သုတေသနနည်းလမ်း
ဤသုတေသနစာတမ်း ပြုစုရာတွင် ထုတ်ဝေပြီးသော သုတေသနများ၊ အစီရင်ခံစာများ၊ ထုတ်ပြန်ချက်များအား ဖတ်ရှုလေ့လာကာ သုံးသပ်ပြုစုထားသည်။ အချက်အလက်ဖြစ်စဉ်များကို လွတ်လပ်သော အွန်လိုင်း သတင်းမီဒီယာများ နေ့စဉ်စောင့်ကြည့်လေ့လာခြင်းမှ ရရှိသော ဒေတာများနှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်အသင်း (AAPP) မှ ထုတ်ပြန်ရရှိသော အချက်အလက်အချို့အပေါ် အခြေခံထားသည်။ သုတေသနကို ခွဲခြားစိဖြာရာတွင် ခြုံငုံသုံးနည်းကို အသုံးပြုထားသည်။
နောက်ခံအကျဉ်း
၂၀၂၀ ပြည့်နှစ်ကတည်းက ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် မြန်မာနိုင်ငံအတွက် စိုးရိမ်ပူပန်မှုများစွာဖြင့် ရင်ဆိုင်ခဲ့ရသော နှစ်တနှစ်ဖြစ်ခဲ့သည်။ ၂၀၂၀၊ မတ်လ ၂၃ ရက်နေ့တွင် ကိုဗစ် အတည်ပြု လူနာကို စတင်တွေ့ရှိရပြီး မြန်မာနိုင်ငံပြည်သူများဆီသို့ ရောက်ရှိလာခဲ့သည်။ ကိုဗစ်ကပ်ရောဂါနှင့်အတူ ပညာရေးနှင့် သင်ယူလေ့လာမှုများရပ်နားလိုက်ရခြင်း၊ စီးပွားရေးလုပ်ငန်းအချို့ ရပ်ဆိုင်းရခြင်း၊ လူမှုရေးနှင့် ပျော်ပွဲရွှင်ပွဲများတိတ်ဆိတ်သွားခြင်းတို့အပြင် ချစ်ရသော မိသားစုများနှင့် သေကွဲကွဲရခြင်းများ ဖြစ်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်သည် မြန်မာနိုင်ငံအတွက် သာမက အခြားသော နိုင်ငံများအတွက်လည်း ဆိုးရွားသောနှစ်တစ်နှစ် ဖြစ်ခဲ့သည်ဟု ဆိုရသော်လည်း ၂၀၂၁ခုနှစ်သည် မြန်မာပြည်သူပြည်သားများအတွက် ရှင်းသန်လျက် ငရဲကျရသကဲ့သို့ ကြောက်မက်ဖွယ်ရာ အပြည့်ဖြစ်သော နှစ်တနှစ်ဖြစ်ခဲ့သည်။
ဒီမိုကရေစီတိုက်ပွဲသည် မြန်မာပြည်သူများအတွက် ခက်ခဲကြမ်းတမ်းခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ စစ်ဖိနပ်အောက်က ပေးသော ဒီမိုကရေစီကို ရရှိခဲ့သည်မှာ ၁၀ စုနှစ်တခုသာ ရှိသေးသည့်အချိန်တွင် စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူူးကြီး မင်းအောင်လှိုင်မှ တိုင်းပြည်အာဏာအား အတင်းအဓမ္မ တဖန်သိမ်းယူပြန်ခဲ့သည်။ သန်း ၅၀ ကျော်သော ပြည်သူများအတွက် ဖေဖော်ဝါရီလ ၁ ရက်နေ့သည် အမှောင်တိုက်အတွင်းသို့ ကျရောက်ခဲ့ရသောနေ့ဖြစ်ပြီး အကြောက်တရားကို ထမ်းပိုးထားခဲ့ရကာ သေလမ်းကို စင်္ကြန်လျှောက်နေခဲ့ရသည်။ နာမည်ဆိုးဖြင့်ကျော်ကြားသော မြန်မာစစ်တပ်သည် အာဏာသိမ်းယူလိုက်သည်နှင့် တပြိုင်နက် ပထမဦးဆုံးဆောင်ရွက်သည်မှာ တနိုင်ငံလုံးအတိုင်းအတာဖြင့် အင်တာနက်လိုင်း၊ ဆက်သွယ်ရေးလိုင်း၊ ရေဒီယိုလိုင်းနှင့် ရုပ်မြင်သံကြားရုပ်သံလိုင်းများ ဖြတ်တောက်ပစ်လိုက်ခြင်းဖြစ်သည်။ နိုင်ငံ့ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ထင်ရှားသော နိုင်ငံရေးသမားများနှင့် တက်ကြွလှုပ်ရှားသူများအား ဖမ်းဆီးထိန်းသိမ်းပြီးသသည်နှင့် တပြိုင်နက် အင်တာနက်လိုင်းများအား ဖြတ်တောက်ခဲ့သည်။