အင်တာနက်ဖြတ်တောက်ခြင်းဆိုင်ရာ သုတေသန လေ့လာချက်
အင်တာနက်သည် ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရေးတို့ကို မြှင့်တင်ရာတွင် ဆက်သွယ်မှု ကြားခံကိရိယာတစ်ခုအဖြစ် လွန်စွာမှ အရေးပါသည်။ နေ့စဉ်လူနေမှုဘဝတွင် အင်တာနက်သည် မရှိမဖြစ် ဖြစ်လာပြီ ဆက်သွယ်ရေး၊ သတင်းအချက်အလက်မျှဝေရေး၊ ပညာရေး၊ ကျန်းမာရေးမှစကာ နိုင်ငံသားတစ်ဦး၏ နိုင်ငံ့အရေးများတွင် ပါဝင်နိုင်လာသည်အထိ ပြောဆိုခြင်း၊ ရေးသားခြင်း၊ သတင်းအချက်အလက် ဖြန့်ဖြူးခြင်းစသည့် လုပ်ငန်းဆောင်တာများတွင် မရှိမဖြစ် ဖြစ်သည်။ ကမ္ဘာနှင့်အဝန်းတွင်လည်း အင်တာနက်ရရှိခြင်းသည် အခြေခံကျသော လူ့အခွင့်အရေး (ရပိုင်ခွင့်) တစ်ခုဖြစ်လာသည်။ သို့သော်လည်း အာဏာရှင်နိုင်ငံများနှင့် အာဏာရှင်ဆန်သော နိုင်ငံ့ခေါင်းဆောင်များသည် လူထု၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်ရန်၊ ဖိနှိပ်ရန် အင်တာနက်ကို လက်နက်သဖွယ် အသုံးချလာကြသည်။
မြန်မာနိုင်ငံကဲ့သို့ အာဏာရှင်အဆက်ဆက် အုပ်ချုပ်ခံခဲ့ရသောနိုင်ငံတွင် အင်တာနက်သည် လူထုကို ဖိနှိပ်ရန်၊ အာဏာရှင်တို့၏ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖုံးကွယ်ရန်အတွက် ဖြတ်တောက်ခံရလေ့ရှိသည်။မြန်မာနိုင်ငံတွင် အင်တာနက်ဖြတ်တောက်ခံရမှုကို ပြန်ကြည့်လျှင် အချိန်ကာလ ၃ ခုကို အဓိက တွေ့ရသည်။ ၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၈ ရက်နေ့ ရွှေဝါရောင် အရေးအခင်းကာလအတွင်း ဖြစ်ပွားခဲ့သော အင်တာနက်ဖြတ်တောက်ခြင်းသည် မြန်မာနိုင်ငံတွင် အစောဆုံးချိူးဖောက်ခံရခြင်းဖြစ်သည်။
ဇန်နဝါရီလ၊ ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း ဆိုရှယ်မီဒီယာ အသုံးပြုသူ ၂၉ သန်း ရှိခဲ့သော်လည်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ဆိုရှယ်မီဒီယာအသုံးပြုသူ ၉ သန်းဝန်းကျင်နီးပါး လျော့ကျခဲ့ပြီး နိုင်ငံအတွင်း ဆိုရှယ်မီဒီယာ အသုံးပြုသူ သန်း ၂၀ ကျော်မျှသာရှိကြောင်း သိရှိရသည်။