အာဏာသိမ်းစစ်ကောင်စီ၏ အင်တာနက်လွတ်လပ်မှုအပေါ် ချုပ်ခြယ်ကန့်သတ်မှုများ
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းခံခဲ့ရပြီး နောက်ပိုင်း မြန်မာပြည်သူများ၏ အခြေခံ လူ့ရပိုင်ခွင့်များ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခွင့်၊ သတင်းမီဒီယာလွတ်လပ်ခွင့် အပါအဝင် အင်တာနက်လွတ်လပ်ခွင့်တို့သည် ဆိုးရွားစွာ ဖိနှိပ်ခံနေရသည်။ Freedom House မှ ထုတ်ပြန်သော ၂၀၂၁ ခုနှစ်အတွင်း “ Freedom on the Net” စာတမ်းအရ မြန်မာနိုင်ငံသည် အင်တာနက်လွတ်လပ်ခွင့် ကျဆင်းမှုတွင် အလှမ်းအကျယ်ဆုံးနှင့် အကျဆင်းဆုံးနိုင်ငံဖြစ်သည်။ အင်တာနက်လွတ်လပ်ခွင့်အား တိုင်းတာရာတွင် အချက် (၃) ချက်ဖြင့် ချိန်ထိုးကြည့်ကြသည်။ (၁) အင်တာနက်သုံးစွဲမှုအပေါ် တားဆီးပိတ်ပင်ခြင်း၊ (၂) အင်တာနက်အသုံးပြုသူများ၏ ရေးသားတင်ပြသည့် အကြောင်းအရာများအား ကန့်သတ်ထိန်းချုပ်ခြင်း၊ (၃) အသုံးပြုသူများ၏ အခွင့်အရေးချိုးဖောက်ခြင်းတို့ဖြစ်သည်။ Freedom House နှင့် Free Expression Myanmar မှ ထုတ်ဝေသော ၂၀၂၁ ခုနှစ် “ Freedom on the Net” စာတမ်းအရ မြန်မာနိုင်ငံ၏ အင်တာနက်လွတ်လပ်ခွင့်သည် လွန်ခဲ့သည့် ၄ နှစ်အတွင်း ဆက်တိုက်ကျဆင်းလာကာ ယခုနှစ် ၂၀၂၁ ခုနှစ်တွင် ပေးမှတ် ၁၀၀ ၌ ၁၇ မှတ်သာ ရရှိခဲ့သည်။
(၁) အင်တာနက်သုံးစွဲနိုင်မှုအပေါ် တားဆီးပိတ်ပင်ခြင်း
ဖေဖော်ဝါရီလ ၁ ရက်နေ့သည် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အပေါ် အခြေခံပြီး တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေးအား ကျင်းပရမည့်အချိန် ဖြစ်သည်။ သို့သော် ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်ခင်း အာဏာမသိမ်းခင် နာရီပိုင်းအလို သန်းခေါင်ယံကျော်အချိန်မှာပင် စစ်တပ်အရာရှိများက အင်တာနက်စင်တာ (Centers of Internet Providers) များကို ဝင်ရောက်စီးနင်းကာ နိုင်ငံနှင့်အဝန်း အင်တာနက်လိုင်းများအားလုံးဖြတ်တောက်ရန် သေနက်ထောက်စေခိုင်းခဲ့သည်။ ၁ ရက်နေ့မနက်ခင်းတွင်ပင် နိုင်ငံအဝန်း စစ်တပ်ပိုင် မြဝတီတီဗီလိုင်းမှလွဲ၍ အင်တာနက်လိုင်း၊ မိုဘိုင်းဖုန်းလိုင်း၊ ရေဒီယိုလိုင်း၊ နှင့် ကျန်တီဗီလိုင်းများအား ဖြတ်တောက်ပစ်ခဲ့သည်။ နေ့လယ်ခင်းပိုင်တွင် အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများ ပြန်ဖွင့်ပေးခဲ့သော်လည်း ဖေဖော်ဝါရီလ ၆ ရက်နေ့မှ ၇ ရက်နေ့အတွင်း နိုင်ငံတစ်ဝန်းလုံး၌ နာရီပေါင်း ၃၀ ဝန်းကျင် ဒုတိယအကြိမ် ထမ်မံ ဖြတ်တောက်ခဲ့သည်။ စစ်တပ်၏ ရခိုင်ပြည်နယ်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများအား ဖုံးကွယ်ရန် ၂ နှစ်နီးပါး အင်တာနက် ဖြတ်တောက်ထားခဲ့သော ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့အား ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် 4G အင်တာနက် ပြန်ဖွင့်ပေးခဲ့သည်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှစတင်ကာ အင်တာနက်လိုင်းများ၊ ကြိုးမဲ့ဝိုင်ဖိုင် (Wireless Wi-Fi) နှင့် ဖိုင်ဘာ အင်တာနက် (fiber internet) များကို ည ၁ နာရီမှ မနက် ၉ နာရီ ဖြတ်တောက်ထားခဲ့ခြင်းသည် မတ်လ ၁၅ ရက်နေ့မှ စတင်ကာ ၂၄ နာရီ တစ်နိုင်ငံလုံး မိုဘိုင်းအင်တာနက် (Mobile Internet) များ ဖြတ်တောက်ပစ်ခဲ့သည်။ ထိုအင်တာနက် ဖြတ်တောက်မှုသည် ၁ လ ခွဲကျော်ရှည်ကြာပြီး ဧပြီလ ၂၈ ရက်နေ့ထိဖြစ်သည်။ စစ်ကောင်စီသည် အင်တာနက်လိုင်း ဖြတ်တောက်ခြင်းဖြင့် အာရှင်တော်လှန်သော လူထုလှုပ်ရှားမှုများ လျော့ကျသွားရန် ရည်ရွယ်သောကြောင့်ဖြစ်သည်။
မတ်လ ၃၀ ရက်နေ့တွင် ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ပဲခူးမြို့နယ် ၎င်းနယ်နိမတ်အတွင်း ဖိုင်ဘာကေဘယ် (Fiber Cable) ကြိုး သွယ်တန်း၍ အင်တာနက်၊ ဝိုင်ဖိုင် ဝန်ဆောင်မှုများရယူနေသော နေအိမ်များ၏ စာရင်အား ရက်ကွက်အမည်၊ လမ်းအမည်နှင့် သုံးစွဲသူအမည်များကို ဆက်သွယ်ရေး ကုမ္ပဏီများထံမှ အချက်အလက်တောင်းခံခဲ့သည်။ မေလတွင် အင်တာနက်ဝန်ဆောင်မှုများကို ပြန်လည်ဖွင့်ပေးခဲ့သော်လည်း Facebook အပါအဝင် ဝက်ဘ်ဆိုင်ဒ်အတော်များများအား ဆက်လက်ပိတ်ထားကာ သုံးစွဲသူများမှာ virtual Private Network ခေါ် (VPN) ခံ၍ သုံးနေရဆဲဖြစ်သည်။
Whitelist ထုတ်ပြန်ခြင်း
မေလတွင် စစ်ကောင်စီမှ Whitelist ဟုခေါ်သည့် ကင်းလွတ်စာရင်းပြုလုပ်ကာ သုံးစွဲသူများ၏ ကြည့်ရှု့မည့် အွန်လိုင်းစာမျက်နှာများ၊ ဒိုမိန်းများ (Domain) နှင့် ဝက်ဘ်ဆိုက်ဒ်များအား အကန့်အသတ်ပြုလုပ်ခဲ့သည်။ ပထမဆုံး အသုံးပြုန်ရန် ကင်းလွတ်ခွင့်ပါသော စာရင်းတွင် မိုဘိုင်းဘဏ်ကင်း (Moblie Banking) နှင့် သက်ဆိုင်သော Application များဖြစ်သည်။ ထိုစာရင်းတွင် Tinder, We Chat, Grab, WhatsApp နှင့် Instagram တို့ ပါဝင်ခဲ့သော်လည်း Facebook,Twitter, နှင့် Wikipedia တို့အား ဆက်လက်ပိတ်ထားဆဲဖြစ်သည်။ စီးပွားရေးနှင့် သက်ဆိုင်သော Apps ၃၀၀ ကျော်၊ ဖျော်ဖြေရေး၊ ဂိမ်းနှင့်သက်ဆိုင်သော ၆၀ ကျော်၊ ပညာရေးနှင့် သက်ဆိုင်သောဝက်ဘ်ဆိုက်ဒ် ၁၀ ခုကျော် စသည်တို့ကိုသာ ခွင့်ပြုပြီး Wikipedia အပါအဝင် ထောင်ပေါင်းများစွာသော ဝက်ဘ်ဆိုက်ဒ်များ၊ Apps များအား ကန့်သတ်ပိတ်ဆို့လိုက်သည်။
ဇွန်လတွင် စစ်ကောင်စီ၏ ပြန်ကြားရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သုံးစွဲသူများ၏ အများဆုံးရှာဖွေကြည့်ရှုသော ဝက်ဘ်ဆိုက်ဒ်များအား စောင့်ကြည့်ခိုင်းခဲ့ပြီး ဆက်သွယ်ရေးကုမ္ပဏီများလည်း ၎င်းတို့၏ whitelist plan အားလိုက်နာဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။
အင်တာနက်လွတ်လပ်ခွင့်ကို ပိုမိုဖိနှိပ်မည့် ဆိုက်ဘာလုံခြုံရေး ဥပဒေမှုကြမ်း
တရားမဝင် အာဏာသိမ်းထားသည့် စစ်ကောင်စီ၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ဖေဖော်ဝါရီလ ၉ ရက်နေ့စွဲဖြင့် ဆိုက်ဘာလုံခြုံရေး ဥပဒေ (မူကြမ်း) ဆိုသည့် ဒီမိုကရေစီလုပ်ထုံးလုပ်စဉ်များနှင့် ဆန့်ကျင်သော ထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ကာ မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများနှင့် ဆက်သွယ်ရေးဝန်ဆောင်မှု လိုင်စင်ရရှိသူများကို သဘောထား မှတ်ချက်တောင်းခံခဲ့သည်။ ဒီဂျစ်တယ်လွတ်လပ်ခွင့်အား ပိုမိုဖိနှိပ်မည့် ထိုဥပဒေမူကြမ်းတွင် (၁) စစ်ကောင်စီအား အလုံးစုံသော အင်တာနက်ထိန်းချုပ်ခွင့် ပေးထားခြင်း၊ (၂) သုံးစွဲသူများ၏ အချက်အလက်များအား အာဏာပိုင်များမှ အချိန်မရွေး ရယူပိုင်ခွင့်ပြုခြင်း (၃) အင်တာနက်နှင့် မိုဘိုင်းဖုန်းလိုင်းများအား ထိန်းချုပ်ခွင့်ပေးခြင်း နှင့် (၄) ပြဌာန်းဥပဒေများအား မလိုက်နာပါက ထောင်ဒဏ် ၃ နှစ်နှင့် ငွေဒဏ်ချမှတ်ခြင်းများ စသည့် နိုင်ငံတကာ စံနူန်းနှင့် မကိုက်ညီသည့်အချက်များပါဝင်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည့်အချိန်တွင် ရုတ်တရက် အင်တာနက်ဖြတ်တောက်လိုက်ခြင်း
ဇွန်လ ၄ ရက်နေ့ ညနေ ၅ နာရီ အမျိုးသားညီညွတ်ရေးအစိုးရ NUG မှ အွန်လိုင်းမှတဆင့် ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည့် အချိန်၌ စစ်ကောင်စီမှ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အင်တာနက် ထပ်မံဖြတ်တောက်ခဲ့သည်။ အမည်မဖော်လိုသည့် ဆက်သွယ်ရေး ကုမ္ပဏီတစ်ခု၏ ဝန်ထမ်းတစ်ဦးမှ အင်တာနက်လိုင်းများ တစ်နာရီကြာ ဖြတ်တောက်ထားရန် အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီများကို စစ်ကောင်စီမှ ညွှန်ကြားခဲ့ကြောင်း RFA သို့ ပြောကြားခဲ့သည်။
ဒေသအလိုက်အင်တာနက် ဖြတ်တောက်ခြင်းများ
စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲများ စစ်ကောင်စီမှ ရက်စက်စွာ ပစ်ခတ် ဖမ်းဆီးမှုများပြုလုပ်ခဲ့ပြီးနောက် လက်နက်ကိုင် တော်လှန်ရေးသည် လူထု လွတ်မြောက်ရေးအတွက် ရွေးချယ်စရာဖြစ်လာသောအခါ မြန်မာနိုင်ငံအလယ်ပိုင်း မြေပြန့်ဒေသများ အပါအဝင် တနိုင်ငံအတိုင်းအတာဖြင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ နေရာဒေသ အသီးသီးတွင် ပေါ်ပေါက်လာသည်။ ထိုဒေသအခြေစိုက် PDF များနှင့် စစ်ကောင်စီလက်အောက်ခံတပ်များကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားလာပြီးနောက် ဒေသသတ်မှတ်၍ အင်တာနက်ဖြတ်တောက်ခြင်းများအား ပြုလုပ်လာခဲ့သည်။
