အာဏာသိမ်းစစ်ကောင်စီ၏ အင်တာနက် လွတ်လပ်မှုအပေါ် ချုပ်ခြယ်ကန့်သတ်မှုများ

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းခံခဲ့ရပြီး နောက်ပိုင်း မြန်မာပြည်သူများ၏ အခြေခံ လူ့ရပိုင်ခွင့်များ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခွင့်၊ သတင်းမီဒီယာလွတ်လပ်ခွင့် အပါအဝင် အင်တာနက်လွတ်လပ်ခွင့်တို့သည် ဆိုးရွားစွာ ဖိနှိပ်ခံနေရသည်။ Freedom House မှ ထုတ်ပြန်သော ၂၀၂၁ ခုနှစ်အတွင်း “Freedom on the Net” စာတမ်းအရ မြန်မာနိုင်ငံသည် အင်တာနက်လွတ်လပ်ခွင့်ကျဆင်းမှုတွင် အလှမ်းအကျယ်ဆုံးနှင့် အကျဆင်းဆုံးနိုင်ငံဖြစ်သည်။ အင်တာနက်လွတ်လပ်ခွင့်အား တိုင်းတာရာတွင် အချက်(၃)ချက်ဖြင့် ချိန်ထိုးကြည့်ကြသည်။ (၁)အင်တာနက်သုံးစွဲမှုအပေါ် တားဆီးပိတ်ပင်ခြင်း၊ (၂) အင်တာနက်အသုံးပြုသူများ၏ ရေးသားတင်ပြသည့် အကြောင်းအရာများအား ကန့်သတ်ထိန်းချုပ်ခြင်း၊ (၃) အသုံးပြုသူများ၏ အခွင့်အရေးချိုးဖောက်ခြင်း တို့ဖြစ်သည်။ Freedom House နှင့် Free Expression Myanmarမှ ထုတ်ဝေသော ၂၀၂၁ ခုနှစ် “Freedom on the Net” စာတမ်းအရ မြန်မာနိုင်ငံ၏ အင်တာနက်လွတ်လပ်ခွင့်သည် လွန်ခဲ့သည့် ၄ နှစ်အတွင်း ဆက်ဆိုက်ကျဆင်းလာသော ယခုနှစ် ၂၀၂၁ ခုနှစ်တွင် ပေးမှတ် ၁၀၀ ၌ ၁၇ မှတ်သာ ရရှိခဲ့သည်။

(၁) အင်တာနက်သုံးစွဲနိုင်မှုအပေါ် တားဆီးပိတ်ပင်ခြင်း

ဖေဖော်ဝါရီလ ၁ ရက်နေ့သည် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အပေါ် အခြေခံပြီး တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေးအား ကျင်းပရမည့်အချိန် ဖြစ်သည်။ သို့သော် ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်ခင်း အာဏာမသိမ်းခင် နာရီပိုင်းအလို သန့်ခေါင်ယံကျော်အချိန်မှာပင် စစ်တပ်အရာရှိများက အင်တာနက်စင်တာ (Centers of internet providers) များကို ဝင်ရောက်စီးနင်းကာ နိုင်ငံနှင့် အဝန်း အင်တာနက်လိုင်းများ အားလုံးဖြတ်တောက်ရန် သေနတ်ထောက် စေခိုင်းခဲ့သည်။ ၁ ရက်နေ့ မနက်ခင်းတွင်ပင် နိုင်ငံအဝန်း စစပ်တပ်ပိုင် မြဝတီတီဗီလိုင်းမှလွဲ၍ အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများ ပြန်ဖွင့်ပေးခဲ့သော်လည်း ဖေဖော်ဝါရီလ ၆ ရက်နေ့မှ ၇ ရက်နေ့အတွင်း နိုင်ငံတစ်ဝန်းလုံး၌ နာရီပေါင်း ၃၀ ဝန်းကျင် ဒုတိယအကြိမ် ထမ်မံ ဖြတ်တောက်ခဲ့သည်။ စစ်တပ်၏ ရခိုင်ပြည်နယ်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများအား ဖုံးကွယ်ရန် ၂ နှစ်နီးပါး အင်တာနက် ဖြတ်တောက်ထားခဲ့သော ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့အား ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် 4G အင်တာနက် ပြန်ဖွင့်ပေးခဲ့သည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှစတင်ကာ အင်တာနက်လိုင်းများ ကြိုးမဲ့ပိုင်ဖိုင် (Wireless Wi-Fi) နှင့် ဖိုင်ဘာအင်တာနက်(fiber internet) များကို ည ၁ နာရီမှ မနက် ၉ နာရီ ဖြတ်တောက်ထားခဲ့ခြင်းသည် မတ်လ ၁၅ ရက်နေ့ မနက် ၁ နာရီထိ ဖြစ်ပြီး မတ်လ ၁၅ ရက်နေ့မှ စတင်ကာ ၂၄ နာရီ တစ်နိုင်ငံလုံး မိုဘိုင်းအင်တာနက် (Mobile Internet) များ ဖြတ်တောက်ပစ်ခဲ့သည်။ ထိုအင်တာနက် ဖြတ်တောက်မှုသည် ၁ လ ခွဲကျော်ရှည်ကြာပြီး ဧပြီလ ၂၈ ရက်နေ့ထိဖြစ်သည်။ စစ်ကောင်စီသည် အင်တာနက်လိုင်း ဖြတ်တောက်ခြင်းဖြင့် အာရှင်တော်လှန်သော လူထုလှုပ်ရှားမှုများ လျော့ကျသွားရန် ရည်ရွယ်သောကြောင့်ဖြစ်သည်။

မတ်လ ၃၀ ရက်နေ့တွင် ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ပဲခူးမြို့နယ် ၎င်းနယ်နမိတ်အတွင်း ဖိုင်ဘာကေဘယ် (fiber cable)ကြိုး သွယ်တန်း၍ အင်တာနက်၊ ဝိုင်ဖိုင် ဝန်ဆောင်မှုများရယူနေသော နေအိမ်များ၏ စာရင်းအား ရက်ကွက်အမည်၊ လမ်းအမည်နှင့် သုံးစွဲသူအမည်များကို ဆက်သွယ်ရေး ကုမ္ပဏီများထံမှ အချက်အလက်တောင်းခံခဲ့သည်။ မေလတွင် အင်တာနက်ဝန်ဆောင်မှုများကို ပြန်လည်ဖွင့်ပေးခဲ့သော်လည်း Facebook အပါအဝင် ဝက်ဘ်ဆိုက်ဒ်အတော်များများအား ဆက်လက် ပိတ်ထားသော သုံးစွဲသူများ Virtual Private Network ခေါ် (VPN) ခံ၍ သုံးနေရဆဲဖြစ်သည်။

ဆက်ဖတ်ရန်…