လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အစိုးရသက်တမ်းဝက်အစီရင်ခံစာ

အောက်တိုဘာ 18, 2018

အရှေ့တောင်အာရှ စာနယ်ဇင်း မဟာမိတ်အဖွဲ့အစည်း

အရှေ့တောင်အာရှ စာနယ်ဇင်း မဟာမိတ်အဖွဲ့အစည်း (SEAPA) ဟာ အရှေ့တောင်အာရှ ဒေသအတွင်း စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို မြှင့်တင့်ကာကွယ်ရေးအတွက် အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ SEAPA ကို ၁၉၉၈ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့မှာ တည်ထောင်ခဲ့ပါတယ်။ SEAPA ဟာ အရှေ့တောင် အာရှဒေသတွင်းနဲ့ ဒေသပြင်ပက အဖွဲ့ဝင် အဖွဲ့အစည်း ၁၃ ခုအပြင် မီဒီယာအရေး စည်းရုံးဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး၊ မီဒီယာရေးရာကျမ်းကျင်တဲ့ နယ်ပယ်နဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းနယ်ပယ်တွေမှာ အလုပ်လုပ်နေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ ပူးပေါင်းပြီးဒေသတွင်းမှာ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ စာနယ်ဇင်းနဲ့ မီဒီယာတွေအတွက် လွတ်လပ်ပြီးလုံခြုံဘေးကင်းတဲ့ နယ်ပယ်တစ်ခု ဖြစ်ပေါ်လာဖို့ ဆောင်ရွက်နေပါတယ်။

ဒီအစီရင်ခံစာဟာ အသံနဲ့ SEAPA ရဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ မီဒီယာလွတ်လပ်ခွင့်ကို ချိုးဖောက်မှုနဲ့ သက်ဆိုင်တဲ့ဖြစ်စဉ်တွေကို အသံအဖွဲ့က စောင့်ကြည့်ပြီး မှတ်တမ်းတင်နိုင်ဖို့ SEAPa က အသေးစားထောက်ပံ့မှုတစ်ခု ပံ့ပိုးခဲ့ပါတယ်။ SEAPA နဲ့ အသံဟာ မှတ်တမ်းတင် ကောက်ယူမှုနည်းလမ်း၊ ဖြစ်စဉ်အမျိုးအစား ခွဲခြားပုံနဲ့တည်းဖြတ်တဲ့ အပိုင်းတွေမှာလည်း ဆွေးနွေးတိုင်ပင်ပြီး ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

မှတ်တမ်းကောက်ယူမှု နည်းလမ်းများ

“အသံ” အဖွဲ့၏ ယခုအစီရင်ခံစာကို ရေးသားရာတွင် နေ့စဉ်ထုတ် သတင်းစာများ၊ ဂျာနယ်များမှ သတင်းများနှင့် ယုံကြည်စိတ်ချရသော အွန်လိုင်းသတင်းဌာနများမှ သတင်းများကို ကဏ္ဍအလိုက် ခွဲခြမ်းစိတ်ဖြာ လေ့လာခြင်း၊ တရားရုံးထုတ်များသို့ သွားရောက်လေ့လာပြီး တွေ့ဆုံမေးမြန်းခြင်းနှင့် ဖုန်းဖြင့်ဆက်သွယ်ပြီး မေးမြန်းမှတ်တမ်းတင်ခြင်း နည်းလမ်းများဖြင့် ပြုစုခဲ့ခြင်းဖြစ်သည်။

အခန်း ၁
နိဒါန်း

၁၉၈၈ ခုနှစ်၊ တပ်မတော်က အာဏာသိမ်းပြီး နောက်ပိုင်းတွင် မြန်မာပြည်၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်မှာ (လုံးဝ) ပျောက်ကွယ်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (စစ်အစိုးရ)က စိတ်ကြိုက်ရေးဆွဲထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်လာခဲ့သည်။ အဆိုပါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ၂၀၁၀ ပြည့်နှစ်တွင် စစ်ဘက်မှ အရပ်ဘက်သို့ ကူးပြောင်းလာခဲ့သော အငြိမ်းစား ဗိုလ်ချုပ်ကြီးများ ဦးဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၉၉၈ နောက်ပိုင်း ပထမဦးဆုံး အထွေထွေရွေးကောက်ပွဲတွင် အာဏာရလာပြီး ဦးသိန်းစိန်သမ္မတ ဖြစ်လာခဲ့သည်။

ဒီမိုကရေစီ ဖော်ဆောင်ပေးမည်ဟု ပြောကြားခဲ့သည့် ဦးသိန်းစိန်အစိုးရ လက်ထက်တွင် လွတ်လပ်စွာပြောဆိုခွင့် အနည်းငယ်ရရှိလာခဲ့သည်။ ပုဂ္ဂလိက သတင်းစာများ၊ ဂျာနယ်များကို ထုတ်ဝေခွင့်ပြုခဲ့ခြင်း၊ သံချပ်များ ပြန်လည်လက်ခံခဲ့ခြင်းနှင့် ဆန္ဒပြခြင်းကို ဥပဒေတစ်ရပ်ရေးဆွဲကာ ခွင့်ပြုခဲ့ခြင်းတို့မှာ ယခင် စစ်အစိုးရနှင့် နှိုင်းစာလျှင် တိုးတက်လာသည်ဟု ပြောနိုင်သည်။

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) သောင်ပြိုကမ်းပြို အနိုင်ရပြီးနောက်ပိုင်းတွင် လွတ်လပ်စွာပြောဆိုခွင့် ပိုမိုရရှိလာလိမ့်မည်ဟု ပြည်သူအားလုံးက မျှော်လင့်ခဲ့ကြသည်။ အမျိုးသားပညာရေး ဥပဒေကြမ်းကို ကန့်ကွက််သောအားဖြင့် မန္တလေးမှ ရန်ကုန်သို့ ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး တရားရင်ဆိုင်နေရသော ကျောင်းသားများ၏အမှုများကို သမ္မတာသစ် ဦးထင်ကျော်က ပိတ်သိမ်းပြီး ပြန်လွှတ်ပေးခဲ့သည်။ အစိုးရကို ဆန္ဒပြခြင်းကြောင့် အခြားသော နိုင်ငံရေးပုဒ်များဖြင့် ထောင်တွင်း အကျဉ်းကျနေသော နိုင်ငံရေးသများ၊ တက်ကြွလှုပ်ရှားသူများ၊ အလုပ်သမား၊ လယ်သမားများကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် ပတ်သက်၍ NLD အစိုးရသစ်၏ ကောင်းမွန်သောခြေလှမ်းများ ဖြစ်ခဲ့သည်ကို ငြင်းဆို၍ မရနိုင်ပါ။ သို့သော် ယင်းနောက်ပိုင်းတွင် NLD အစိုးရနှင့် လွှတ်တော်သည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် ပိတ်ပင်ကန့်သတ်မှုများကို ရည်ရွယ်ချက်ရှိရှိ တစ်နည်း၊ ရယ်ရွယ်ချက်မရှိဘဲ တစ်ဖုံ ပြုလုပ်လာခဲ့သည်ကို တွေ့ရသည်။

ယခု အစီရင်ခံစာသည် NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့အထိ၊ အစိုးရ၏ သက်တမ်းဝက်ဖြစ်သော ၂ နှစ်ခွဲ ကာလအတွင်း ဖြစ်ပျက်ခဲ့သော လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် ဆိုင်သည့်ချိုးဖောက်ကျူးလွန်မှုများကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ဒီမိုကရေစိခရီးကို လျှောက်လှမ်းနေသော မြန်မာနိုင်ငံတွင် ပြည်သူတို့၏ အခြေခံရပိုင်ခွင့်ဖြစ်သော လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ရရှိရေးသည် အလွန်အရေးကြီးလှသည်။ ထိုရပ်ပိုင်ခွင့်ကို ကာကွယ်မြှင့်တင်ရန် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ချိုးဖောက်ကျူးလွန်မှုများကို မှတ်တမ်းတင် စောင့်ကြည့် ထုတ်ဖော် ဝေဖန်ခြင်းသည် မဖြစ်မနေ လုပ်ဆောင်ရမည့် အလုပ်တစ်ခုအဖြစ် “အသံ” အဖွဲ့က ယုံကြည်ပါသည်။

အခန်း (၂)
လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်

အပိုင်း ၁ – အရပ်သားအစိုးရ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် ချိုးဖောက်မှုများ

အရပ်သား အစိုးရ၏ သက်တမ်း နှစ်နှစ်တာ ကာလအတွင်း ပေါ်ပေါက်ခဲ့သော လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ချိုးဖောက်ခံရမှုများအား ဖော်ပြပါ အခြေအနေများအတိုင်း တွေ့ရှိရသည်။

(က)ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ကို မပယ်ဖျက်ခဲ့ခြင်း

အငြင်းပွားဖွယ် ဆက်သွယ်ရေးဥပဒေကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလတွင် စတင် ပြဌာန်းခဲ့ပြီး ယခုအချိန်တွင် ဥပဒေသက်တမ်းမှာ ၅ နှစ်အထိ ရှိလာပြီ ဖြစ်သည်။ ယင်းဥပဒေသည် ၂၀၁၅ ခုနှစ်မှ စ၍ ယနေ့အချိန်ထိ နာမည်ဆိုးဖြင့် ကျော်ကြားလာခဲ့သည်လည်းဖြစ်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်ကာလသည် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် ပလက်ဖောင်း (ဝါ) အွန်လိုင်း၌ နိုင်ငံရေးပါတီများ၏ ယှဥ်ပြိုင်မှုများ၊ တစ်ဖက်နှင့်တစ်ဖက် ထိုးနှက်မှုများကို အားကောင်းမောင်းသန့် တွေ့ခဲ့ရသည့် ကာလလည်းဖြစ်သည်။ သို့သော် ဆက်သွယ်ရေးဥပဒေသည် မိမိသဘောထားအမြင်ကို အွန်လိုင်းမှ တစ်ဆင့် ရေးသားထုတ်ဖော်ကြသည့် အင်တာနက်သုံးစွဲသူများအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့သည်။

ဖြစ်လာခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲကာလအတွင်း ပြည်သူတစ်ယောက်က အွန်လိုင်းတွင် တပ်မတော်အား ဝေဖန်ထားသည့် အကြောင်းအရာအပေါ် တပ်မတော်မျ တရားစွဲဆိုခဲ့ခြင်းဖြင့် ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆိုကြသည့် အဆိုးကျော့သံသရာ စတင်ခဲ့သည်။ ထိုအချိန်ကာလမှ စတင်၍ အွန်လိုင်းတွင် ဝေဖန်မှုများ၊ ထုတ်ဖော်ရေးသားမှုများပေါ် ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆိုမှုသည် တစ်ဟုန်ထိုးမြင့်တက်လာခဲ့သည်။ အရပ်ဘက် အဖွဲ့အစည်းများ၊ ဥပဒေပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများက ဥပဒေပြင်ဆင်ရန်၊ သို့မဟုတ် ဖျက်သိမ်းရန် ကြိုးစားခဲ့ကြပြီးနောက် ၂၀၁၇ ခုနှစ် သြဂုတ်လတွင် လွှတ်တော်၌ ဥပဒေကို ပြင်ဆင်ခဲ့သည်။ သို့သော် ဥပဒေပြင်ဆင်ချက်သည် အရပ်ဘက်အဖွဲ့အစည်းများ၏ အကြုံပြုချက်အတိုင်း ပြင်ဆင်ခဲ့ခြင်းမဟုတ်ဘဲ အပေါ်ယံပြင်ဆင်ချက်များသာ ပြုလုပ်ခဲ့သည်။ ယခုအချိန်တွင် ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆိုမှုများမှ ၁၅၀ မှုအထိ ရှိလာခဲ့ပြီး ယခင်အစိုးရလက်ထက်တွင် ၁၁ မှု၊ လက်ရှိအစိုးရလက်ထက်တွင် ဥပဒေ မပြင်ဆင်ရသေးမီ ၉၁ မှုနှင့် ဥပဒေပြင်ဆင်ပြီးနောက် တစ်နှစ်အတွင်း တရားစိမှုများမှာ ၄၈ မှု ရှိနေပြီ ဖြစ်သည်။

ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ အား ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့တွင် အတည်ပြု ပြဌာန်းခဲ့ပြီး ထင်ရျားသည့် ပြင်ဆင်ချက်မှာ သုံးချက်ခန့်သာရှိသည်။ ယင်းဥပဒေပါ ပုဒ်မ ၆၆ (ဃ)၏ ပြစ်မှုမြောက်စေသည့် အချက်များကို လျှော့ချခြင်း၊ ယင်းပုဒ်မပါပြစ်မှု၏ ပြစ်ဒဏ်ကိုလျှော့ချခြင်း၊ ကြားလူမှ တရားစွဲဆိုမှု မပြုနိုင်ရန် ထည့်သွင်းပြဌာန်းခြင်းတို့ဖြစ်သည်။ ယင်းဥပဒေပါ ပုဒ်မ ၆၆ (ဃ) တွင် ပါဝင်သည့် ပြစ်မှုများ လျှော့ချခဲ့သော်လည်း အသရေဖျက်မှုဆိုသည် အချက်မှာ ပျက်ပြယ်သွားခြင်းမရှိဘဲ ဆက်လက် ပါဝင်နေသေးသည်ကို တွေ့ရှိရသည်။

ဥပဒေပြင်ဆင်ခြင်း

အသရေဖျက်ခြင်းအတွက်မှု ပြစ်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေ အခန်း ၂၁၊ ပုဒ်မ ၅၀၀ တါင် ပြစ်မှု၊ ပြစ်ဒဏ်များ၊ ပြဌာန်းချက်များတည်ရှိပြီး ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ပြင်ဆင်ပြဌားန်ခဲ့သော သက်သေခံ အက်ဥပဒေအရလည်း လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ သို့မဟုတ် အဖွဲ့အစည်းကို ဂုဏ်သိက္ခာ ပျက်ယွင်းစေရန် အကြံအစည်ဖြင့် အွန်လိုင်းတွင် ဆောင်ရွက်ပါက အသရေဖျက်ဆိုင်ရာ ရာဇသတ်ကြီး ဥပဒေဖြင့် အရေးယူနိုင်သည်။ သို့သော် ဆက်သွယ်ရေးဥပဒေ၌ အသရေဖျက်မှုအား ထပ်မံပြဌာန်းခြင်းသည် ဥပဒေအချင်းချင်း ပဋိပက္ခဖြစ်ပွားစေသည်။ ထို့အပြင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုပါက အဆင့်များပြားပြီး ရှုပ်ထွေးမှုများရှိသည်။ အမှုကျေအေးခြင်း၊ ပြန်လည်ရုပ်သိမ်းခြင်း ပြုပါကလည်း အဆင့်ဆင့် ဆောင်ရွက်ရသ်ဖြင့် စွပ်စွဲခံရသူအတွက် နစ်နာမှုများရှိနေသည်။ “အသံ” အဖွဲ့၏ စစ်တမ်းများအရ အမှုဖွင့်ဖြစ်စဉ်သည် တစ်နှစ်နီးပါးအထိ ကြာမြင့်တတ်ပြီး၊ အမှုပိတ်သိမ်းပါကလည်း အနည်းဆုံး ၆ လခန့်ကြာမြင့်တတ်သည်။

အသရေဖျက်ခြင်း

Download Eng Full Report: PDF

Download MM Full Report: PDF

%d bloggers like this: