လူပြောမများသော သမိုင်းကြောင်းနယ်မြေတစ်ခုထဲက မဖြေရှင်းရသေးတဲ့ ဗိုလ်ချုပ်ကြေးရုပ်ပြဿနာ
အခန်း ၁
၂။ သုတေသနနည်းလမ်းများ
တရားရုံးမှတ်တမ်းများ၊ အစိုးရအဖွဲ့နှင့် အရပ်ဘက် အဖွဲ့အစည်းများမှ ထုတ်ပြန်ချက်များ၊ ပင်မအရင်းအမြစ်များနှင့် ယုံကြည်ရသော သတင်းမီဒီယာရင်းမြစ်များကို အသုံးပြုကာ ဖြစ်စဉ်တစ်ရပ်လုံးကို မှတ်တမ်းပြုစုထားသည်။ သုတေသနကျင့်ဝတ်နှင့်အညီ အမှီအခိုကင်းစွာ၊ သမာသမတ်ကျစွာဖြင့် အပြီးသတ် ကောက်ချက်ချမှုအား ပြုလုပ်ထားသည်။
အဓိကအကြောင်းအရာဖြစ်သော ကြေးရုပ်ဆိုင်ရာ အငြင်းငွားမှုဖြစ်စဉ်ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ စုစုပေါင်း ၁၅ လတာ အချိန်အတိုင်းအတာအတွင်းမှ မှတ်တမ်းမှတ်ရာများအား ပြုစုဖော်ပြထားသည်။
သမိုင်းကြောင်းဆိုင်ရာနှင့် ပတ်သက်သော မှတ်တမ်းမှတ်ရာများ၊ အကိုးအကားများအတွက်မူ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖြန့်ချိခဲ့သော မြန်မာ့ယဉ်ကျေးမှု သုတေသနအသင်း (MCRS) ၏ ‘ကရင်နီပြည်သူများနှင့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထု’ စာတမ်းပါ အချက်အလက်များအား ကိုးကားဖော်ပြထားခြင်းဖြစ်ပါသည်။
အသံ – လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အဖွဲ့သည် တရားစွဲဆိုခံ ကရင်နီတက်ကြွလှုပ်ရှားသူ ခေါင်းဆောင်များ၏ တရားရုံးချိန်းများသို့ သွားရောက်ကာ အနီးကပ်လေ့လာခြင်း၊ ဆန္ဒထုတ်ဖော်မှုများကို အနီးကပ် သွားရောက်မှတ်တမ်းတင်ခြင်းများပြုလုပ်ခဲ့သည်။ လွိုင်ကော်မြို့၊ ဒီမောဆို၊ ဖရူးဆိုးမြို့နယ်များသို့ သွားရောက်ကာ ဖြစ်စဉ်နှင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပတ်သက်ဆက်နွယ်သည့် သက်ဆိုင်ရာ လူပုဂ္ဂိုလ်များအား ချဉ်းကပ်၍လည်း သုတေသနအင်တာဗျူးများ ပြုလုပ်ခဲ့သည်။
အခန်း (၂)
၁။ နိဒါန်း
ပြည်ထောင်စုနှင့် ဒေသဆိုင်ရာ အစိုးရများ၏ နိုင်ငံတစ်ဝှမ်း ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူမှုစီမံချက်များ၊ လုပ်ဆောင်ချက်များသည် ကရင်နီဒေသ လွိုင်ကော်မြို့သို့ ၂၀၁၈ ခုနှစ်အတွင်းက ရောက်ရှိလာခဲ့သည်။
အစိုးရမှ လွိုင်ကော်မြို့နယ်အတွင်း ကြေးရုပ်စိုက်ထူရန် အကြံညဏ်တောင်းခံစဉ်ကတည်းက ဒေသခံများ၊ လူငယ်ခေါင်းဆောင်များ၊ အရပ်ဘက် အဖွဲ့အစည်းများက ကန့်ကွက်ခဲ့ကြသော်လည်း ပြည်နယ်အစိုးရသည် ကြေးရုပ်စိုက်ထူနိုင်ရေးသာ အကြိမ်ကြိမ်ကြိုးစားခဲ့သည်။ ဗိုလ်ချုပ်ကြေးရုပ်ဟု ဆိုရာတွင် မြန်မာနိုင်ငံ လွတ်လပ်ရေးသမိုင်း၌ ထင်ရှားသည့် ဦးဆောင်ဆန်း၏ပုံတူ ကြေးသွန်းရုပ်တုကို ဆိုလိုခြင်းဖြစ်သည်။ ဒေသခံပြည်သူများ၏ ဆန္ဒကို မျက်ကွယ်ပြုကာ အတင်းအကျပ်ကြေးရုပ်ထုစိုက်ထူခဲ့သည့် ပြည်နယ်အစိုးရအားလည်း ကရင်နီခေါင်းဆောင်များက ရှုတ်ချခဲ့သည်။ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူရေးထက် ဗိုလ်ချုပ်အောင်ဆန်း အာမခံခဲ့သည့်ပင်လုံ ကတိကဝတ်များကို ဆောလျင်စွာ အကောင်အထည်ဖော်ရေး၊ ကရင်နီသမိုင်းတါင်တည်ရှိခဲ့သည့် သူရဲကောင်းရုပတ်တုများ စိုက်ထူရေး၊ ကရင်နီစာပေ၊ ယဉ်ကျေးမှုနှင့်သမိုင်းကြောင်း မြှင်တင်ရေးတို့သည့် ကရင်နီတက်ကြွလှုပ်ရှားသူ လူငယ်ခေါင်းဆောင်များ၏ အဓိကတောင်းဆိုချက်များဖြစ်ကြသည်။
ပြည်သူတစ်ရပ်၏ အခြေခံရပိုင်ခွင့်ဖြစ်သည့် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို ကျင့်သုံးကာ ဆန္ဒထုတ်ဖော်ခဲ့သော ကရင်နိ တက်ကြွလှုပ်ရှားသူများသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ထားသည့် တည်ဆဲဥပဒေများဖြင့် အကြိမ်ကြိမ်တရားစွဲဆိုခံခဲ့ရသည်။ ဆန္ဒထုတ်ဖော်မှုများကို ရဲအင်အား အသုံးပြုကာ ဖြိုခွင်းမှုများသည်လည်း အကြိမ်ကြိမ်ဖြစ်ပွားခဲ့သည်။ ပြည်သူ့အင်အားဖြင့် ဖိအားပေးကာ ကရင်နီခေါင်းဆောင်များနှင့် အစိုးရအကြားသဘောတူညီချက်တစ်ရက် ရယူညှိနှိုင်းနိုင်ခဲ့သော်လည်း လက်ရှိအချိန်တွင် ပြည်နယ်အစိုးရ၏ ကတိကဝတ်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းမှာ မေးခွန်းထုတ်စရာအနေအထားဖြစ်နေသည်။
၂။ သမိုင်းကြောင်းဆိုင်ရာ နောက်ခံအခြေအနေ
ကရင်နီပြည်နယ်/ကယားပြည်နယ်သည် ကိုလိုနီခေတ် မတိုင်မီ ပဒေသရာဇ်ခေတ်ကပင် လွတ်လပ်သော ပြည်နယ်တစ်ခုအဖြစ် ရပ်တည်ခဲ့သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းနှင့် ပြည်နယ် ၁၄ ခုထဲတွင် တစ်ခုအပါအဝင်ဖြစ်သော ကယားပြည်နယ်သည် အမှန်စင်စစ် “ ကရင်နီပြည်နယ်” ဟု ၁၉၅၀ ခုနှစ် မတိုင်ခင်အထိ အမည်နာမအားဖြင့် ခေါ်တွင်ကျင့်သုံးခဲ့ကြသည်။ ၁၉၅၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် တိုင်းပြုပြည်ပြုလွှတ်တော် အစည်းအဝေး၌ ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ််ချုပ်ပုံ အခြေခံဥပဒေ ( ၁၉၄ရ) ပုဒ်မ ၁၈၀ (၁)(က) ပါ ကရင်နီပြည်နယ်ကို ပယ်ဖျက်ပြီး ကယားပြည်နယ်ဟု ပြင်ဆင်ပြဌာန်းရန် ပါလီမန်အမတ် ဦးစိန် (ကရင်နီ၊ ပုဒေါင်ကောင်စီဥက္ကဌ) မှ အဆိုတင်သွင်းခဲ့သည်။ ၁၉၅၁ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ကရင်နီပြည်နယ်အစား ကယားပြည်နယ်ဟု တိုင်းပြုပြည်ပြုလွှတ်တော်မှ ပြောင်းလဲသတ်မှတ်ခဲ့သည်။
ကယား၊ ကယန်း၊ ကယော၊ ကော်ယော၊ ဂေဘားနှင့် ယင်းတလဲ စသည့် ဌာနေတိုင်းရင်းသားများနှင့် အခြားသော လူမျိုးစုနွယ်ဝင်များ နေထိုင်ကြသည်။
ထိုအချိန်က အနောက်ကရင်နီနယ်သည် လွတ်လပ်သောနယ်အဖြစ် မြန်မာဘုရင်၏ အသိအမှတ်ပြုပြီးသားဖြစ်သည်။
ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ ပြီးသောအခါ အင်္ဂလိပ်အစိုးရသည် အာလံအထက် ၄ မိုင်မှနေ၍ အရှေ့မှ အနောက်သို့ မျဉ်းဖြောင့်ဖြောင့်ဆွဲပြီး မျဉ်း၏တောင်ဘက်ပိုင်းကို သိမ်းယူခဲ့သည်။ ယင်းမျဉ်း၏ အရှေ့ဘက်အစွန်းတွင် အနောက်ကရင်နီနယ်ရှိသည်။
၁၈၇၅ ခုနှစ်တွင် အနောက်ကရင်နီနယ်ကို အင်္ဂလိပ်နှင့် မြန်မာ နှစ်ဖက်လုံးမှ လွှမ်းမိုးချုပ်ချယ် ကျူးလွန်ခြင်းမပြုရန် သဘောတူညီခဲ့ကြပြီး အနောက်ကရင်နီဒေသကို လွတ်လပ်သောနယ်အဖြစ် အသိအမှတ်ပြုသည့် သဘောတူစာချုပ်ကို အင်္ဂလိပ်အစိုးရ၏ ကိုယ်စားလှယ် ဆာဒေါက္ကလပ်စ်ဖောဆစ်နှင့် မြန်မာဘုရင်၏ ကိုယ်စားလှယ်အဖြစ် ကင်းဝန်မင်းကြီးတို့က လက်မှတ်ရေးထိုးခဲ့ကြသည်။ The Province of Burma Vol 2 တွင်လည်း ကရင်နီနယ်သည် ဗမာပြည်၏ အစိတ်အပိုင်းတစ်ခုမဟုတ်ကြောင်း အတိအလင်း ဖော်ပြထားသည်။
ဒုတိယကမ္ဘာစစ်ပြီး ကာလ၌ ဗမာပြည်မြေပြန့်ဒေသ၌ လွတ်လပ်ရေးရယူရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ကာ လုပ်ဆောင်လာကြသည်။ ကရင်နီ ခေါင်းဆောင်များအတွက်မှု ‘ကရင်နီနယ်သည် တောင်တန်းဒေသအုပ်ချုပ်ရေးဘုတ်အဖွဲ့နှင့် ပူးပေါင်းမည်လော၊ လွတ်လပ်လာသော ဗမာပြည်မနှင့် ပူးပေါင်းမည်လော’ ဟူသည့် အဖြေရှာရန်ကိစ္စများနှင့် ပတ်သက်၍ ၁၉၄၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဘောလခဲမြောက်ပိုင်းရှိ မြလဲရွာ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုအချိန်အခါတွင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့် အခြေအနေများကို သုံးသပ်ပြီး ပူးပေါင်းစရာရှိပါက ဗမာပြည်မနှင့် ပူးပေါင်းမည်ဟု ယေဘုယျ ဆုံးဖြတ်ခဲ့ကြသည်။ ပြောင်းလဲလာသည့် နိုင်ငံရေးအခြေအနေတွင် ကရင်နီနယ်များ အရေးကို အရေးတကြီး ဆုံးဖြတ်ရမည့်အကြောင်းကိစ္စများ ပေါ်ပေါက်လာသဖြင့် နယ်အသီးသီးမှ ခေါင်းဆောင်များ ပါဝင်သည့် ကရင်နီ၊ ပုဒေါင်ကောင်စီကို ၁၉၄၆ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြသည်။ ထိုသို့ ပြုလုပ်ခြင်းသည် ဗမာပြည်မနှင့် ပူးပေါင်းရန် ကြံရွယ်ခြင်းကြောင့် ဖြစ်မည်ဟု ဗြိတိသျှတို့က အထင်ရှိသဖြင့် ကောင်စီအား ဖျက်သိမ်းခဲ့ပြီး ယင်းအစားလွတ်လပ်သော ကရင်နီ ပြည်ထောင်စုကောင်စီ (United Karenni Independent States Council-UKISC) ကို ထူထောင်ဖွဲ့စည်းခဲ့ကြသည်။ တစ်ဆက်တည်းမှာပင် ဘော်လခဲ၊ ကြယ်ဖိုးကြီးနှင့် ကန္တာရဝတီနယ်တို့ကို ပေါင်းစုကာ သီးခြားကရင်နီပြည်အဖြစ် သတ်မှတ်ကြေညာခဲ့သည်။ ၁၉၄၆ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်နေ့တွင် ကရင်နီ ပြည်ထောင်စုကောင်စီ အစည်းအဝေးတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ပြီး လွတ်လပ်စွာ ဟောပြောခွင့်၊ ဝတ်ပြုကိုးကွယ်ခွင့်၊ ကရင်နီပြည်ထောင်စုအတွင်း နေထိုင်သော ကရင်မျိုးနွယ်ဝင်များ အားလုံးနှင့် ကရင်နီနယ်သားအဖြစ် ခံယူထားသူ အားလုံးကို ကရင်နီ ထုံးထမ်းစဉ်လာဉပဒေဖြင့် အုပ်ချုပ်ရန်တို့ အပါအဝင် ဆုံးဖြတ်ချက် ၁၅ ခုကို ချမှတ်ခဲ့သည်။
တစ်ဖက်တွင်လည်း ဗမာပြည်လွတ်လပ်ရေးအတွက် အရေးကြီးသောစာချုပ် ဖြစ်သည့် အောင်ဆန်း-အက်တလီစာချုပ်ကို ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အင်္ဂလိပ်နန်းရင်းဝန် အက်တလီတို့မှ လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။ ထိုစာချုပ်အရ တောင်တန်းဒေသများနှင့် ပြည်မတို့ ပူးပေါင်းနိုင်ရန် စည်းရုံးသည့်အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ကရင်နီပြည်နယ်ကို ၁၉၄၆ ခုနှစ်တွင် တစ်ကြိမ်သာ လာရောက်ခဲ့သည်ကို တွေ့ရှိရပါသည်။
ထို့အပြင် ကရင်နီပြည်နယ်အနေဖြင့် ပင်လုံညီလာခံသို့ လေ့လာသူအဖြစ်သာ တက်ရောက်ခဲခဲ့ပြီး ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်တွင်လည်း ပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်း မရှိပေ။
အခန်း ၃
၁။ ကြေးရုပ်စိုက်ထူရေး ကြိုးပမ်းမှုနှင့် တိုင်းရင်းသားရေး လှုပ်ရှားမှုမှတ်တမ်း
၂၀၁၈ ခုနှစ်၊ နှစ်ဦးပိုင်းကာလမှ စတင်ကာ ကယားပြည်နယ် အစိုးရအဖွဲ့က လွိုင်ကော်မြို့နယ်၊ ကန္တာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူခြင်းကို ပြုလုပ်ရန် စတင်ကြိုးစားခဲ့သည်။ ၂၀၁၈ ခုနှစ်၊ မေလတွင် ကန္တာဟေဝန်ပန်းခြံ၌ ကြေးရုပ်ထားရှိရန် အောက်ခံအုတ်ခုံကို စတင်ပြုလုပ်ခဲ့ရာမှ ကယားပြည်နယ်ရှိ ကရင်နီပြည် လူငယ်ထု၏ ကန့်ကွက်မှုများကို တွေ့ကြုံလာခဲ့ခြင်းဖြစ်သည်။
(က) ကန့်ကွက်ရသည့်အကြောင်းအရင်း
ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူးခြင်းကို ကရင်နီပြည်လူငယ်ထုများက ကန့်ကွက်ရသည့်အကြောင်းအရင်းမှာ
- ၁။ ၁၈၇၅ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် ဗမာကိုယ်စားလှယ် ကင်းဝန်မင်းကြီး ဦးကောင်းနှင့် အင်္ဂလိပ် အစိုးရဘက်မှ ကိုယ်စားလှယ် ဆာဒေါက္ကလပ်စ်ဖောဆစ်တို့ လက်မှတ်ရေးထိုးခဲ့သည့် မှတ်တမ်းများအရ ကရင်နီ(ကယား) ပြည်နယ်ဟူ၍ ယခင်ကတည်းက သီးခြားလွတ်လပ်စွာ တည်ရှိနေခြင်း၊
- ၂။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်တွင်လည်း ကရင်နီပြည်နယ်အနေဖြင့် ပါဝင်ခဲ့မှုမရှိခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းသည် ကရင်နီပြည်နယ်ကို ပြည်မနှင့် လွတ်လပ်ရေး အတူတကွယူရန် လာရောက်စည်းရုံးခြင်းအတွက် ၁၉၄၆ ခုနှစ်တွင် တစ်ကြိမ်သာ ရောက်ရှိခဲ့ပြီး ကရင်နီပြည်နယ်သည်လည်း ဗမာပြည်မနှင့် သက်ဆိုင်မှုမရှိခြင်း၊
- ၃။ ဗမာပြည်မနှင့် ပေါင်းသင့်/မပေါင်းသင့်ဆိုသော ပြဿနာကြောင့် ကရင်နီလက်နက်ကိုင်တော်လှန်ရေးများ ဖြတ်ပေါ်ခဲ့ပြီး ကရင်နီအမျိုးသားများနှင့် ခေါင်းဆောင်များကြား သဘောထားကွဲလွဲကာ ယနေ့အထိ ပြည်တွင်းစစ်ဖြစ်နေခြင်း၊
- ၄။ ကယား (ကရင်နီ) ပြည်နယ်၏ နိုင်ငံရေးနှင့် အမျိုးသားရေးဆိုင်ရာ ရည်မှန်းချက်များ မရရှိသေးခြင်း၊ ဗိုလ်ချုပ် ပြောကြားခဲ့သည့် တန်းတူညီမျှခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် စသည်တို့ကို ယနေ့အချိန်ထိ ဦးစားပေး ဆောင်ရွက်မှုမရှိခြင်း၊
- ၅။ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်သည်လည်း ရေရာမှုမရှိသေးဘဲ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ကယား(ကရင်နီ) ပြည်နယ်တွင် လာရောက်ထားရှိသည့်အတွက် လူမျိုးကြီးဝါဒကို ပိုမိုပေါ်လွင်အောင်လုပ်ဆောင်သကဲ့သို့ ဖြစ်နေခြင်းနှင့် တိုင်းရင်းသားများကြား သွေးကွဲမှုများ ဖြတ်ပေါ်လာနိုင်ခြင်းတို့ကြောင့် အများပြည်သူနေရာတွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် တည်ထားခြင်းကို ကရင်နီပြည်နယ်၏ သမိုင်းအစဉ်အလာ၊ အမျိုးသားရေးနှင့် နိုင်ငံရေးအရ ကန့်ကွက်ခဲ့ကြခြင်းဖြစ်ကြောင်း ကရင်နီပြည်သူထု အသင်းအဖွဲ့များ၏ ကယားပြည်နယ် အစိုးရအဖွဲ့ထံပေးပို့ခဲ့သည့် အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။
(ခ) ကန့်ကွက်ဆန္ဒပြမှုများ ပေါ်ပေါက်ခြင်း
ကရင်နီပြည်လူငယ်များသမဂ္ဂ (USKY)၊ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ (KSFU)၊ ကယောလူငယ်၊ ကော်ယော်လူငယ် [Manumanaw] ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(လူငယ်) နှင့် မျိုးဆက်သစ်ကရင်လူငယ် (ကရင်နီပြည်) တို့က ဦးဆောင်၍ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် ကယားပြည်နယ် အစိုးရအဖွဲ့ထံ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူခြင်းကို ကန့်ကွက်ကြောင်း အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြသည်။ ထိုအိတ်ဖွင့်ပေးစာနှင့် ပတ်သက်၍ ကယားပြည်နယ် အစိုးရအဖွဲ့ဘက်မှ မည်သည့်အကြောင်းပြန်ကြားမှုမှ မရရှိသဖြင့် ဇွန်လ ၂၆ ရက်နေ့တွင် “ ကရင်နီပြည်၏ နောက်ခံသမိုင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူခြင်းကို ကန့်ကွက်ကြောင်း ပြည်သူများသို့ အသိပေးချက်” စာရွက်များကို လွိုင်ကော်၊ ဒီမော့ဆို၊ ဖရူဆို၊ ဘော်လခဲ၊ ဖားဆောင်းနှင့် မယ်စဲ့တို့တွင် ဖြန့်ဝေခဲ့ကြသည်။ ထို့အပြင် ကရင်နီပြည် လူထုအဖွဲ့အစည်းများက ဦးဆောင်၍ သက်ဆိုင်ရာသို့ အကြောင်းကြားစာ ပေးပို့ကာ ဇူလိုင်လ ၃ ရက်နေ့တွင် လွိုင်ကော်မြို့နယ်၌ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထိုဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး ရဲစခန်းသို့ အကြောင်းကြားစာ ၄၈ နာရီအတွင်း ပေးပို့နိင်ခဲ့ခြင်းမရှိဟုဆိုကာ ဦးဆောင်ပါဝင်သူ လူငယ် ၁၆ ဦးကို ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉၊ ၂၀ တို့ဖြင့် လွိုင်ကော်မြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့သည်။ ထို့ပြင် ကရင်နီသမိုင်းကြောင်းနှင့် ဗိုလ်ချုပ်ကြေးရုပ် ကန့်ကွက်စာ ဖြန့်ဝေခဲ့သည့် ကရင်နီ လူငယ် ၁၅ ဦးကို ကယားပြည်နယ္ အစိုးရအဖွဲ့က မြို့နယ်အသီးသီးတွင် ဇူလိုင်လ ၂ ရက်နေ့မှ စတင်ကာ ၅၀၅ (ခ) နှင့် ၅၀၅ (ဂ) တို့ဖြင့် တရားစွဲဆိုခဲ့သည်။