ကောက်နှူတ်ချက်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစကာ အာဏာသိမ်းစစ်တပ်မှ နိုင်ငံရေး၊ စစ်ရေးရည်ရွယ်ချက်အရ ပြည်သူလူထုကြား ဆက်သွယ်ရေးကဏ္ဍကို ဖြတ်တောက်ရန် အင်တာနက်လိုင်းများကို ရက်တို၊ ရက်ရှည် ဖြတ်တောက်ပြီး အင်တာနက်မြန်နှုန်းများ လျော့ချခြင်းနှင့် အင်တာနက် စျေးနှုန်းများ မြင့်တက်ခြင်း နည်းလမ်းများဖြင့် အင်တာနက်ရရှိမှုကို နှောင့်ယှက်ခဲ့သည်။ ၂၀၂၁ ခုနှစ် သြဂုတ်လမှစကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့အား ဦးတည်၍ အင်တာနက်လိုင်းဖြတ်တောက်ခဲ့ပြီး ၂၀၂၂ ခုနှစ်လယ်ပိုင်းမှစကာ ထိုဒေသများတွင် ဖုန်းလိုင်းများပါ ဖြတ်တောက်မှု ပြုလုပ်လာသည်။
ထိုသို့ ဖြတ်တောက်မှုတွင် စစ်ရေးရည်ရွယ်ချက်ဖြင့် တိုက်ပွဲဖြစ်ပွားရာ နေရာဒေသများအား ဦးတည်၍ ဖြတ်တောက်သကဲ့သို့ မြို့နယ်များတွင် စစ်တပ်မှ သွားလာမှုအကန့်အသတ်ပြုလုပ်သဖြင့် ကုန်စည်စီးဆင်းမှုနှောင့်နှေးကာ စျေးနှုန်းမြင့်တက်ခြင်းများ ဖြစ်ပေါ်ခြင်း၊ အခြေခံ စက်သုံးဆီပြတ်လပ်ခြင်းများ ဖြစ်ပွားရာခြင်း၏ နောက်ဆက်တွဲကြောင့် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်ရသည်။ ၂၀၂၂ ခုနှစ် အကုန်ထိ အကြမ်းဖက်စစ်တပ်မှ မြန်မာနိုင်ငံအတွင်း ပြည်နယ်နှင့်တိုင်းဒေသကြိး (၆) ခုတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများအား ဖြတ်တောက်ထားသည်။
ထိုသို့ ဆက်သွယ်ရေးကဏ္ဍများအား ဖြတ်တောက်ထားမှုများကြောင့် ပြည်သူများကြား သတင်းအချက်အလက်စီးဆင်းမှု မရှိတော့ဘဲ အချိန်နှင့် တပြေးညီ မှန်ကန်သည့် သတင်းအချက်အလက် ရရှိမှုနှင့် သတင်းဖြန့်ဝေနိုင်မှုများ ဆုံးရှုံးနေပြီး သတင်းတု၊ အန္တရာယ်လည်း ကျရောက်နေသည်။ ထို့ပြင် အင်တာနက်ဖြတ်တောက်ခြင်းသည် ပြည်သူများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားသော နေ့စဉ်လူမှုဘဝများတွင်ပါ ထိခိုက်နစ်နာနေပြီး အလုပ်အကိုင်များ ရှားပါးလာခြင်း၊ ကုန်စျေနှုန်းမြင့်တက်ခြင်း၊ ပညာသင်ယူခွင့်ဆုံးရှုံးခြင်းနှင့် လူထုကျန်းမာရေး လက်လှမ်းမမှီခြင်းများ တွေ့ကြုံနေကြရသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင်း ဆက်သွယ်ရေးကဏ္ဍများအား ဖြတ်တောက်ခံထားရခြင်းသည် အာဆီယံရပ်ဝန်း၏ ဒေသတွင်း ဆက်သွယ်ရေးကဏ္ဍကိုလည်း ဟန်ချက်ပျက်စေကာ ဒေသတွင်း အချိန်နှင့်တပြေးညီ အချက်အလက်စီးဆင်းမှုများကိုပါ ထိခိုမှုရှိနေသည်။
ကူးသန်းသွားလာရေး ကန့်သတ်မှူများ၏နောက်ဆက်တွဲ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်ခြင်း
အကြမ်းဖက်စစ်တပ်မှ ဒေသအချို့တွင် သွားလာရေးများနှင့် ကုန်းလမ်းရေလမ်းများအား အကန့်အသတ်များ ပြုလုပ်ထားခြင်းကြောင့် အခြေခံစားသောက်ကုန်များအပါအဝင် စက်သုံးဆီများ ပြတ်လပ်မှုဖြစ်ကာ တာဝါတိုင်များမလည်ပတ်နိုင်သဖြင့် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ပြတ်တောက်ခြင်းကြုံကြရသည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် စက်သုံးဆီများ ပြတ်ခြင်းကြောင့် မြိုနယ်တချို့၌ တာဝါတိုင်တချို့လည်ပတ်မှု မရှိတော့သဖြင့် ဖုန်းလိုင်းပြတ်တောက်မှုဖြစ်ခဲ့သည်။ ချင်းပြည်နယ်၊ မတူပီမြို့တွင်လည်း စစ်တပ်မှ မြို့အဝင် အထွက်များ ပိတ်ထားသဖြင့် မတူပီမြို့အတွင်း ကုန်ကားများ မဝင်ရောက်နိုင်ကာ စက်သုံးဆီပြတ်လပ်မှု ဖြစ်ပေါ်ပြီး MPT တာဝါတိုင်များ မလည်ပတ်နိုင်ဖြစ်၍ ဖုန်းလိုင်းများ ပြတ်တောက်သွားခဲ့သည်။