သြဂုတ်လ ၂၀ ရက်နေ့မှ နိုဝင်ဘာလ ၃ ရက်နေ့အထိ စစ်ကောင်စီမှ အင်တာနက် ဖြတ်တောက်ထားသည့် မြို့နယ်ပေါင်း ၃၀ ရှိသည်။ ၎င်းတို့မှာ စစ်ကိုင်းတိုင်းတွင် ၁၃ မြို့နယ်၊ ချင်းပြည်နယ်တွင် ၉ မြို့နယ်၊ မကွေးတိုင်းတွင် ၄ မြို့နယ်နှင့် မန္တလေးတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ၂ မြို့နယ်စီ အသီးသီး ဖြတ်တောက်ခံထားရသည်။
ကချင်ပြည်နယ် ဖားကန့်ဒေသတွင် သြဂုတ်လ ၂၀ ရက်နေ့မှ စ၍ အင်တာနက်လိုင်းများ စတင်ဖြတ်တောက်ခဲ့ပြီး ယခု စာတမ်းရေးသားပြုစုနေသည့် အချိန်ထိ ဖြတ်တောက်ထားဆဲဖြစ်သည်။ အင်တာနက်ဖြတ်တောက်မှုကြောင့် သတင်းအချက်အလက် ရရှိမှု နှောင့်နှေးသွားပြီး ဒေသနေ ပြည်သူများ၏ လူမှုစီးပွားဘဝများ များစွာထိခိုက်နစ်နာနေသည်။ အင်တာနက်ပြတ်တောက်သွားသော ညပိုင်းတွင် ဖားကန့်မြို့နေ ပြည်သူအချို့အားလည်း ဝင်ရောက်ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ ဖားကန့်ဒေသအနီး လုံးခင်း၊ ဟွေခါးစသည့် အနီးတဝိုက်များပါ အင်တာနက် ဖြတ်တောက်ခံခဲ့ရခြင်းဖြစ်သည်။
ထို့နောက် စက်တင်ဘာလအတွင်းတွင် စစ်ကောင်စီတပ်များနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များ ကြားတိုက်ပွဲများ ပြင်းထန်လာသော စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း နှင့် ချင်းပြည်နယ်ရှိ ဒေသများတွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခဲဲ့သည်။ အချို့နေရာများတွင် အင်တာနက်လိုင်းများအပြင် ဖုန်းလိုင်းများပါဆက်သွယ်ရ ခက်ခဲလာကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီဒေသခံတစ်ဦး၏ RFA သို့ အင်တာဗျုး ဖြေကြားချက်အရ “ တယ်လီဖုန်းလိုင်းတွေက တော်တော်ဆိုးတယ်။ တစ်ခါပြောဖို့ နှစ်ကြိမ် သုံးကြိမ် လောက်ခေါ်ရတယ်။ ပြောရင်လည်း ပြတ်တောင်းပြတ်တောင်းနဲ့ ဘာမှ မကြားရဘူး။ အရေးအကြောင်းရှိလို့ ပြောမယ်ဆို ခေါ်လို့ကို မရဘူး။ အရင်ကတည်းက လမ်းပန်းဆက်သွယ်ရေးမကောင်းတဲ့ ဒေသမှာ အခုတော့ ဖုန်းလိုင်းတွေပါပျက်။ အင်တာနက်လိုင်းကတော့ လုံးဝကို မရ” ကြောင်း စက်တင်ဘာလ ၁၅ ရက်နေ့က ပြောဆိုခဲ့သည်။
ထို့အပြင် အင်တာနက် ဖြတ်တောက်ထားခံနေရသော စစ်ကိုင်းတိုင်း အရာတော်တွင် စစ်ကောင်စီမှ ၎င်းတို့အား ဆန့်ကျင့်နေသည့် ရွာ (၁၅) ရွာအား ရွေ့ပြောင်းပစ်မည်ဟု ခြိမ်းခြောက်ခြင်းများ၊ ဝါဒဖြန့်စာစောင်များလိုက်ဝေခြင်းများ မန္တလေးတိုင်း မြင်းခြံခရိုင်တွင် အင်တာနက်ဖြတ်တောက်ပြီးနောက် ကျေးရွာများအားဝင်စီးကာ ပြည်သူများအား အကြမ်းဖက် ဖမ်းဆီးနှိပ်စက်ခြင်းများ ပြုလုပ်ကြောင်း သိရသည်။
(၂) အင်တာနက်အသုံးပြုသူများ၏ ရေးသားတင်ပြသည့် အကြောင်းအရာများအား ကန့်သတ်ထိန်းချုပ်ခြင်း
ဖေေဖော်ဝါရီလ ၁၃ ရက်နေ့တွင် စစ်ကောင်စီမှ နိုင်ငံအတွင်း သတင်းမီဒီယာ ၃၀ ၏ ဝက်ဘ်ဆိုက်ဒ်များ၊ Justic for Myanmar ၏ ဝက်ဘ်ဆိုက်ဒ်နှင့် ကိုရိုနာဗိုင်းရပ်စ် (covid 19) သတင်းအချက်အလက်ပေးဆော့ဝဲလ်တို့ကို ပိတ်ချခဲ့သည်။ တယ်လီနော်မြန်မာ၏ ထုတ်ပြန်ချက်အများအရ ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်ကာ ၁၀၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄ ရက်များတွင် IP address နှင့် ULRs များအား ပိတ်ချခဲ့သည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် စစ်ကောင်စီ ထိန်းချုပ်ထားသော ပို့ဆောင်ဆက်သွယ်ရေးနှင့် ပြန်ကြားရေး ဝန်ကြီးဌာမှ Facebook, Instagram, Whatsapp, and Messenger တို့အား ၄ ရက်ကြာပိတ်ထားရန် မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများ international Gate Away ဆောက်ရွက်ခွ်င့် ရသူများနှင့် Internet Service Providers (ISP) များအား ညွှန်ကြားခဲ့သည်။ ဖေ့စ်ဘွတ်လူမှုကွန်ရက်စက်မျက်နှာအာား ၄ ရက်ကြာ ယာယီဖြတ်တောက်ရန်ဟု ထုတ်ပြန်ခဲ့သော်လည်း အာဏာသိမ်းပြီး ၁၀ လအကြာ ယခုအချိန် နိုဝင်ဘာလအထိ ဆက်လက်ပိတ်ထားဆဲဖြစ်သဖြင့် လူမှုကွန်ရက်သုံးစွဲချင်သူများသည် VPN များကို ကြားခံထား၍ အသုံးပြုနေရဆဲဖြစ်သည်။
သတင်းမီဒီယာလွတ်လပ်ခွင့်အား ဖိနှိပ်ခြင်း
အာဏာသိမ်းပြီးနောက် စစ်ကောင်စီမှ သတင်းမီဒီယာလွတ်လပ်ခွင့်အား ကြီးမားစွာ ချိုးဖောက်ခဲ့သည်။ ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနမှ အမိန့်အမှတ် (၁/၂၀၂၁) ဖြင့် “ လူမှုကွန်ရက်ပေါ်တွင် ကောလာဟလ သတင်းများ ထုတ်ပြန်ခြင်း၊ ဆူပူမှုဖြစ်ပေါ်အောင် စည်းရှုံးလှုံ့ဆော်ခြင်း၊ မငြိမ်မသက်ဖြစ်စေရန် ကြေညာချက် ထုတ်ပြန်ခြင်းများ မပြုလုပ်ရန်နှင့် သတင်းမီဒီယာများအနေဖြင့် တည်ဆဲဥပဒေနှင့်အညီ အစိုးရနှင့်ပူးပေါင်းရန်” စာထုတ်ပြန်ကာ ကန့်သတ်ခဲ့သည်။ မတ်လ (၈) ရက်နေ့တွင် အာဏာသိမ်း စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနမှ လွတ်လပ်သော သတင်းမီဒီယာများဖြစ်သည့် DVB၊ Mizzima၊ ခေတ်သစ်မီဒီယာ၊ Myanmar Now နှင့် 7 Days သတင်းဌာနများ၏ ထုတ်ဝေခြင်းလုပ်ငန်းလိုင်စင်များအား ပိတ်သိမ်းခဲ့သည်။ ထို့နောက် ဧပြီလ ၂၀ ရက်နေ့တွင် တာချီလိတ်သတင်းဌာန၊ ဧပြီလ ၂၉ ရက်နေ့တွင် မြစ်ကြီးနားသတင်းဌာနနှင့် The 74 Media နှင့် အောက်တိုဘာလ ၄ ရက်နေ့တွင် Delta News Agency တို့အားလည်း လိုင်စင်များပိတ်သိမ်းခဲ့သည်။
သတင်းရေးသား တင်ဆက်သော သတင်းသမားများအား ဖမ်းဆီးကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)၊ ၅၀၅ (ခ)၊ ၅၀၅ (ဂ) ပုဒ်မများအပါအဝင် အမိန့်မနာခံမှု၊ ညမထွက်ရအမိန့်ဖောက်ဖျက်မှု စသည့်ပုဒ်မများတပ်၍ အမှုဖွင့် အရေးယူသကဲ့သို့ အချို့သော သတင်းသမားများကိုလည်း ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) တို့ဖြင့် ဖမ်းဝရမ်းထုတ်ထားသည်။
(၃) အသုံးပြုသူများ၏ အခွင့်အရေးချိုးဖောက်ခံရခြင်း
စစ်အာဏာသိမ်းမှုအား ဆန့်ကျင်သော ကမ်ပိန်းများကို မြေပြင်တွင် သာမက အွန်လိုင်းပေါ်တွင်လည်း ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ခဲ့ကြသည်။ စစ်ကောင်စီသည် ၎င်းတို့အား ဆန့်ကျင်သူများအား ဖိနှိပ်ရန် အင်တာနက် ဖြတ်တောက်ခြင်းဖြင့် မလုံလောက်ဘဲ ဆိုရှယ်မီဒီယာ သုံးစွဲသူများ၏ ဖုန်းများအားစစ်ဆေးခြင်း၊ လူမှုကွန်ရက်ပေါ်တွင် အာဏာရှင်ဆန့်ကျင်မှု ရေးသားသော ပို့စ်တင်သူများအား အရေးယူခြင်းများ လုပ်ဆောင်ခဲ့သည်။ လူမှုကွန်ရက်ပေါ်တွင် လူသိများထင်ရှားသော ရုပ်ရှင်၊ ကဗျာ၊ စာပေ၊ ဂီတ၊ သဘင် အနုပညာရှင်များ၊ Social Influencers များအပါအဝင် နယ်ပယ်အသီးသီးမှ ထင်ရှားသူများအား အာဏာရှင်ဆန့်ကျင်ရေးပိုစ့်များ ရေးသာပါက ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် ဝရမ်းထုတ်ကာ ဖမ်းဆီးထောင်ချသည်။ ထို့ပြင် အာဏာရှင် ဆန့်ကျင်ရေးအတွက် အမိန့်ဖီဆန်ရေး လှုပ်ရှားမှု (Civil Disobedience Movement) ပြုလုပ်ထားသည့် ဝန်ထမ်းများကို CDM တွင် ပါဝင်ရန် အခြားသူများအား မက်ဆင်ဂျာမှ တဆင့် စည်းရုံးလှုံ့ဆော်သည် ဟူသော စွပ်စွဲချက်များဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)၊ ၅၀၅(ခ)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ-၅၂ (က) တို့ဖြင့် ဖမ်းဆိးအရေးယူခဲ့သည်။
NUG ပရိုဖိုင်ချိန်းထားခြင်းကြောင့် ချင်းပြည်နယ်ရှိ လူငယ် ၄ ဦးအား ဖမ်းဆီးခဲ့ခြင်း
သြဂုတ်လ ၁၁ ရက်နေ့တွင် စစ်ကောင်စီမှ “ Accept NUG-Reject Military” ဆိုသည့် စာသားဖြင့် ဖေ့စ်ဘွတ်လူမှုကွန်ရက်ပေါ်တွင် ပရိုဖိုင် ပြောင်းလဲထားသူများအား စနစ်တကျပြုစုထားရန် အမိန့်ညွှန်ကြားခဲ့သည်။ ကုလသမဂ္ဂမှ အမျိုးသားညီညွတ်ရေး အစိုးရအား အသိအမှတ်ပြုရေး လူထုပါဝင်သော အွန်လိုင်းကမ်ပိန်းပြုလုပ်ပြီးနောက် ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်၊ ခြန်းပြန်းရွာမှ လူငယ် (၄) ဦးအား စစ်ကောင်စီမှ NUG ပရိုဖိုင်ချိန်းထားခြင်းကြောင့်ဟုဆိုကာ ဖမ်းဆီးခဲ့သည်။ အဖမ်းဆီးခံခဲ့ရသူများအား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ-၅၂ (က) ဖြင့် တရားစွဲဆိုပြီးနောက် သြဂုတ်လ ၂၀ ရက်နေ့ ညနေ ၆ နာရီတွင် ပြန်လည်လွှတ်ပေးခဲ့သည်။
KPay အကောင့်များ အပိတ်ခံရခြင်းနှင့် သုံးစွဲသူအား ဖမ်းဆီးခြင်း
စစ်ကောင်စီ အာဏာသိမ်းပြီးကတည်းက အင်တာနက်များ ဖြတ်တောက်ထားခြင်းကြောင့် ငွေကြေးဆိုင်ရာ လုပ်ငန်းများ အခက်ခဲဆုံး ဖြစ်နေပြီး မိုဘိုင်းဘဏ်ဝန်ဆောင်မှု သုံးစွဲသော ပြည်သူများ၏အကောင့်များအား ပိတ်ပင်တားဆီးနေခြင်းများလည်း ပြုလုပ်နေခဲ့သည်။ စစ်အာဏာသိမ်းပြီးမှစ၍ ဘဏ်များတွင် ငွေသားထုတ်ယူရန် အင်မတန်ခက်ခဲခဲ့ပြီး ငွေကြေးအလွှဲအပြောင်းအတွက် အွန်လိုင်းမှ ငွေပေးချေစနစ်ကိုသာ မှီခိုနေရသည်။ ငွေအဝင်အထွက်များသော KPay ဘဏ်အကောင့်များအား စစ်ကောင်စီမှ စောင့်ကြည့်ကာ ဘဏ်နှင့်ပူးပေါင်း၍ အကောင့်ပိတ်ချသည်များ ပြုလုပ်လျက်ရှိသည်။ သာဓကအားဖြင့် တနင်္သာရီတိုင်း ထားဝယ်တက္ကသိုလ်၏ CDM ထောက်ပံ့ရေးကော်မတီမှ အလှူခံအသုံးပြုနေသည့် KPay အကောင့် ပိတ်သိမ်းလိုက်ရခြင်းနည်းတူ များစွာသော အကောင့်ပိတ်ခံရခြင်းများကို သုံးစွဲသူများကြား ကြုံတွေ့နေကြကြောင်းတွေ့ရှိသည်။ ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) များအား ထောက်ပံ့နေသည်ဟူသော စွပ်စွဲချက်များဖြင့် KPay, Wave Pay သုံးစွဲသူများအား စောင့်ကြည့်မှုများထဲတွင် စစ်ကိုင်းတိုင်း၊ ရွေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်မှ ပြည်သူ ၃ ဦးအား အကြမ်းဖမ်းမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) ဖြင့် စက်တင်ဘာလ ၃ ရက်နေ့တွင် ဖမ်းဆိး အရေးယူခဲ့သည်။
စစ်ကောင်စီပိုင် မိုင်တဲလ် (Mytel) ၏ လက်ဝါးကြီးအုပ်မှု
မိုင်တဲလ်အော်ပရေတာသည် ဇန်နဝါရီလ ၁၂ ရက်၊ ၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်နှင့် ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနတို့ ပူးတွဲဆောင်ရွက်သည့် နိုင်ငံတွင်း အဓိက စီးပွားရေးထောက်တိုင်များထဲမှ တစ်ခုအပါအဝင်အနေဖြင့် စစ်ကောင်စီအား အထောက်အပံ့ပြုနေသော လမ်းကြောင်းတခုဖြစ်သည်။ ဖေဖော်ဝါရီလ အာဏာသိမ်းပြီး ကာလမှစတင်ကာ မြန်မာပြည်သူလူထု အများစုသည် စစ်တပ်ပိုင်စီးပွားရေး ရင်းမြစ်များကိုနိုင်သည့်ဖက်မှနေ၍ စတင်ဆန့်ကျင် သိပိတ်မှောက်ခဲ့ကြသည်။ထိုထဲတွင် မိုင်တဲလ်သည်လည်း တခုအပါအဝင်ဖြစ်သည်။ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် တခြားသော ဆက်သွယ်ရေးကုမ္ပဏီများအနေဖြင့် စစ်ကောင်စီ၏ နိုင်ငံတကာ လူ့အခွင့်အရေးစံနူန်းများနှင့် မကိုက်ညီဘဲ ဖုန်းလိုင်းများအား ကြားဖြတ်ဖမ်းယူနိုင်သည့် စက်များတပ်ဆင်ခွင့်ပြုရေးစသည့် ဒီဂျစ်တယ်အခွင့်အရေး ချိုးဖောက်မှုများကြောင့် တယ်လီနောကုမ္ပဏီသည် ရှယ်ယာများရောင်းကာ ပြည်တွင်းမှထွက်ခွာရန် လုပ်ဆောင်နပြီးဖြစ်သည်။
တစ်ချိန်တည်းမှာပင် Ooredoo, Telenor နှင့် MPT သုံးစွဲသူ ပြည်သူများသည် Facebook၊ Wikipedia နှင့် အခြားသော ဝက်ဘ်ဆိုက်ဒ်နှင့် ဆော့ဝဲလ်များ သုံးဆွဲသောအခါ VPN ကြားခံထား၍ သုံးကြရသော်လည်း မိုင်တဲလ်သုံးစွဲသူများအနေဖြင့် စစ်ကောင်စီ ပိတ်ပင်ထားသည့် ထိုအရာများအား VPN မလိုအပ်ဘဲ အသုံးပြုနိုင်ခြင်း၊ Wacky Jacky (တနေ့တွင် ၈ ခေါက်ဖရီးဆော့ရသည့်) ဂိမ်းကိုထည့်သွင်းပြီး စျေးပေါပေါနှင့် ဆင်းကဒ်များရောင်းချခြင်း၊ အရောင်းဝန်ထမ်းများအားလည်း ဘောနပ်စ်ပေးပြီး promotion များချကာ အရောင်းတိုးမြှင့်ခြင်းများ၊ အင်တာနက်ပက်ကေ့ဂျ် 9Gb ကို ၉၉၉ ကျပ်တည်းဖြင့် ဝယ်ယူအသုံးပြုနိုင်ခြင်းစသည့် ဝန်ဆောင်မှုများပေးကာ ပြည်တွင်းတယ်လီကွန် စျေးကွက်အား ကြီးမားစွာ လက်ဝါးကြီးအုပ်ခွင့်ရသည်။ သို့ရာတွင် စစ်အာဏာရှင်ကို ဆန့်ကျင်သော ပြည်သူလူထု၏ ယနေ့အချိန်ထိ စစ်အုပ်စုနှင့် ပတ်သက်ဆက်နွယ်နေသည့် စီးပွားရေးထုတ်ကုန်များကို သပိတ်မှောက်ဆန့်ကျင်မှု အားကောင်းလျက်ရှိသောကြောင့် ဖေဖော်ဝါရီလမှ ဧပြီလအထိ အနည်းဆုံး အမေရိကန် ဒေါ်လာ ၂၄.၉ သန်းနှင့် သုံးစွဲသူအရေအတွက် ၂ သန်းကျော် ဆုံးရှုံးနစ်နာမှုများရှိခဲ့ကြောင်း Justice for Myanmar ၏ဖော်ပြချက်အရ သိရသည်။
စစ်အာဏာသိမ်းပြီးချိန်မှစ၍ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်၊ သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် အင်တာနက်လွတ်လပ်ခွင့်သည် မြန်မာပြည်သူလူထုအပေါ် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး ချိုးဖောက်ခံနေရသည်။ အင်တာနက် ဖြတ်တောက်ခြင်း မိုဘိုင်းဖုန်းလိုင်းများ ဖြတ်တောက်ခြင်းများကြောင့် ဒေသနေပြည်သူများ၏ သတင်းအချက်အလက်ရရှိနိုင်မှုမှာ လွန်စွာ အကန့်အသတ်ဖြစ်ပြီး နေ့စဉ်လူမှုစီးပွားဘဝကို များစွာထိခိုက်နေသည်။ ထို့အပြင် အင်တာနက် ရရှိနေသေးသော ဒေသများတွင်လည်း စစ်ကောင်စီမှ ထပ်မံ အင်တာနက်ဖြစ်တောက်မည်ကို စိုးရိမ်ပူပန်စွာ နေ့စဉ်ဘဝအား မသေချာသည့် အမှောင်ထုထဲတွင် ဖြတ်သန်းနေကြရပါသည်။
သုတေသနနည်းလမ်း
ဤသုတေသနစာတမ်းတွင် ထုတ်ဝေပြီးသော သုတေသနများ၊ အစီရင်ခံစာများ၊ ထုတ်ပြန်ချက်များအား ဖတ်ရှု့လေ့လာကာ သုံးသပ်ပြုစုထားသည်။ အချက်အလက်နှင့် ဖြစ်စဉ်များကို အွန်လိုင်းသတင်း မီဒိယာများမှ နေ့စဉ်စောင့်ကြည့်ကာ မှတ်တမ်းရယူသည်။ အင်တာနက် လွတ်လပ်ခွင့်အား ကဏ္ဍခွဲ လေ့လာရာတွင် Freedom House ၏ တိုင်းတာမှု သုံးရပ်ဖြစ်သော (၁) အင်တာနက်သုံးစွဲမှုအပေါ် တားဆီးပိတ်ခြင်း၊ (၂) အင်တာနက် အသုံးပြုသူများ၏ ရေးသားတင်ပြသည့် အကြောင်းအရာများအား ကန့်သတ်ထိန်းချုပ်ခြင်းနှင့် (၃) အသုံးပြုသူများ၏ အခွင့်အရေးချိုးဖောက်ခြင်းတို့ကို မှီငြမ်းကိုးကား၍ အသုံးပြုထားသည်။