, C. (2022, April 21). ระบอบอาณานิคมของอังกฤษ: พิเคราะห์การปกครองอาณานิคมในพม่าและแหลมมลายู ระหว่างคริสต์ศตวรรษที่ 19-20. https://so05.tci-thaijo.org/index.php/polscicmujournal/article/view/247427

-Zahed, I. U. M. (2021). The State against the Rohingya: Root Causes of the Expulsion of Rohingya from Myanmar. Politics, Religion & Ideology, 1–25. https://doi.org/10.1080/21567689.2021.1995716

-Albert, E. (2020, January 23). The Rohingya crisis. Council on Foreign Relations. https://www.cfr.org/backgrounder/rohingya-crisis

-Kadish, S.H., Codifiers of the criminal law : Wechsler’s predecessors, Columbia Law Review, 1978, 78, p. 1098-1144.

-Chan Wing Cheong, Criminal Law in Myanmar, Michael Hor, Mark McBride, Neil Morgan, Stanley Yeo, LexisNexis 2016.

-Min Aung Hlaing | Biography, Military, & Facts | Britannica. (n.d.). Www.britannica.com. https://www.britannica.com/biography/Min-Aung-Hlaing

-NUG expands commission of enquiry looking into military crimes. (n.d.). Mizzima Myanmar News and Insight. https://mizzima.com/article/nug-expands-commission-enquiry-looking-military-crimes

-Associated Press & Associated Press. (2023, January 24). Myanmar military in spotlight as genocide, war crimes lawsuit filed by citizens, rights group. South China Morning Post. https://www.scmp.com/news/asia/southeast-asia/article/3207886/myanmar-military-spotlight-genocide-war-crimes-lawsuit-filed-citizens-rights-group

-လူသိနည်းသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဘ၀ဇာတ်ကြောင်း. (n.d.). Mizzima Myanmar News and Insight. https://www.mizzimaburmese.com/article/108367?fbclid=IwAR2EiRNFVSXCVJ5H2htWiNV4S3_-boOapwIe0RrZPvOu9wqZ7tjMufNIfFY

-Junta leader says ICJ lawsuit aims to harm Myanmar’s military. (n.d.). Mizzima Myanmar News and Insight. https://www.mizzima.com/article/junta-leader-says-icj-lawsuit-aims-harm-myanmars-military

-New report: 505A Act of revenge – Free Expression Myanmar. (2022, January 31). https://freeexpressionmyanmar.org/505a-act-of-revenge/

-Gunatilleke, G. (2020). Justifying limitations on the freedom of expression. Human Rights Review, 22(1), 91–108. https://doi.org/10.1007/s12142-020-00608-8

သတင်းများ

-ခင်မျိုးသက်. (2021, September 28). ပုဒ်မ ၅၀၅ အကျဉ်းသားတွေ အမှုထပ်တိုးခံရ. ဗွီအိုအေ. https://burmese.voanews.com/a/myanmar-political-prisoners-face-more-charges/6247846.html

-ခက်မာ. (2021, September 21). ပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲထားမှု အပြစ်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ငြင်းဆို. Radio Free Asia. https://www.rfa.org/burmese/news/dassk-denied-military-accuse-09212021065511.html

-BBC News မြန်မာ. (2021, September 21). ဦးညီပု အဂတိမှုအတွက် ရှေ့နေပါဝါတင်၊ ပုဒ်မ ၅၀၅ ( ခ )အတွက် ဦးညီပုကို စက်တင်ဘာ ၂၈ ရက် ရုံးချိန်းမှာ စစစ်ဖို့ရှိ. BBC News မြန်မာ. https://www.bbc.com/burmese/58639331

-Myanmar Transparency News. (2023, July 8). ပုဒ်မ ၅၀၅(က) နဲ့ ဖမ်းဆီးထားတဲ့ အနုပညာရှင် ၄ ဦးနဲ့ သတင်းစာဆရာကိုကျော်မင်းဆွေ ပြန်လည် လွတ်မြောက် – Myanmar Transparency News. Myanmar Transparency News – Daily Hot News. https://www.mtnewstoday.com/?p=27723

-Narinjara News. (n.d.). ပုဒ်မ ၅၀၅-က ဖြင့်တရားစွဲဆိုခံထားရသည့် ကျောက်တော်မှ ဦးဇော်ဝင်းအပါအဝင် ၃ ဦးကို လာမည့်ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ပေးမည်. https://burmese.narinjara.com/news/detail/63fde7dd24c6660813e2ea9a

-YMG Editor. (2022, February 10). သက်တော်စောင့်ချယ်ရီထက်ကို ပုဒ်မ၅၀၅ (က) အမှုအတွက် နောက်တစ်ပတ်တွင်စစ်ဆေးမည်. https://yangonmediagroup.com/index.php/myanmar/2988-2022-02-10-09-07-15

-ဦးမြအေးကို အခုလအတွင်း အပြီးသတ် အမိန့်ချဖွယ်ရှိ. (2022, February 10). Radio Free Asia. https://www.rfa.org/burmese/news/court-will-sentence-mya-aye-02102022071602.html#.YgUDcsr9H8M.twitter

-Shan. (2021, March 11). ကွတ်ခိုင်ဆေးရုံ မွေးဖွားခွင့်ယူထားသည့် ဒေါက်တာဒေါ်ချမ်းမြေ့လင်း ကို စစ်ကောင်စီ က ဖမ်းဆီး. SHAN News (Burmese). https://burmese.shannews.org/archives/21230

Download PDF: