မြန်မာနိုင်ငံတွင်း အာဏာသိမ်းပြီး ၆ လ အတွင်း ငြိမ်းချမ်းစွာစုဝေးခြင်း အခြေအနေ

ဩဂုတ် 9, 2021

ငြိမ်းချမ်းစွာစုဝေးခြင်း

အပြည်ပြည်ဆိုင်ရာ ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (ICCPR) အပိုဒ် ၂၁ အရ “ငြိမ်းချမ်းစွာစုဝေးခွင့်ကို အသိအမှတ်ပြုရမည်” ဟု ဖော်ပြထားသည်။ ငြိမ်းချမ်းစွာစုဝေးခွင့်သည် သီးသန့်ရည်ရွယ် ချက်ဖြင့် အကြမ်းမဖက်သော လူများစုဝေးမှု၊ မှုဝါဒအားဖြင့် ထုတ်ဖော်ပြောဆိုမှုပုံစံမြောက်သည့် စုဝေးမှုများကိုကာကွယ်ပေးသည်။ ငြိမ်းချမ်းစွာစုဝေးခြင်းဆိုသည်မှာ မြေပြင်တွင်ဖြစ်စေ၊ အွန်လိုင်းပေါ်၌ဖြစ်စေ အများပြည်သူဆိုင်ရာနေရာ သို့မဟုတ် ကိုယ်ပိုင်နေရာတစ်ခုခုတွင် ဘုံရည်ရွယ်ချက်တစ်ခုအတွက် အကြမ်းမဖက်သော စုဝေးမှုကို ဆိုလိုသည်။ ယင်းစုဝေးမှုများသည် ဆန္ဒထုတ်ဖော်ခြင်း၊ ကန့်ကွက်ဆန္ဒပြခြင်း၊ အစည်းအဝေးများ၊ သပိတ်များ၊ ဆီးမီးထွန်းလမ်းလျှောက်ပွဲ၊ ထိုင်သပိတ်များ၊ အွန်လိုင်းပေါ်မှ စုရုံးခြင်းနှင့် ရုတ်တရက်ဖြစ်ပေါ်လာသော လူစုဝေးတို့ အပါအဝင် ပုံစံမျိုးစုံဖြင့်ရှိနိုင်သည်။ ထိုစုဝေးမှုများ၌ ပါဝင်ကြသူများ သို့မဟုတ် ဆန္ဒပြပွဲတွင် ပါဝင်ကြသူများအနက် တစ်ဦးတစ်ယောက် သို့မဟုတ် တချို့ပုဂ္ဂိုလ်များကသာ တစ်စုံတစ်ခုသော အကြမ်းဖက်မှုလုပ်နေလျှင်ပင် ထိုစုဝေးမှုတစ်လုံးသည် အကြမ်းဖက်သည်ဟု မဆိုနိုင်ပေ။ စုဝေးမှု၌ ပါဝင်သူများမှ အကြမ်းဖက်မှုကို ကျယ်ကျယ်ပြန့်ပြန့်နှင့် ပြင်းပြင်းထန်ထန်လုပ်လာသောအခါမှသာ ထိုစုဝေးမှုကို မငြိမ်းချမ်းသော စုဝေးမှုဟု ယူဆကြောင်း အထွေထွေ မှတ်ချက် ၃၇ (General Comment 37) တွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလမှ စ၍ ဇွန်လအကုန်ထိ အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲပေါင်း ၄၇၀၀ ကျော်ကို စောင့်ကြည့်လေ့လာခဲ့သည့် The Armed Conflit Location & Event Data Project (ACLED) အရ ၉၈ ရာခိုင်နူန်းသော ဆန္ဒပြပွဲများသည် ငြိမ်းချမ်းသောဆန္ဒပြပွဲများဖြစ်သည်ဟုဆိုသည်။ ၂၀၂၀ နိုဝင်ဘာလ ရွေးကောက်ပွဲတွင် မဲမသာမှုဖြစ်သည်ဟူသော အကြောင်းပြချက်ဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်သားအစိုးရအဖွဲ့ဝင်များကို ဖမ်းဆိီးပြီး အာဏာကို အဓမ္မနည်းဖြင့် သိမ်းယူခဲ့သည်။ ထိုအချိန်မှစ၍ နိုင်ငံအတွင်း မြို့ကြီး၊ မြို့ငယ်၊ ကျေးရွာများနှင့် ပြည်ပရောက် မြန်မာနိုင်ငံသားများမှ လူပေါင်းသိန်းသန်းချီ၍ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်သည့် ပထမဦးဆုံးသော ကမ်ပိန်းအဖြစ် သံပုံးတီးကမ်ပိန်းကို ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် နိုင်ငံတဝန်းလုံး၌ စတင်ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ပတ်သက်၍ စစ်အာဏာမသိမ်းခင်နှင့် အာဏာသိမ်းပြီးအခြေအနေ။

ငြမ်းချမ်းစွာ စုဝေးခွင့်သည် စစ်အာဏာမသိမ်းခင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဦးဆောင်သော အရပ်သားအစိုးရလက်ထက်ကတည်းက ကန့်သတ်ဖိနှိပ်ခံခဲ့ရပြီး အာဏာသိမ်းပြီးနောက်ပိုင်းတွင် အဆိုးရွားဆုံးဖိနှိပ်ခံနေရသည်။ ပြီးခဲ့သော အစိုးရသက်တမ်းအတွင်းတွင် ငြိမ်းချမ်းရေး ကဗျာရွတ်ဆိုပွဲပြုလုပ်သူများအား ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ (၁၉) ဖြင့် တရားစွဲခြင်း၊ တပ်မတော်ကို အရေးယူပေးရန် တစ်ကိုယ်တော် ဆန္ဒပြခဲ့သည့်သူအား ငြိမ်းစုစီ ဥပဒေ (၂၀) အပြင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (ခ) ဖြင့်ပါ ဖမ်းဆိးထောင်ချခြင်းများ ကရင့် အာဇာနည်နေ့ကျင်းပခြင်းနှင့် “ကရင့်အာဇာနည်” ဟူသော အသုံးအနူန်းသုံးစွဲခြင်းတို့ကြောင့် ဦးဆောင်ကျင်းပသူများအား ထောင်ဒဏ်ချမှတ်ခြင်းများ၊ ရခိုင်ပြည်နယ်တွင် အင်တာနက်ပြန်ဖွင့်ပေးရေး တောင်းဆိုဆန္ဒပြခဲ့သောကျောင်းသား၊ လူငယ်များအား ငြိမ်းစုစီ ဥပဒေ ပုဒ်မ (၁၉) အပြင်၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ (၂၅) တို့ဖြင့်ပါ ထောင်ဒဏ်ချမှတ်ခြင်းများ စသည့် ငြိမ်းချမ်းစွာစုဝေးခြင်းအပေါ် ချိုးဖောက်ဖမ်းဆီး၊ အရေးယူမှုများရှိခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် စတင်ကာ မန္တလေးမြို့၊ ဆေးတက္ကသိုလ်ရှေ့နှင့်ရန်ကုန်၊ စစ်ချောင်းမြို့နယ်တို့တွင် လူငယ်တချို့မှ စတင်ဦးဆောင်ပြီး ဖမ်းဆီးခံခေါင်းဆောင်များ ပြန်လွှတ်ပေးရေးနှင့် ဒီမိုကရေစီပြန်လည်ရရှိရေး စုဝေးဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ပထမ သုံးရက်မှ စတင်၍လည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လက်ကမ်းစာရွက်များဖြန့်ချခြင်းများ၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြသသည့် ဖဲကြိုးနီလှုပ်ရှားမှုများကို ပညာရေး၊ ကျန်းမာရေး၊ ပို့ဆောင်ဆက်သွယ်ရေးစသည့် ဌာန အသီးသီးမှပြည့်သူ ဝန်ထမ်းများမှလည်း ဖော်ထုတ်ဆန္ဒပြခဲ့ကြသည်။ ဖေဖော်ဝါရီလ ၄ ရက်၊ ၅ ရက်နေ့များမှ စတင်ကာ ကျေးရွာများပါမကျန် မြို့ကြီး၊ မြို့ငယ်အသီးသီး၌ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပွဲများ အရှိန်အဟုန်မြင့် အားကောင်းလာခဲ့သည်။

အာဏာသိမ်းစစ်တပ်၏ ဖြိုခွဲမှုများ

အာဏာသိမ်းပြီး ပထမဆုံးထွက်ပေါ်လာသော ဆန္ဒပြသူများမှ မန္တလေးမြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသော ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ကိုမင်းညီညီကွန်း၊ ကိုရဲဝင်းထွန်း၊ ကိုပြည့်စုံအောင်နှင့် ကိုစောဥက္ကာဦးတို့အား ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ နှင့် သဘောဝဘေးန္တရာယ် စီမံဥပဒေပုဒ်မ ၂၅ ဖြင့် ဖမ်းဆီးအရေးယူခဲ့သည်။ သံပုံးတီးကမ်ပိန်းသည် တစ်နိုင်ငံလုံးအနှံ့ ည (၈) နာရီ အချိန်တိုင်း အိမ်ထဲတွင်ရှိပါက အိမ်ထဲတွင် သံပုံးတီးခြင်း၊ လမ်းမှာရှိပါက ဆိုင်ကယ် သို့မဟုတ် ကားဟွန်းတီးခြင်း စသည့် တစုတစည်းတည်းပြုလုပ်သော အရှိန်အဟုန်ကောင်းသည့် အာဏာရှင်ဆန့်ကျင်ရေး ကမ်ပိန်းဖြစ်သောကြောင့် ဖေဖော်ဝါရီလ ၄ ရက်နေ့မှ စတင်ကာ ဖမ်းဆီးလာခဲ့သည်။ မန္တလေး၊ နေပြည်တော်၊ ရန်ကုန်၊ ဧရာဝတီနှင့် ချင်းပြည်နယ်တို့တွင် အနည်းဆုံး လူပေါင်း ၃၀ နီးပါး သံပုံတီးခြင်းကြောင့် ထောင်ချ အရေးယူခံခဲ့ရသည်။ ရဲ ဥပဒေပုဒ်မ ၄၇ ဖြင့် ဖမ်းဆီးအရေးယူပြီး ထောင်ဒဏ် ၇ ရက်ချမှတ်ခံရသူ ၁၀ ဦးထက်မနည်း ရှိခဲ့သည်။ ချင်းပြည်နယ်၊ ဟားခါးမြို့တွင် သံပုံးတီးခြင်းကြောင့် ပုဒ်မ ၃၄ ဖြင့် အရေးယူခံရကာ ထောင်ဒဏ် ၈ ရကန်ှင့် ငွေဒဏ် ၅၀ ချမှတ်ခံရသူများလည်းရှိသည်။ ရပ်ကွက်၊ ကျေးရွာအလိုက် သံပုံးတီးကမ်ပိန်း ပါဝင်သူများအား အုပ်ချုပ်ရေးမှူး သို့မဟုတ် ရဲများက ခေါ်ယူစစ်ဆေးခြင်းများ ပြုလုပ်ခြင်း၊ ခံဝန်ဖြင့် ပြန်လွတ်ပေးခြင်းနှင့် ရပ်ကွက်နေပြည်သူများမှ ဝန်းရံညှိနှိုင်းပေးသဖြင့် အမှုပိတ်သိမ်းပေးခဲ့သည်များလည်းရှိသည်။ သံပုံးတီးကမ်ပိန်းသည် တနိုင်ငံလုံးအတိုင်းအတာအထိ ပျံ့နှံ့သည့်အတွက် ဖမ်းဆီးအရေးယူရန် မလွယ်ကူသောကြောင့် ကမ်ပိန်းပြုလုပ်ခြင်းအား ခြိမ်းခြောက်ရန် ရပ်ကွက်အတွင်း၊ ရပ်ရွာအတွင်း၌ သေနတ်ပစ်ဖောက်ခြင်းများလည်းရှိသည်။ ဥပမာအားဖြင့်ဆိုသော် ည (၈) နာရီအချိန် သံပုံးတီးသံကြားသည်နှင့် စစ်ကောင်စီ၏ တပ်သားများမှ အုပ်စုလိုက်ရပ်ကွက်တွင်းသို့ ဝင်လာပြီးဆဲဆိုခြင်း၊ သေနတ်ဖြင့် ပစ်ဖောက်ခြင်းနှင့် သံပုံးတီးသော အိမ်များထဲမှတစ်အိမ်အိမ်အား ဝင်ရောက်ဖမ်းဆီးခြင်းများ ပြုလုပ်ကာ လူထု၏ သံပုံးတီးကမ်ပိန်းအား ဖိနှိပ်ခဲ့သည်။

ဖော်ဖော်ဝါရီလ ၆ ရက်၊ ၆ ရက်နေ့များ နောက်ပိုင်းတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မုံရွာ၊ တောင်ကြီး၊ မကွေး၊ စသည့်နေရာအနှံ့ လူငယ်များဦးဆောင်သည် ဆန္ဒပြပွဲများ တစ်စထက်တစ်စများပြား ပေါ်ပေါက်လာခဲ့သည်။ ထိုအချိန်တွင် နိုင်ငံတကာဥပဒေများအရ ကန့်သတ်ထားသည့် ဆန္ဒပြပွဲများတွင် ကျင့်သုံးသည့် စည်းသုံးစည်းတား၍ အသင့်အနေအထားဖြင့်စောင်ကြည့်သည်။ ထို့နောက် ဖေဖော်ဝါရီ ၈ ရက်နေ့တွင် “စစ်အာရှင်စနစ်အလိုမရှိ” ဟူသည့် ကြွေးကြော်သံဖြင့် မနက်ပိုင်း (၈) နာရီမှ စတင်ခဲ့သည့် နေပြည်တော်ဆန္ဒပြ ပြည်သူများကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက ရေကားအသုံးပြု၍ ဆန္ဒပြလူအုပ်ထဲသို့ရေပိုက်ဖြင့် ထိုးခဲ့သောကြောင့် လူတချို့ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သည်။ မန္တလေးမြို့တွင် (၉) ရက်နေ့ တစ်ရက်တည်း၌ပင် ဆန္ဒပြပြည်သူ အယောက် ၆၀ ခန့် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည်။ နေပြည်တော်မြို့လယ် သပြေကုန်းအဝိုင်း ဆန္ဒပြပွဲတွင်ရဲတပ်သားများသည် ကျည်အစစ်ဖြင့် ပစ်ခတ်ဖြိုခွဲမှုကို စတင်လုပ်ဆောင်လာခဲ့သည်။ ထိုပစ်ခတ်မှုကြောင့် လူငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြပြီး လူငယ်များဖြစ်ကြသော ကိုဆိုဝေနှင့် မမြသွဲ့သွဲ့ခိုင်တို့နှစ်ဦးသည် ရင်ဘတ်ထုတ်ချင်းပေါက်ကျည်ဆံရာနှင့်၊ ဦးခေါင်းကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်။ မမြသွဲ့သွဲ့ခိုင်သည် ထိုဦးခေါင်းကျည်ထိမှန်ဒဏ်ရာဖြင့် Brain Dead (ဦးနှောက်သေသွားခြင်း) ဖြစ်သွားပြီး ဖေဖာ်ဝါရီ ၁၉ ရက်နေ့တွင် အသက်ဆုံးပါးသွားခဲ့သည်။ ထို့နောက်တွင် လူထု၏စစ်ကောင်စီအပေါ် မကျေနပ်မှုများ ပိုမိုတိုးလာပြီး လမ်းမထက်၌ လူပေါင်း သိန်းသန်းချီကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ လူထုဆန္ဒပြမှု ပိုမိုအားကောင်းသည်နှင့်အမျှ စစ်ကောင်စီ၏ လက်အောက်ခံ ရဲနှင့် စစ်သားများမှ နိုင်ငံတဝန်း ဆန္ဒပြမှုဖြစ်ပွားသည့် မြို့နယ်များ၌ ပြည်သူများအား အတင်းအဓမ္မ ဖမ်းဆီးထိန်း သိမ်းခြင်း၊ ဆန္ဒပြနေစ ရေပိုက်ဖြင့်ထိုး၍ဖြိုခွင်းခြင်း၊ အသံဗုံး၊ မျက်ရည်ယိုဗုံးအသုံးပြု၍ လူစွဲခွဲခြင်း၊ ဖမ်းဆီးခြင်း၊ ရာဘာကျည်များ၊ ကျည်အစစ်များဖြင့် ရက်ရက်စက်စက် ပစ်ခတ်ဖြိုခွဲခြင်းများတို့ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရသည်။ လမ်းမပေါ်တွင် We want Justice, Spring Revolution, We need Democracy စသည့် Street Graphic ရေးဆွဲသည့် လူငယ်များကိုလည်း ဖမ်းဆီးစစ်ဆေးခြင်း၊ ရာဘညကျည်ပစ်ဖောက်၍ ဖမ်းဆီးခြင်းများအပြင် ဆန္ဒပြပြည်သူများအား စနိုက်ဘာဖြင့် ဦးခေါင်းတည့်တည့် ပစ်ခတ်မှုများကို ရက်စက်စွာလုပ်ဆောင်လာကြသည်။ တက်ကြွလှုပ်ရှားသူများ၊ သပိတ်ခေါင်းဆောင်များကို မြေလှန်ရှာဖွေရိုက်နှက်ဖမ်းဆီးခြင်း၊ ဖိနှိပ်ခြင်းများကြောင့် လူထုလှုပ်ရှားမှုသည် အတန်ငယ်အားလျော့သွားသည့် အနေအထားရှိသော်လည်း အာဏာရှင်ဆန့်ရှင်သည့် ဆန္ဒပြပွဲများ ယနေ့ထိတိုင် ဆက်လက်ရှိနေဆဲဖြစ်သည်။

စစ်အာဏာသိမ်းပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ငြိမ်းချမ်းစွာဆန္ဒပြခြင်းကြောင့် ပြည်သူပေါင်းအနည်းဆုံး ၆၅၁ ဦး သေဆုံးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အများဆုံးဖြစ်သည်။ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဆန္ဒပြပွဲဖြိုးခွင့်ခံရသောကြောင့် အသက်ဆုံးရှုံးမှုမတွေ့ရှိရပေ။ အကြောင်းရင်းမှာ ကရင်ပြည်နယ် ဆန္ဒပြပွဲများ ကေအန်ယူမှလိုက်ပါစောင့်ကြပ်ပေးမှုကြောင့် အကြမ်းဖက်ဖြိုခွင်းမှု မတွေ့ရပေ။ ချင်းပြည်နယ်ပြည်သူများသည် တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် သေဆုံးမှုရှိသော်လည်း ဆန္ဒပြပွဲများဖြိုခွင်းခံရ၍ ကျဆုံးသူ မတွေ့ရှိရပေ။ ရခိုင်ပြည်နယ်တွင်လည်း ဆန္ဒပြလူငယ်များအား ဖမ်းဆီးအရေးယူခြင်းများတွေ့ရသော်လည်းအကြမ်းဖက်ဖြိုခွင်းခံရမှုနည်းပါးခဲ့သည်။

နောက်ဆက်တွဲ ဖမ်းဆီးအရေးယူမှုများစွာရှိ

ယခု သုတေသန အစီရင်ခံစာပါ အချက်အလက်ကိန်းဂဏန်းများသည် ဆန္ဒပြနေစဉ်အတွင်း ဖမ်းဆီးခံရသည့် စာရင်းသာဖြစ်သည်။ ဆန္ဒပြပွဲအတွင်းတွင် မဟုတ်သော်လည်း သပိတ်စစ်ကြောင်းများတွင် ပါဝင်သော လူငယ်များကို ရပ်ကွက်များအတွင်းထိ ဝင်ရောက်ဖမ်းဆီး သည့် အများအပြားရှိသည်။ မန္တလေးမြို့ ၄၁ လမ်းတွင် မတ်လ ၁၃ ရက်နေ့ မနက်ပိုင်းက တပ်ပေါင်းစု ထိုင်သပိတ် ဖြိုခွဲခံခဲ့လိုက်ရပြီးနောက် သပိတ်တွင်ပါဝင်သည့် လူငယ်ကျောင်းသား ကျောင်းသူ ၃၀ ခန့်သည် ဒေါ်ပြုံး၏ အိမ်ထဲသို့ ခေတ္တခဏ ဝင်ပုန်းအောင်ခဲ့သည်။ ထို့နောက် စစ်ကောင်စီ၏ စစ်သားနှင့် ရဲများ ရောက်ရှိလာပြီး ပုန်းအောင်နေသူများ ထုတ်မပေးသည့်အတွက် အိမ်ပိုင်ရှင် ဒေါ်ပြုံးအား ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့သည့် ဖြစ်စဉ်နှင့် အလားတူ ဖြစ်စဉ်ပေါင်းများစွာရှိသည်။

သပိတ်ခေါင်းဆောင်ကို ဖမ်းမမိသဖြင့် မိသားစုကို ဖမ်းဆီးထောင်ချခြင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ဗမွန်ရပ်ကွက်တွင်နေထိုင်သူ သပိတ်ခေါင်းဆောင် ကိုစိုးဌေးအား ဖမ်းဆီးမမိသောကြောင့် ၎င်း၏ ဇနီး၊ ၅ နှစ်အရွယ်သမီးနှင့် ၁၈ နှစ်အရွယ် သမီး ၂ ဦးကို စစ်ကောင်စီ၏ တပ်များမှ ဇွန်လ ၁၃ ရက်နေ့တွင် ဖမ်းဆီးသွားခဲ့သည်။ သမီးအကြီး မသိမ့်စန္ဒီစိုးသည် ဥပဒေအထူးပြု တတိယနှစ် ကျောင်းသူတစ်ဦးဖြစ်ကာ သွေးလေးဘက်နာရှိသူဖြစ်ပြီး စစ်ကြောရေးတွင် အကြိမ်ကြိမ်စစ်ဆေးခြင်းနှင့် နှိပ်စက်ခြင်းတို့ကြောင့် ကျန်းမာရေးဆိုးရွားခဲ့ရသည်။ အသက် ၅ နှစ်အရွယ်ရှိ မစုထက်ဝိုင်းကို ၁၈ ရက်ကြာ ဖမ်းဆီးထားခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။ ကလေးငယ်သည် ထောင်ထဲတွင် ရက်အတော်ကြာ နေထိုင်ခဲ့ရပြီး “ပုံစံ” ထိုင်ခိုင်းသူများအား မုန်းသည်ဟု ပြောကာ စိတ်ဒဏ်ရာ ရနေခဲ့ကြောင်းသိရသည်။ ထို့နောက် ကိုစိုးဌေး၏ ဇနီးဖြစ်သူနှင့် သမီးကို စစ်ကောင်စီမှ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် အရေးယူကာ ဇူလိုင် ၁၃ ရက်နေ့တွင် မိုးကုတ်မြို့တရားရုံးမှ ထောင်ဒဏ် ၃ နှစ်စီချမှတ်ခဲ့သည်။

ဧရာဝတီသတင်းဌာန၏ ဖော်ပြချက်အရ အာဏာသိမ်းမှု (၇) လကျော်အတွင်းတွင် စစ်ကောင်စီမှ ဖမ်းဆီးလိုသူများ မတွေ့သောကြောင့် ကလေးငယ်များအပါအဝင် မိသားစုဝင်များအား ဓားစားခံဖမ်းဆီးကာ ဖမ်းဆီးခံရသူ ၁၇၇ ယောက်ရှိပြီး အယောက် ၄၀ မှာ ပြန်လွတ်မြောက်လာကာ ၁၃၇ ယောက်သည် ဆက်လက်ထိန်းသိမ်းခံထားရဆဲ ဖြစ်ကြောင်း သိရသည်။ ဓားစာခံအဖြစ် ဖမ်းဆီးခံရသူများထဲတွင် ၂ နှစ်အရွယ် ကလေးငယ်မှာ အသက်အငယ်ဆုံးဖြစ်သည်။

သိပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အား ကားဖြင့်တိုက်၍ ဖမ်းဆီးကာ လူသတ်မှုပုဒ်မ အပါအဝင် ပုဒ်မ ၁၀ ခုဖြင့် တရားစွဲဆို

သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်သည် စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ဆန္ဒပြသည့် မုံရွာမြို့ ဆန္ဒပြသပိတ်စစ်ကြောင်းများတွင် ဦးဆောင်သူတစ်ဦးဖြစ်သည်။ ဧပြီလ ၁၅ ရက်နေ့တွင် မုံရွာမြို့ အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်ပြုလုပ်နေစဉ် စစ်ကောင်စီ၏ တပ်သားများက အရပ်သား အိမ်စီးကားဖြင့် တဖက်ယာဉ်ကြောမှ မောင်းနှင့်တိုက်၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ မျက်မြင်ကိုယ်တွေ့မြင်တွေ့ခဲ့ရသော လူငယ်၏ မီဒီယာသို့ ဖြေကြားချက်အရ ကိုဝေမိုးနိုင် စီးလာသော ဆိုင်ကယ်မှာ လဲကျသွားကာ ကားပေါ်မှ ဆင်းလာကြပြီး အရှိန်ဖြင့်လဲကျသွားသည့် ကိုဝေမိုးအား ဝိုင်းရိုက်ကာ ဖမ်းခေါ်သွားကြောင်းသိရသည်။ ကိုဝေမိုးနိုင်ကို အနောက်မြောက်တိုင်း စစ်ဌာနချုပ်သို့ ခေါ်ဆောင်သွားကြကာ အမဖ်းခံရပြီး နောက်တစ်ရက်တွင် မျက်နှာဖူးရောင် ဒဏ်ရာများဖြင့် ကိုဝေမိုးနိုင်၏ ဓာတ်ပုံသည် လူမှုကွန်ရက်တွင် ပျံ့နှံ့လာခဲ့သည်။

စစ်ကောင်စီဘက်မှ ကိုဝေမိုးနိုင်အား တရာစွဲဆိုထားသော ပုဒ်မ (၁၀) ခုရှိပြီး ၎င်းတို့မှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၅၊ လူသတ်မှု ပုဒ်မ ၃၀၂၊ ပူးပေါင်းကြံစည်မှု ပုဒ်မ ၁၁၄၊ အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၅၊ လူကို မတရားချုပ်နှောင်မှု ပုဒ်မ ၃၄၂၊ ဓားပြမှု ပုဒ်မ ၃၉၅၊ ဆူပူရန်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က၊ မတရားအသ်င်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၄ နှင့် တစ်ကျွန်းပို့ဒဏ်၊ ထောင်ဒဏ်ထိုက်သော ပြစ်မှုကျူးလွန်ရန် အားထုတ်ခြင်း ပုဒ် ၅၁၁ တို့ ဖြစ်သည်။

စစ်ကောင်စီဘက်မှ မန္တလေး စစ်အားဏာရှင် ဆန့်ကျင် ဆန္ဒပြပွဲများတွင် ဦးဆောင်သူတစ်ဦးဖြစ်သော လူသိများထင်ရှားသူ ဒေါက်တာတေဇာဆန်းကိုလည်း ၅၀၅(က) ဖြင့် အမှုဖွင့်ထားကာ ဧပြီလတွင် ငွေကျပ် သိန်း ၁၀၀ ဖြင့်လည်း ဖမ်းဝရမ်းထုတ်ထားသည်။

ထောင်တွင်းဆန္ဒပြမှုနှင့် ဖြိုခွင်းခံရမှု

ရန်ကုန်မြို့ ဇူလိုင်လ ၂၃ ရက်နေ့ မနက်တွင် အင်းစီန်အကျဉ်းထောင်တွင်းမှ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးနှင့် ပတ်သက်သော ကြွေးကြော်သံများဟစ်ကြွေး၍ ထောင်တွင်းဆန္ဒပြပွဲ ဖြစ်ပေါ်ခဲ့သည်။ လွတ်လပ်သော သတင်းမီဒီယာများနှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ထုတ်ပြန်ချက်များအရ အင်းစိန်သီးသန့်ထောင်၏ အမျိုးသမီးဆောင်မှ စတင်၍ ဆန္ဒပြပွဲ ဖြစ်ပေါ်ခဲ့ပြီးနောက် အကျဉ်းထောင်တစ်ခုလုံးပူးပေါင်းပါဝင်ကာ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းတချို့သည် အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့ကြကြောင်းသိရသည်။ အင်းစိန်သီးသန့်ဆောင်သည့် စစ်အာဏာသိမ်းမှုဖြစ်စဉ်ကိို ဆန့်ကျင် ကွန့်ကွက်ခဲ့သည့်အတွက် ဖမ်းဆီးထိန်းသိမ်း ထားသူများနှင့် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည့်အတွက် ဖမ်းဆီးခံထားရသူများကို ထိန်းဖမ်းထားသော အဆောင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် Covid-19 တတိယလှိုင်း ပြင်းထန်လာသည်နှင့်အမျှထောင်တွင်းအကျဉ်းသားများ ကူးစက်မှုနှင့် ရောဂါအခြေအနေဆိုးရွားနေသည်ကို အာဏာပိုင်များမှ စစ်ကောင်စီ၏ ဇွန်လ ၃၀ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးသော အကျဉ်းသားများထဲတွင် နိုင်ငံရေးအကျဉ်းသားများ မပါဝင်ခြင်းတို့သည် ဆန္ဒပြခြင်း၏ ပဓာန အကြောင်းရင်းများ ဖြစ်သည်ဟု သိရသည်။ ထိုဆန္ဒထုတ်ဖော်မှု၏ ကြွေးကြော်သံ (၃) ရပ်မှာ (၁) နိုင်ငံရေးအကျဉ်းသားများ အားလုံးခြွင်းချက်မရှိ လွှတ်ပေးရန်၊ (၂) ထောင်တွင်းတွင် ဆေးကုသခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိရန် နှင့် (၃) တင်းကြပ်လွန်းသော ထောင်တွင်းစည်းမျဉ်းများအားဖြေလျော့ပေးရန်တို့ဖြစ်သည်။ အချက် သုံးချက်နှင့်အတူ သွေးသစ္စာသီချင်းကိုလည်း ဟစ်ကြွေးခဲ့ကြသည်။

ထိုသို့ မနက်ခင်းပိုင်း ဆန္ဒထုတ်ဖော်ပြီးနောက် အင်းစိန်ထောင်အတွင်းသို့ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များရောက်ရှိလာကာ ဆန္ဒပြသူများအား ရိုက်နှက်ဖြိုခွဲခဲ့သည်။ ဦးဆောင်ပါဝင်ခဲ့ကြသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့ဝင် ကိုဇော်ထက်နိုင် (ခေါ်) ဆစ်နိုင်နှင့် အခြားနိုင်ငံရေးအကျဉ်းသားအယောက် (၂၀)ခန့် တိုက်ပိတ်ခံခဲ့ရကြောင်းသိရသည်။ အင်အားသုံး ဖြိုခွင်းခံရမှုကြောင့် အပြင်းအထန် ဒဏ်ရာရရှိသူများပြီး သေလောက်သည့် ဒဏ်ရာရရှိသူ အနည်းဆုံး ၈ ယောက်ခန့်ရှိကြောင်းလည်း လွတ်လပ်သော သတင်းမီဒီယာများ၏ ဖော်ပြချက်အရတွေ့ရှိရသည်။ ထို့ပြင် ထောင်တွင်း ဆန္ဒပြမှုများ ပျံ့နှံ့မသွားရန် မန္တလေး အိုးဘိုထောင်ကိုလည်း ဇူလိုင်လ ၂၃ ရက်နေ့တွင် စစ်အင်အား အများအပြားချထားခဲ့သည်။ ထိုသို့ အကျဉ်းထောင်တွင်း ဆန္ဒပြမှုများ ဖြစ်ပေါ်ပြီးနောက် ထောင်တွင်းစည်းမျဉ်းများ ပိုမိုတင်းကြပ်သွားကာ အစားအသောက်နှင့် ဆေးဝါးထောက်ပံ့ရန် ပိုမိုခက်ခဲခြင်းများ၊ ထောက်ဝင်စာတွေ့ရန် ခက်ခဲခြင်းများနှင့် အချို့အားနယ်ထောင်များသို့ ပို့ဆောင်ခြင်းများ ရှိသည်ဟု သိရသည်။

အချုပ်အားဖြင့်ဆိုသော် စစ်အာဏာသိမ်းခြင်းကိုဆန့်ကျင်သော မြန်မာပြည်သူ တစ်ရပ်လုံးသည် ထောင်တွင်း၊ ထောင်ပြင်၊ ပြည်တွင်း၊ ပြည်ပမကျန် မိမိတို့ရောက်ရှိရာ နေရာများတွင် အကြမ်းမဖက်ဘဲ ဆန္ဒပြခဲ့ကြသည်။ သို့သော်၊ စစ်ကောင်စီ၏ အကြမ်းဖက်ဖြိုခွင်းခြင်း၊ ကျည်အစစ်ဖြင့် ပစ်ခတ်မှုများကြောင့် ဆန္ဒပြပွဲများသည် ဖေဖော်ဝါရီလ၊ မတ်လတို့နှင့် နှိုင်းယှည်လျှင် အားအတော်အတန် လျော့သွားသော်လည်း ယနေ့အချိန်ထိ ဆက်လက်ဆန့်ကျင် ဆန္ဒပြနေဆဲဖြစ်သည်။ ပြည်သူလူထု၏ လွတ်လပ်စွာစီတန်းလှည့်လည်ခွင့်၊ အကြောက်တရားကင်းကင်းဖြင့် မိမိတို့၏ဆန္ဒသဘောထားကို ဖော်ထုတ်ခွင့်၊ လူထု၏ အသက်အိုးအိမ်၊ စည်းစိမ်၊ လုံခြုံခွင့်တို့ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေသော စစ်ကောင်စီအား သက်ဆိုးမရှည်ရန် ပြည်တွင်း၊ ပြည်ပ အင်အားစုများမှ ကြိုးပမ်းနေကြသည်။ မိမိတို့၏ ဆန္ဒထုတ်ဖော်ခွင့်နှင့် ဆန္ဒပြခြင်းတို့သည် ရာဇဝတ်မှု တစ်ခုမဟုတ်သကဲ့သို့ သေစေနိုင်လောက်သောပြစ်မှုလည်း မဟုတ်ပေ။ ထို့ကဲ့သို့ ပြည်သူများ၏ အသက်စည်းစမ်းကို ပဓာနမထားဘဲ မိမိ၏ အာဏာတည်မြဲရေးကိုသာ အဓိကထားသော စစ်ကောင်စီအား ဖယ်ရှားရန် အဖိနှိပ်ခံ ပြည်သူများအတွက် ရွေးချယ်စရာ နောက်ဆုံးနည်းလမ်းမှာ တော်လှန်ရေးဆင်နွှဲခြင်းသာ ဖြစ်သွားကြောင်းတွေ့ရှိရပေသည်။

သုတေသနနည်းလမ်း

ဤသုတေသနစာတမ်း ပြုစုရာတွင် အချက်အလက်နှင့်ဖြစ်စဉ်များကို လွတ်လပ်သော အွန်လိုင်းသတင်းမီဒီယာများအား နေ့စဉ်စောင့်ကြည့်လေ့လာခြင်းမှ ရရှိသော ဒေတာများနှင့် နိုင်ငံရေးအကျဉ်သားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ထုတ်ပြန်ရရှိသော အချက်အလက်များအပေါ် အခြေခံထားသည်။ ရရှိသော အချက်အလက်များမှ ငြိမ်းချမ်းစွာစုဝေးခြင်းကို ချိုးဖောက်ခဲ့ခြင်းများအား ပြန်လည်ဆန်းစစ်၍ ကောက်ချက်ချမှုများ ဂရုတစိုက်လုပ်ဆောင်ကာ ဤသုတေသန စာတမ်းတိုအား ပြုစုထားပါသည်။ အချက်အလက်များကို ဖော်ပြရာတွင် သရုပ်ပြ သုတေသနတွက်ချက်မှု နည်းလမ်းများကို အသုံးပြုထားပါသည်။

Download Eng PDF:

Download MM PDF:

%d bloggers like this: