၂၀၁၉ ခုနှစ် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အခြေအနေ

January 27, 2020

The state of freedom of expression in 2019

နိဒါန်း

မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်သည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရေးနှင့်ပတ်သက်၍ စိန်ခေါ်ချက် အလွန်ကြီးမားသော နှစ်တစ်နှစ် ဖြစ်ခဲ့ပေသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင်သော လက်ရှိအရပ်သားအစိုးရ အုပ်ချုပ်ရေးသက်တမ်းအတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ချိူးဖောက်ခံရမှုများမှာ နှစ်စဉ် မြင့်တက်လာလျှက်ရှိသည်။ လူ့အခွင့်အရေးကို ချိုးဖောက်နေသည့် ဥပဒေ အများအပြား ဆက်လက်တည်ရှိနေသည့်အပြင် တရားစီရင်ရေးမဏ္ဍိုင်သည်လည်း လွတ်လပ်အမှီခိုကင်းမှု အားနည်းခြင်းသည် ပြည်သူများ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို မည်သူကမဆို ချိုးဖောက်နိုင်စေရန် လမ်းဖွင့်ပေးထားသကဲ့သို့ ဖြစ်နေပေသည်။ ဤအစီရင်ခံစာတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အပေါ် ဥပဒေဖြင့် ချိုးဖောက်ခဲ့မှုများအား အဓိက သုတေသနပြုလေ့လာထားပါသည်။

ဖြစ်စဉ်လေ့လာမှု – ၁

ဦးဝီရသူ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပေါ်ရန် လှုံ့ဆော်သည့် ဟောပြောမှုများကို မြေပြင်တွင်ရော အွန်လိုင်းတွင်ပါ တွင်းကျယ်စွာ လုပ်ဆောင်နေသူ တစ်ဦးဖြစ်သည်။ ထိုကဲ့သို့ အန္တရာယ်ရှိသည့်လှုံ့ဆော်မှုများနှင့် ပတ်သက်၍ အစိုးရဘက်မှ ခေါ်ယူဆွေးနွေးခြင်း၊ တားမြစ်ခြင်း၊ အရေးယူခြင်းတို့မရှိဘဲ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ခဲ့ခြင်းအတွက်ကြောင့်သာ ၂၀၁၉ ခုနှစ်၊ မေလ အတွင်းက ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က) ဖြင့် တရားစွဲဆိုခဲ့သည်ကို တွေ့ရှိရပါသည်။

တပ်မတော်သည် အထူးသဖြင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူအများအပြားကို တရားစွဲဆိုခဲ့ခြင်းဖြင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ခဲ့သည်။ ၂၀၁၉ ခုနှစ်၏ နိုင်ငံရေးအခင်းအကျင်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး တောင်းဆိုပွဲ၊ ဟောပြောပွဲများ ပေါ်ပေါက်လာခြင်း၊ တပ်မတော်၏ နိုင်ငံရေးတွင် ပါဝင်နေခြင်းကို ဝေဖန်ခြင်း၊ တပ်မတော်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြည်တွင်းနှင့် နိုင်ငံတကာမှ ထောက်ပြရှုံ့ချခြင်းများ မြင့်တက်လာသည်နှင့်အမျှ တပ်မတော်မှ ဝေဖန်ပြောဆိုသူများအား တရားစွဲဆိုမှုများ သိသိသာသာ များပြားလာခဲ့သည်ကို တွေ့ရှိရသည်။

Download PDF: