သုတေသနတွေ့ရှိချက်များ
လွတ်လပ်စွာထုတ်ဖော်ပြောဆိုရေးသားခွင့်ကို ပြည်သူများ၏ နားလည်သဘောပေါက်မှု အခြေအနေ
သုတေသနအစီရင်ခံစာ၏ ရှေ့ဦးပိုင်း အင်တာဗျူးတွင် ပါဝင်ဖြေဆိုသူများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားခွင့် အခွင့်အရေးကို မည်ကဲ့သို့ နားလည်သဘောပေါက်ထားကြသည် နှင့်
အဘယ်ကြောင့် ဤလွတ်လပ်စွာထုတ်ဖော်ပြောဆိုရေးသားခွင့်ကို လိုအပ်ကြောင်းကို ပါဝင်ဖြေဆိုသူများ၏ ဆွေးနွေးသုံးသပ်ထားချက်များကို တင်ပြသွားပါမည်။
လူ့အဖွဲ့အစည်းအတွင်း ကနဦးအနေဖြင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုရေးသားခွင့် အခွင့်အရေးကို နားလည်ထားရှိပုံကို သုံးမျိုးသုံးစားခွဲ၍ တင်ပြနိုင်သည်။
ပထမ အမျိုးအစားမှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုရေးသားခွင့် ကို လူသားတို့ ကောင်းမွန်စွာ ရှင်သန်ကြီးပြင်းလာနိုင်ရေးအတွက် ကိုယ်အား၊ စိတ်အားဖြင့် လိုအပ်မည့် အရာများကို တောင်းဆိုနိုင်ရန်နှင့် ထုတ်ဖော်ပြောဆိုနိုင်ရန်အတွက် ဤလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို လူ့ “လိုအပ်ချက်” ဟူသည့် ရှုထောင့်မှ ပြောဆိုဆွေးနွေးသုံးသပ်ထားကြသည်။ ဒုတိယ
သဘောရှုထောင့်မှာ လူ့အခွင့်အရေးရှုထောင့်မှ ရှုမြင်ဆွေးနွေးသည့် ဆွေးနွေးမှုများဖြစ်ပြီး ဤရှုမြင်မှုတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ဟူသည်ကို လူသားတိုင်း မဖြစ်မနေ လိုအပ်သည့် အချက်တခုအနေဖြင့်သာမက
လူ့အဖွဲ့အစည်းအနေဖြင့် မဖြစ်မနေ ကာကွယ် မြှင့်တင် ဖြည့်ဆည်းပေးရမည့် အခြေခံ လူ့အခွင့်အရေးတရပ်အဖြစ် ရှုမြင်ဆွေးနွေးမှုဖြစ်သည်။ တတိယမြောက်ရှုမြင်မှုမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို
နိုင်ငံရေးစံချိန်စံနှုန်းတရပ်အရ လိုအပ်ခြင်းဖြစ်သည်ဟူသည့် ရှု့မြင်မှုဖြစ်သည်။ ဤရှုမြင်မှုတွင် တော်လှန်ရေးမှတဆင့် အကြမ်းဖက်စစ်တပ်ကို ဖြုတ်ချပြီး ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်သစ်တည်ဆောက်မည်ဟု
အားခဲထားသဖြင့် ထိုကဲ့သို့ ဒီမိုကရက်တစ်လူ့အဖွဲ့အစည်း တည်တံ့မြဲမြံနိုင်ရေးအတွက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်မှာ
မဖြစ်မနေ လိုအပ်သည့် ဒီမိုကရက်တစ် စံချိန်စံနှုန်းတခုအဖြစ် ရှုမြင်ကြည့်ခြင်းလည်းဖြစ်သည်။
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို လူသားလိုအပ်ချက်အဖြစ် ရှုမြင်ခြင်း
အစီရင်ခံစာအင်တာဗျူးတွင် ပါဝင်ဆွေးနွေးသူများသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ဟူသည် “လူ့ လိုအပ်ချက်” တခုဖြစ်ကြောင်းကို လူသားတို့၏ ကြီးပြင်းရှင်သန်လာမှု သဘောသဘာဝများအလျှောက် ကိုယ်ပိုင် ထင်မြင်ယူဆချက်ရှိခြင်း၊ ထိုထင်မြင်ယူဆချက်များကို ပုံစံအမျိုးမျိုးဖြင့် ပြန်လည်ဆွေးနွေးမျှဝေခြင်း စသည့် လုပ်ရပ်များကို လူသားတို့၏ ကြီးထွာဖွံ့ဖြိုးမှုအတွက် မဖြစ်မနေ လိုအပ်သည့် လူ့လိုအပ်ချက် တခုဖြစ်ကြောင်းကို ဆွေးနွေးကြသည်။ ထိုကဲ့သို့ မိမိတို့၏ ကိုယ်ပိုင်အတွေးအခေါ် ယူဆချက်များနှင့် ကိုယ်ပိုင်ခံစားချက်များကို ထုတ်ဖော်ပြောဆိုကြရာတွင် လူတဦးနှင့် တဦး အမြင်သဘောထားခြင်း ကွဲလွဲနိုင်မှုများ ရှိနေနိုင်ပြီး မည်သို့ပင် ကွဲလွဲမှုများရှိနေစေကာမူ ထိုမတူညီသည့် အမြင်သဘောထားများနှင့် ခံယူချက်များကို မှန်ခြင်း၊ မှားခြင်း စသည်ဖြင့် အကဲဖြတ်မှုမရှိဘဲ လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောဆို ဖလှယ်နိုင်ခြင်းသည်ကလည်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ရှိခြင်း၏ အစိတ်အပိုင်း တရပ်ဖြစ်သည်။
ထိုကဲ့သို့ပင် လွတ်လပ်စွာပြောဆိုခွင့်ကို အဓိပ္ပာယ်ဖွင့်ဆိုပြရာတွင် ပါဝင်ဆွေနွေးသူ တဦးကလည်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုရေးသားခွင့်ဟူသည် အကြောင်းအရာတခုခုနှင့် စပ်လျဉ်း၍သော်လည်းကောင်း နယ်ပယ် တခုခုနှင့် ဆက်စပ်လျက်သော်လည်းကောင်း လူတိုင်းလူတိုင်းက မိမိကိုယ်ပိုင် အသိအမြင် အတွေးအခေါ် ယူဆချက် ရှိခွင့် ရှိနိုင်ပြီး ထိုကိုယ်ပိုင်ယူဆထင်မြင်ချက်ကို လွတ်လပ်စွာ ပြောဆိုနိုင်ခြင်း ရေးသားမျှဝေနိုင်ခြင်းဖြစ်ကြောင်း ၎င်း၏ နားလည်မှုကို ရှင်းပြသည်။ “လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆိုတာ ကျွန်တော်တို့ နှုတ်ကဖြစ်စေ၊ စာအကြောင်းအရာ တခုခု အနေနဲ့ ရေးပြီးတော့ ဖြစ်စေ၊ Performance အနေနဲ့ဖြစ်စေ၊ ဘာနေနေပါ့ဗျာ ကျွန်တော်တို့ရဲ့ ကျွမ်းကျင်ရာ ပေါ့။ ကျွန်တော်တို့ရဲ့ ထုတ်ဖော်မှုဟာ ဘာသာစကားနဲ့ဖြစ်ချင်ဖြစ်မယ်၊ artwork နဲ့လည်း ဖြစ်ချင်ဖြစ်မယ်၊ နည်းပေါင်းစုံနဲ့ လုပ်ရပ်တခုနဲ့လည်း ဖြစ်ချင်ဖြစ်မယ်၊ အဲဒီဟာတွေကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လို့ ယူဆတယ်။” ဟူ၍လည်း အင်တာဗျူးတွင် ပါဝင်ဆွေးနွေးသည့် ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂခေါင်းဆောင်တဦးက ၎င်းထင်မြင်ယူဆချက်ကို ရှင်းပြသည်။
လွတ်လပ်စွာထုတ်ဖော်ပြောဆိုရေးသားခွင့်ကို လူသားတို့၏ “လိုအပ်ချက်”တခုအနေဖြင့် အာမခံပေးရမည့်အတူ၊ တဖက်တွင်လည်း ထိုလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို စည်းစနစ်တကျ စည်းနှင့်ဘောင်နှင့် ထုတ်ဖော်ပြောဆိုရေးသားတတ်ကြရန် လိုအပ်ကြောင်းကို
ပါဝင်ဆွေးနွေးသူတချို့က ထောက်ပြကြသည်။ စည်းနှင့်ဘောင်နှင့် ဟု ဆိုရာတွင် မိမိတို့၏ တကိုယ်ရည်တကာရ စိတ်ခံစားချက်များအပေါ်တွင် အခြေခံ၍ တခြားသူများ၏ ဂုဏ်သိက္ခာညိုးနွမ်းသွားစေရန် ရည်ရွယ်၍ အမုန်းစကားများ ပြောဆိုရေးသား တိုက်ခိုက်ခြင်းမျိုးမဟုတ်ဘဲ တခြားသူများ၏ ထင်မြင်ယူဆချက်များ၊ ရေးသားချက်များနှင့် လုပ်ဆောင်ချက်များအပေါ်တွင်သာ
မှန်ကန်မှု ရှိ၊ မရှိ ဆီလျှော်မှု ရှိ၊ မရှိ စသည်အားဖြင့် မိမိတို့၏ ထင်မြင်ယူဆချက်များကို ပြန်လည်ရေးသားထောက်ပြခြင်းမျိုးဖြစ်သင့်ကြောင်း
ဥပမာပေး ဆွေးနွေးကြသည်။ လွတ်လပ်စွာထုတ်ဖော် ပြောဆိုရေးသားခွင့်နှင့် စပ်လျဉ်း၍၊ “လူဆိုတာက တွေးတောမယ်၊ စိတ်ကူးစိတ်သန်းခံစားချက်တွေကို ထုတ်ဖော်ပြောပြမယ်။
ဘယ်သူမဆို လွတ်လပ်မှုရှိရမယ်။ ဒါပေမဲ့ လွတ်လပ်တဲ့နေရာမှာ စည်းရှိတယ်။ ဘောင်ရှိတယ်။ သူတပါးကိုသွားပြီး ထိခိုက်ပြီးပြောနေတာမျိုး မဟုတ်ဘဲ၊
ကိုယ့်ရဲ့ Personal feeling အရလွတ်လပ်ခွင့် ရှိတယ်ဗျာ” ဟူ၍ အင်တာဗျူးတွင် ပါဝင်ဖြေဆိုသူတဦးက ဆွေးနွေးရှင်းပြသည်။ မိမိတို့၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးနေသည့် တချိန်တည်းတွင်ပင် တခြားသူများ၏ အခွင့်အရေးများကို မချိုးဖောက်မိစေရန် အထူးသတိထားဖို့ လိုအပ်သည့်အကြောင်းကိုလည်း အင်တာဗျူးတွင် ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ အမှုဆောင်ဒါရိုက်တာအဖြစ် ဆောင်ရွက်နေသည့်အမျိုးသမီးတဦးက ဆိုသည်။ ထိုအမျိုးသမီးကပင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးနေစဉ်တွင်လည်း မှန်ကန်သည့် သတင်းအချက်အလက်များ ရယူမှု၊ စီးဆင်းမှု၊ ထုတ်ဝေမှုများအပေါ် မထိခိုက်စေရန်လည်း
သတိပြုသင့်သည့် အကြောင်းကိုလည်း ထပ်ဆောင်း ဆွေနွေးထားသည်။
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အခြေခံလူ့အခွင့်အရေးရှုထောင့်မှ ရှု့မြင်ခြင်း
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို လိုအပ်ရခြင်း၏ ဒုတိယ အကြောင်းအရင်းကို ဖြေဆိုသူအများစုက လူ့အခွင့်အရေး ရှုထောင့်မှနေ၍ အကျယ်တဝင့် ဆွေးနွေးကြသည်။ ဤဆွေးနွေးမှု၏ အဓိက စဉ်းစားချက်မှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဟူသည် လူသားတိုင်း မဖြစ်မနေလိုအပ်သည့် လူ့လိုအပ်ချက် သက်သက်မျှသာမကဘဲ ထိုလိုအပ်ချက်ကို နိုင်ငံတော်မှ ဥပဒေများ နည်းဥပဒေများ ပြဌာန်းသတ်မှတ်၍ မရှိမဖြစ် အာမခံပေးထားရမည့် အခြေခံလူ့အခွင့်အရေးတရပ်ဖြစ်ကြောင်းကို အသိအမှတ်ပြု ဆွေးနွေးကြသည်။ ထိုသို့ ဆွေးနွေးကြရာတွင် အများစုမှာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အပိုဒ်တခုကို ကိုးကားဆွေးနွေးလေ့ ရှိကြပြီး ထိုလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်မှာ အခြေခံအားဖြင့် လူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင်နိုင်ရန်အတွက် လူတို့၏ မွေးရာပါ လူ့အခွင့်အရေး တရပ်ဖြစ်ကြောင်းကို ထောက်ပြကြသည်။
“ညီမတို့က တယောက်ချင်းစီတိုင်းမှာ မွေးရာပါ လူ့အခွင့်အရေးဆိုတာရှိတယ်ပေါ့နော်။ ညီမတို့ရဲ့ မျက်စိတွေ၊ နားတွေ၊ ပါးစပ်တွေ ကနေပြီးတော့ မြင်ပိုင်ခွင့်၊ ကြားပိုင်ခွင့်၊ ပြောပိုင်ခွင့်ရှိတယ်ပေါ့နော်။ နောက်တခု လက်ဆိုရင်လည်း ရေးပိုင်ခွင့် ရှိတယ်ပေါ့နော်၊ ဒါတွေအကုန်လုံး ညီမတို့အတွက် မွေးရာပါအခွင့်အရေးတွေ ဖြစ်တဲ့အတွက်ကြောင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်လာပြီဆိုရင် ညီမတို့ရဲ့ မွေးရာပါလူ့အခွင့်အရေးလို့ သတ်မှတ်ပါတယ်။”
အင်တာဗျူးတွင် ပါဝင်ဖြေဆိုပေးသည့် အမျိုးသမီးငယ်တဦးဆိုလျှင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဟူသည် မွေးရာပါ လူ့အခွင့်အရေးတရပ်ဖြစ်ကြောင်းကို ဤသို့ ဆွေးနွေးရှင်းပြသည်။
အလားတူပင် ရန်ကုန်တိုင်းမှနေ၍ အင်တာဗျူးတွင် ပါဝင် ဖြေဆိုထားပေးသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းတခုတွင် အလုပ် လုပ်လျှက်ရှိသည့် အမျိုးသားတဦးက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို လူ့အခွင့်အရေးများအနက်မှ အခြေခံအကျဆုံး လူ့အခွင့်အရေးတခုအနေဖြင့် နားလည်သဘောပေါက်ထားသည့်အကြောင်း၊ ထိုလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးရာတွင် နည်းလမ်းအမျိုးမျိုး ပုံစံအဖုံဖုံဖြင့် ကျင့်သုံးပိုင်ခွင့် ရှိသင့်ကြောင်း ဆွေးနွေးထားသည်။ ထိုသို့ နည်းလမ်းအမျိုးမျိုးဖြင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်းဟု ဆိုရာတွင် ၎င်းက “ကဗျာတွေ ရေးပြီးတော့ပဲ သွားမလား၊ ရုပ်ရှင်ဗီဒီယိုတွေကနေပဲ သွားမလား၊ ကျွန်တော်တို့ရဲ့ အမြင်တွေကို ဆောင်းပါးရေးတာမျိုးဘက်ကနေပဲသွားမလား စသဖြင့် ထုတ်ဖော်ပြောဆိုခွင့်လို့ ကျွန်တော်နားလည်ထားတယ်”ဟူ၍ ဆိုသည်။ အင်တာဗျူးတွင် ပါဝင်ဆွေးနွေးသူအများစုက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အခြေခံ လူ့အခွင့်အရေးတခုအနေဖြင့် လိုအပ်ရသည့် အကြာင်းအရင်းကို လက်ရှိမြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်က မတရားအုပ်ချုပ် အနိုင်ကျင့်နေသည့် အချိန်ကာလမျိုးတွင် ပို၍ လိုအပ်နေကြောင်းကို သဘောထားမှတ်ချက် ပေးကြသည်။
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို နိုင်ငံရေးရှုထောင့်မှ ရှုမြင်ခြင်း
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အဓိက လိုအပ်ရခြင်း၏ နောက်ဆုံးအကြောင်းရင်းတရပ်ကို အင်တာဗျူးတွင် ပါဝင်ဆွေးနွေးသူအများစုက နိုင်ငံရေးရှုထောင့်မှ ပြောဆိုဆွေးနွေးထားကြသည်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဖက်ဒရယ်ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းတရပ် တည်ဆောက်ရာတွင် လိုအပ်သည့် နိုင်ငံရေး စံချိန်စံနှုန်းနှင့် နိုင်ငံရေး တန်ဖိုးတရပ်အဖြစ် ရှု့မြင်ကြသည်။ နိုင်ငံရေးစံချိန်စံနှုန်းဟုဆိုရာတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံး၍ နိုင်ငံ၏ နိုင်ငံရေးအဆောက်အဦးများ၊ စီးပွားရေးအဆောက်အဦးများ၊ ပညာရေးအဆောက်အဦးများ စသည့် နယ်ပယ်အသီးအသီးရှိ လိုအပ်နေသည့်အရာများကို ပြောဆိုထောက်ပြဝေဖန်မှုများ ပြုလုပ်နိုင်ခွင့်ရှိခြင်းအားဖြင့် ပိုမိုကောင်းမွန်သည့် အစိုးရတရပ် (သို့မဟုတ်) လူ့အဖွဲ့အစည်းတရပ် တည်ဆောက်နိုင်ကြောင်းကို ယုံကြည်ထားကြကြောင်း တွေ့ရှိရသည်။ အထူးသဖြင့် ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းတရပ်တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်မှာ မရှိမဖြစ်လိုအပ်သည့် အခန်းကဏ္ဍ တခုဖြစ်ကြောင်းကို ထောက်ပြကြသည်။ သဘောအားဖြင့် ဒီမိုကရေစီအစိုးရကောင်းတရပ် ရွေးကောက်တင်မြှောက်နိုင်ရန်အတွက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်း၊ ငြင်းခုံထောက်ပြခြင်း စသည်အခွင့်အရေးများမှာ အဓိက လိုအပ်ကြောင်းကိုလည်း အလေးနက်ထားဆွေးနွေးကြသည်။
ရခိုင်ပြည်နယ်မှ နေ၍အင်တာဗျူးတွင် ပါဝင်ဖြေဆိုသည့် အမျိုးသားတဦးက ဒီမိုကရေစီအတွက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရှိခြင်း၏ အရေးကြီးပုံကို “လွတ်လပ်စွာထုတ်ဖော်တယ်ဆိုတဲ့နေရာမှာ လူတယောက်ကို ကြိုက်လို့ မဲပေးတယ်ဆိုတာကလည်း ကျွန်တော်တို့ ရွေးချယ်လိုက်တာပဲ။ သူ့ကို ယုံကြည်တယ်၊ အားကိုးတယ်ဆိုပြီး ရွေးလိုက်တာပါ။ ကျွန်တော်တို့ရဲ့ ဆန္ဒကို ထုတ်ဖော်ပြသလိုက်တာပဲ။
ထိုကဲ့သို လူထုကို ကောင်းမွန်စွာ ကိုယ်စားပြုနိုင်မည့် နိုင်ငံရေးခေါင်းဆောင်များအား မှန်ကန်စွာနှင့် လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိနိုင်ရေးနှင့် ပတ်သက်၍
အင်တာဗျူးတွင် ပါဝင်ဖြေဆိုပေးသည့် သတင်းထောက်တဦးကလည်း ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းတရပ်ကို အောင်မြင်စွာ တည်ဆောက်နိုင်ရန်အတွက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၏
အရေးကြီးပုံကို သတင်းမီဒီယာရှုထောင့်မှ ဆွေးနွေးထားသည်မှာ စိတ်ဝင်စားဖွယ်တွေ့ရသည်။
၎င်း၏ ဆွေးနွေးချက်မှာ ကောင်းမွန်ထိရောက်သည့် ဒီမိုကရက်တစ်အစိုးရတရပ် တည်ဆောက်နိုင်ရေးအတွက် သတင်းအချက်အလက်များမှန်ကန်စွာ စီးဆင်းနိုင်ခွင့်ရှိရန် လိုအပ်ပြီး ထိုသို့ သတင်းအချက်အလက် မှန်ကန်စွာ ရရှိမှသာလျှင် ပြည်သူလူထုအနေနှင့် ထိုမှန်ကန်သည့် အတင်းအချက်အလက်များကို အသုံးပြု၍ ၎င်းတို့၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးရာတွင် မှန်ကန်ထိရောက်မှု ရှိနိုင်မည်ဖြစ်ကြောင်းကို ထောက်ပြထားသည့်အပြင် ခေတ်အဆက်ဆက် သတင်းလွတ်လပ်ခွင့်မရှိခဲ့သည်ကိုလည်း ထောက်ပြထားသည်။ ၎င်းက – “ကျွန်တော်တို့က သတင်းသမားတယောက်ဖြစ်တဲ့အတွက် အမြဲတမ်းတွေးရတယ်၊ ရေးရတယ်။ ဟိုးအရင် ကတည်းက မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်မရှိခဲ့ဘူး၊ အရင်အစိုးရလက်ထက်မှာလည်း မရှိခဲ့ဘူး။ ခြိမ်းခြောက်တာမျိုးတွေ၊ မရေးဖို့ပြောတာတွေ၊ ရေးရင် တရားစွဲမယ်လုပ်တာတွေရှိတယ်။ အဲ့ဒီမှာတင် ကျွန်တော်တို့ရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုရေးသားခွင့်က မရှိတော့ဘူးပေါ့။”
ထို့အတူပင် အင်တာဗျူးတွင် ဝင်ရောက်ဖြေဆိုပေးသည့် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ မှ ကျောင်းသူတဦးကလည်း ဒီမိုကရက်တစ်လူ့အဖွဲ့အစည်း ခိုင်မာစွာ တည်ဆောက်နိုင်ရေးအတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၏ အရေးပါပုံကို အောက်ပါအတိုင်း ထပ်လောင်း ဆွေးနွေးထားသည်။ “ပြန်ကြည့်မယ်ဆိုရင် ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းတခု တည်ဆောက်နိုင်ဖို့ဆိုတဲ့နေရာမှာ ဒီလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်က မြန်မာနိုင်ငံအနေနဲ့တော့ ပထမဆုံးအရေးကြီးတဲ့အချက်မှာ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်သူလူထုက နှစ်အတော်ကြာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်က ပျောက်ဆုံးနေတယ်။ အဲ့အတွက်ကြောင့်မို့ မြန်မာပြည်သူလူထုရဲ့ ဆန္ဒ၊ ပြည်သူတွေရဲ့ ထုတ်ဖော်ခွင့်တွေက ဒီနိုင်ငံရဲ့တိုးတက်မှု အပေါ်မှာလိုအပ်တယ်။ ဥပမာ အခု ဒီမိုကရေစီသွားချင်တယ်ဆိုရင်လည်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုနိုင်ရမယ်။ ကိုယ်လိုအပ်တဲ့အစိုးရတရပ်ကို ရွေးချယ်နိုင်ခွင့် ရှိရမယ်။
တခြားတဘက်တွင်လည်း ဤကဲ့သို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရှိခြင်းအားဖြင့် တိုင်းပြည်ကို ပြန်လည်တည်ဆောက်ရာတွင် မတူညီသည့် အမြင်သဘောထားများ၊ စိတ်ကူးစိတ်သန်းများ၊ အတွေ့အကြုံများကို ပေါင်းစည်းဖလှယ်ခြင်းဖြင့် အဘက်ဘက်မှ ကြုံတွေ့နေရသည့် ပြဿနာများ၊ အဖြေများကို ရှာဖွေနိုင်ရန်အတွက် အထောက်အကူဖြစ်စေကြောင်းကို အဓိကထားဆွေးနွေးကြသည်။ ထို့သို့ ဆွေးနွေးကြသူများအနက် တဦးမှာ စစ်တပ်အတွင်း Civil Disobedience Movement (CDM) တွင် ပါဝင်လာသူလည်းဖြစ် CDM Movement ကို ပိုမိုအားကောင်းလာစေရန် တက်ကြွစွာ လှုပ်ရှားဦးဆောင်နေသည့် ဗိုလ်ကြီးတဦးဖြစ်ပြီး ၎င်းအနေဖြင့် စစ်တပ်အတွင်း တာဝန်ထမ်းဆောင်ခဲ့စဉ်အခါက ၎င်းတို့၏ ထင်မြင်ယူဆချက်များကို မျှဝေနှီးနှောခွင့် မရှိခဲ့ရသည့်အကြောင်းများနှင့် စစ်တပ်အတွင်းတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို မည့်ကဲ့သို့ ဖိနှိပ်ခံခဲ့ရသည်များကို အင်တာဗျူးတွင် ဆွေးနွေးမျှဝေထားသည်။
ထို့အပြင် ၎င်းက တိုင်းပြည် ပြန်လည်တည်ဆောက်ရေးအတွက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုရေးသားခွင့်၏ လိုအပ်ပုံကို အောက်ပါအတိုင်း ဆွေးနွေးထားသည်။ “အရေးကြီးတဲ့အခန်းကဏ္ဍတခုကနေ ပါဝင်မှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့တွေက နယ်ပယ် အစုံ၊ ဒေသအစုံကနေ အတွေ့အကြုံတွေလည်းအစုံရှိကြတဲ့လူတွေ၊ ဒါကြီးတခုလုံးကို စုပေါင်း ပြီးတော့ ကောင်းမွန်တဲ့နိုင်ငံတော်ကြီးတခုတည်ဆောက်မယ် တည်ထောင်မယ်ဆိုရင် လူတိုင်းက ကိုယ်ကြုံခဲ့ရတဲ့ အမြင်၊ ကိုယ်မြင်ခဲ့ရတဲ့ ရှုထောင့်ကို ထုတ်ဖော်ပြောဆိုခွင့် ရှိရမယ်။ ဒီလို ပြောဆိုခွင့်ရှိမှလည်း မတူတဲ့ဟာတွေ ကျွန်တော်တို့ ညှိနှိုင်းလို့ရမယ်။”
ဤကဲ့သို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိခြင်းက မတူညီသည့် အမြင်များစွာကို မျှဝေနိုင်ခွင့် တင်ပြနိုင်ခွင့် ရရှိလာနိုင်ပြီး ထိုမှတဆင့် ဆုံးဖြတ်ချက်များ၊ ကောက်ချက်များ ချမှတ်ရာတွင် အမြင်အယူအဆ အမျိုးမျိုးကို ထည့်သွင်းစဉ်းစား တတ်လာရုံမျှမက ပြဿနာတခုခု အဖြေရှာကြသည့် အချိန်များတွင်လည်း ပြည်သူများ၏ လွတ်လပ်စွာ ပြောဆိုခွင့်များကို ပို၍ ထည့်သွင်းစဉ်းစား ဆုံးဖြတ်လာကြသည့်အတွက် ကောင်းမွန်သည့် နိုင်ငံတခု ပို၍ ဖြစ်လာမည်ကို ယုံကြည်ကြောင်း ထို CDM အရာရှိက ရှင်းပြသည်။